
ရန်ကုန် – ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲကို ရန်ကုန်ုတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ဇွန်လ ၂၃ ရက်နေ့က ဖွဲ့စည်းပြီး ပထမအကြိမ်အစည်းအဝေးကိုပါ တစ်ပါတည်းကျင်းပခဲ့သည်။
တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (နေပြည်တော်) ၏ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်ရုံး ရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ တာဝန်ပေးချက်အရ အဆိုပါ အဖွဲ့အစည်းကို ဖွဲ့စည်းခြင်းဖြစ်သည်။ ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း အလားတူ အဖွဲ့ခွဲများ ဆက်လက်တိုးချဲ့ ဖွဲ့စည်းမည်ဖြစ်သည်ဟု သိရသည်။
တရားဥပဒေစိုးမိုးရေးမှုနှင့် တရားမျှတမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ဖွဲ့စည်း လုပ်ကိုင်ရခြင်းဖြစ်ကြောင်း အဖွဲ့၏ ဥက္ကဋ္ဌ နိုတြီပဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးစိန်လှက ပြောသည်။
အဆိုပါအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားသည် ဟုသိရသည်။
“ပြည်သူတွေအနေနဲ့ ဥပဒေအခက်အခဲ ဖြစ်လာရင် တိုင်ကြားနိုင်တယ်။ ကျွန်တော်တို့က စိစစ်မယ်၊ စိစစ်ပြီးတော့ ဗဟိုကို တင်ပြမယ်၊ ဗဟိုက အရေးယူမယ်” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရန်ကုန်ရှေ့နေ အသင်းဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
နိုင်ငံတစ်ခုတည်ထောင်သည့် အပြောင်းအလဲကာလတွင် တရားဥပဒေစိုးမိုးမှုက အလွန်ပင်အရေးပါကြောင်း အဆိုပါအဖွဲ့၏ အဖွဲ့ဝင် နိုတြီပဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောသည်။
“ပြည်သူလူထုနဲ့ အစိုးရကြား အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ ဒီလို တရားဥပဒေစိုးမိုးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမယ်ဆိုရင် ဒီအဖွဲ့အစည်းက အင်မတန် လိုအပ်တယ်” ဟု မြန်မာမီဒီယာရှေ့နေများကွန်ရက်၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးအောင်စိုးဦးက ဆက်ပြောသည်။
အဖွဲ့အစည်းအနေနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် ၁၅ ခုသတ်မှတ်ထားပြီး အဆိုပါ လုပ်ဆောင်ချက်များထဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ရေးလည်း ပါဝင်သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ တာဝန်ခံအဖြစ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့(နေပြည်တော်)မှ အဖွဲ့ဝင်ဖြစ်သူ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာ ခင်ခင်ချစ်က ကြီးကြပ်ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါအဖွဲ့ခွဲများကို ရန်ကုန်တိုင်းအပြင် ကချင်ပြည်နယ်တွင်လည်း ဖွဲ့စည်းနေပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ဖွဲ့စည်းသွားမည်ဟု ဒေါက်တာခင်ခင်ချစ်က ပြောသည်။