
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ဆက်သွယ်သတင်းပေးသည်ဟု ယူဆရသော မိုးကုတ်မြို့ မန်းနားရွာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူးက ပြောသည်။
ဖြူရောင်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ဒေါ်သန်းသန်းမျိုးသည် မန်းနားကျေးရွာ အမှတ် (၁) မူလတန်းကျောင်းတွင် တာဝန်ကျနေသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း TNLA အရာရှိတစ်ဦးကို ဆက်သွယ်သတင်းပေးခဲ့သည့် အထောက်အထားများ ၎င်း၏လက်ကိုင်ဖုန်းမှတ်တမ်းများတွင် တွေ့ရှိရသည်ဟု ရဲမှူးကြီးမောင်မောင်အေးက ပြောသည်။
“သူက ဒုတပ်မမှူးနဲ့ ရည်းစားဖြစ်သွားတာ၊ နောက်ပိုင်းကျတော့ တပ်နဲ့ပတ်သက်ပြီး ဟိုဘက်က မေးတဲ့အခါကျတော့ သူက ဖြေရင်းနဲ့ အဲလိုဖြစ်သွားတာ။ လက်နက်ကိုင်နဲ့ ဆက်သွယ်တဲ့သူကတော့ အများကြီးပဲ။ ပါဝင်ပတ်သက်မှုပေါ် မူတည်ပြီးတော့ အရေးယူဆောင်ရွက်တာ” ဟု ရဲမှူးကြီးမောင်မောင်အေးက ပြောသည်။
ဒေါ်သန်းသန်းမျိုးတာဝန်ကျရာ မန်းနားကျေးရွာသို့ တပ်မတော်မှ ဗိုလ်မှူးတစ်ဦး ဦးဆောင်သည့်အဖွဲ့က ၂၀၂၀ ဒီဇင်ဘာ ၂၇ တွင် လာရောက်ဖမ်းဆီးခဲ့ပြီး ယမန်နေ့ (ဇန်နဝါရီ ၁၁) တွင် မိုးကုတ်မြို့နယ်တရားရုံးတွင် ချုပ်ရမန် ယူခဲ့ကြောင်း၊ ရုံးချိန်းတွင် လုံခြုံရေးတင်းကျပ်သည့်အတွက် ၎င်းနှင့်တွေ့ခွင့်မရခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“သူက နိုင်ငံ့ဝန်ထမ်း ဆရာမတစ်ယောက် ဖြစ်တယ်။ သူ အချိန်တွေ အများကြီးရင်းခဲ့ရတာပါ။ အခု ကျောင်းအုပ်တစ်ယောက်ဖြစ်လာဖို့ ဘယ်လောက်အထိ ရင်းနှီးခဲ့ရလဲ။ အခု နိုင်ငံတော်ကို ဘယ်လောက်အကျိုးပြုနေပြီလဲ။ ဒါတွေကို ပြန်ပြီးငဲ့ကွက်စေချင်ပါတယ်” ဟု ဖမ်းဆီးခံရသူ ဆရာမ၏ မိသားစုဝင် မိုင်းဂေါင်းဇားက ပြောသည်။
ဒေါ်သန်းသန်းမျိုးသည် TNLA အဖွဲ့နှင့် ဖုန်း၊ အင်တာနက်တို့မှတဆင့် အပြန်အလှန်ဆက်သွယ်၍ အစားအသောက် အသုံးအဆောင်များ ထောက်ပံ့ခြင်း၊ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုနှင့် တပ်စခန်းချ ရပ်နားမှုအခြေအနေများ သတင်းပေးခြင်းတို့ကို စစ်ဆေးတွေ့ရှိရသည့်အတွက် အရေးယူထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ Facebook လူမှုကွန်ရက်စာမျက်နှာ ရဲဇာနည်တွင် ထုတ်ပြန်ကြေညာထားသည်။
TNLA နှင့် ဆက်သွယ်သတင်းပေးသည့်အတွက် အရေးယူထားသူ အများအပြားရှိနေပြီး လက်ရှိတွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ထားသူ ၃ ဦးခန့် ရှိကြောင်း ရဲမှူးကြီးမောင်မောင်အေးက ပြောသည်။ ဒေသခံများအဆိုအရမူ မိုးကုတ်မြို့တွင် TNLA ကို ဆက်သွယ်သတင်းပေးမှုနှင့် ပြန်ပေးဆွဲမှုတို့တွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားသူ ၁၀ ဦးထက်မနည်း ရှိသည်ဟု သိရသည်။