
ရန်ကုန် – မူးယစ်ဆေးတိုက်ဖျက်ရေးအကြောင်း သတင်းယူသော စာနယ်ဇင်းသမား ၃ ဦး ရှမ်းပြည်နယ်တွင် ဖမ်းဆီးခံရပြီး ၂ ရက်အကြာတွင် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး နိုင်ငံရေးသမားတို့ကို ဆက်သွယ်မေးမြန်းရာ မတူညီသော အမြင်များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ဇွန် ၂၆ ရက်နေ့တွင် DVB သတင်းဌာနမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနမှ လဝီဝမ် (ခေါ်) ဦးသိန်းဇော်တို့ကို တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ဆက်သွယ်သဖြင့် နမ့်ဆန်မြို့နယ်တွင် ထိန်းသိမ်းလိုက်သည်ဟု တပ်မတော်က ကြေညာထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ထိုဒေသသို့ သွားရောက်မည့် သတင်းထောက်များ အနေဖြင့် တပ်မတော်နှင့် ဦးစွာ ညှိနှိုင်းပါက အန္တရာယ်ဖြစ်မည်မဟုတ်ဟု ပြောသည်။
“လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သတင်းသွားယူမယ် ဆိုရင် သက်ဆိုင်ရာ တပ်မတော်တို့ ဘာတို့ကို ကြိုတင် သတင်းပေး ညှိနှိုင်းပြီး သွားရမယ်ဆိုတဲ့ သူ့ရဲ့အခြေခံကို လိုက်နာရမယ့် စည်းကမ်းလေးတွေ ရှိတယ်လေ။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားရင် ဒီကိစ္စတွေက ဖြစ်ပေါ်လာမှာ မဟုတ်ဘူးပေါ့ဗျာ။ မီဒီယာသမားတွေ ဒီလိုမျိုး အဖမ်းခံရတယ် ဆိုတာတော့ ကျွန်တော်တို့က စိတ်မကောင်းဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။
မန္တလေး၊ မဟာအောင်မြေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွန်းက သတင်းထောက်များ အရေးယူခံရသည့် အကြောင်းရင်းကို မသိရှိပါဟု ဆိုသည်။
“ကျွန်တော် သေချာ မသိသေးတဲ့အတွက် ပြန်ပြောဖို့ အခက်အခဲလေး ရှိပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုအမတ် ဦးသောင်းထွန်းက ဇွန် ၂၈ ရက်နေ့တွင် ပြောသည်။
၂၄ နာရီထက် ပိုမိုချုပ်နှောင်ခြင်း
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဖမ်းဆီးထိန်းသိမ်းမှုမှာ ဥပဒေနှင့်အညီ ဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“ကျွန်တော် အဓိကပြောချင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မငြိဖို့ပဲ လိုတာပေါ့။ လူတစ်ယောက်ကို ၂၄ နာရီထက် ပိုပြီးတော့ ချုပ်နှောင်ခွင့် မရှိဘူး။ အဲဒီအခွင့်အရေး ဘယ်သူ့မှာမှ မရှိဘူး” ဟု ဘလော်ဂါ နေဘုန်းလတ်ဟု ထင်ရှားသော နိုင်ငံရေးအကျဉ်းသားဟောင်း၊ NLD အမတ် ဦးနေမျိုးကျော်က ဇွန် ၂၈ ရက်နေ့ နေ့ခင်းပိုင်းတွင် ပြောသည်။
တစ်ချိန်တည်းတွင် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေး ဆိုင်ရာ ကော်မတီဝင် ဒေါ်သန္တာကို ဆက်သွယ် မေးမြန်းရာ သတင်းထောက်များ ထိုနယ်မြေသို့ သွားခြင်းမှာ သတင်းဌာန၏ ခိုင်းစေချက်ကြောင့်လော၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုကြောင့်လော ဆိုသည်ကို တရားရုံးတွင် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် သတင်းထောက်များကို ဥပဒေ၏ အကာအကွယ် အမြန်ဆုံးပေးရန်လိုအပ်ကြောင်း သူက မှတ်ချက်ပေးသည်။
သတင်းထောက်များကို ဖမ်းဆီးတရားစွဲဆိုရန်မှာ တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိဘဲ တရားစွဲ အဖွဲ့အစည်းဖြစ်သည့် ရဲစခန်း၏ တာဝန်သာဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြသည်။
“နိုင်ငံသားများရဲ့ မူလအခွင့်အရေးအရဆိုရင် အကြောင်းပြချက်မရှိဘဲနဲ့ ၂၄ နာရီထက် ကျော်လွန်ပြီး ဖမ်းဆီးနိုင်ခွင့် မရှိပါဘူး။ ဖမ်းဆီးချိန်မှာလည်း သူ့မိသားစု ဒါမှမဟုတ်ရင် ဥပဒေအကြံပေးသော်လည်းကောင်း ပေးတွေ့ရမှာ ဖြစ်ပါတယ်။ ဒါက ဥပဒေလမ်းကြောင်းအရ လွဲချော်နေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း၊ NLD အမတ် ဒေါ်သန္တာက ပြောသည်။
သတင်းထောက်သုံးဦး ဖမ်းဆီးခံရမှုကို များစွာ စိုးရိမ်ပူပန်လျက်ရှိပြီး ကော်မတီအတွင်း ဆွေးနွေးသွားမည်ဖြစ်သော်လည်း လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးရန်မှာမူ အချက်အလက် မပြည့်စုံသေး၍ အခက်အခဲ ရှိနေသည်ဟု သူက ဆက်ပြောသည်။
ဒေါ်သန္တာ၏ အမျိုးသားဖြစ်သူ အလွတ်တန်းသတင်းထောက် ကိုပါကြီးသည် ၂၀၁၄ ခုနှစ်က တပ်မတော် ဖမ်းဆီးထိန်းသိမ်းမှုကို ခံရပြီး တပ်စခန်းတစ်ခုတွင် သေဆုံးသွားသည်။
ဇွန် ၂၈ ရက်နေ့မွန်းလွဲပိုင်းတွင် တပ်မတော်က သတင်းထောက်များကို ရဲတပ်ဖွဲ့သို့ လွဲှပြောင်းလိုက်ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းကို ကိုးကားပြီး ထိုနေ့ ညနေပိုင်း DVB သတင်းဌာန အွန်လိုင်းသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူရန် တရားရုံးတွင် ချုပ်မိန့်တောင်းပြီး သီပေါမြို့ အကျဉ်းထောင်သို့ ပို့လိုက်ပြီဟု ရဲမှူးက ဆိုသည်။