ရေနွေးပူနဲ့လောင်း၊ မီးပူနဲ့ အကပ်ခံရပြီး အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က အိမ်အကူမိန်းကလေးငယ်အမှုမှာ ကျူးလွန်တဲ့အိမ်ရှင်တွေကို တရားရုံးက ပုဒ်မပြောင်းတပ်ပြီး အာမခံပေးလိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က အိမ်တစ်အိမ်မှာ အလုပ်လုပ်တဲ့ အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေအမှုမှာ ရဲတပ်ဖွဲ့က အပြင်းအထန်နာကျင်စေမှု (ပုဒ်မ ၃၂၆) နဲ့ မူလက အမှုဖွင့်ထားပေမယ့် မြို့နယ်တရားရုံးမှာ တရားစတင်စွဲဆိုတဲ့အခါ ဆေးမှတ်တမ်းတွေအရ အာမခံပေးလို့ရတဲ့ လက်နက်နဲ့ နာကျင်စေမှု (ပုဒ်မ ၃၂၄) ကို ပြောင်းလဲ အာမခံပေးလိုက်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေက ပြောပါတယ်။
“ဆေးစာအရပါ။ ကျနော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အာမခံပေးလိုက်ရတာပါ။ ဆေးစာကြောင့် အရင်ကတပ်ထားတဲ့ပုဒ်မ ကို ပြောင်းလိုက်ရတယ်။ ပြောင်းလိုက်ရတဲ့ပုဒ်မကလည်း အာမခံပေးလို့ရတယ်ဆိုတဲ့အတွက် အာမခံပေးလိုက်ရတာပါ” လို့ ၎င်းက ဆိုပါတယ်။
အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဇွန်လ ၂၉ ရက်နေ့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က ယုဇနဥယျာဉ်မြို့တော် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရဲတပ်ဖွဲ့က တရားလိုအဖြစ် တိုင်ကြားထားသူနဲ့ သက်သေတွေကို လာရောက်စစ်ဆေးပြီး ဇူလိုင်လ ၃ ရက် နေ့မှာ တရားစွဲမယ်လို့ ပြောဆိုခဲ့ကြောင်း တရားလိုအဖြစ်တိုင်ကြားထားသူ ဦးမျိုးတင့်နိုင်က ပြောပါတယ်။
ဒါပေမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ပုဒ်မပြောင်းလဲလိုက်ပြီး တရားစွဲတာတွေကို မိမိတို့မသိရှိလိုက်ရဘဲ နောက်တစ်နေ့မှ အာခံပေးလိုက်တာကို သိလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့က အမှုအခြေအနေကိုလည်း ဘာမှမသိရဘူး။ ဆေးမှတ်တမ်းတွေလည်း ဘာမှမသိရဘူး။ ရဲတွေက ဘယ်အကြောင်းအရာနဲ့ အာမခံပေးတာလဲကိုလည်း မသိရဘူး။ ကျနော်တို့ ဘာမှမသိလိုက်ရဘဲ အာမခံပေးတာကို မကျေနပ်တာ။ ရဲစခန်းမှာပဲ တစ်လလောက် ချုပ်ထားပြီး အခုပြန်လွှတ်ပေးလိုက်တာလေ” လို့ သူက ဆိုပါတယ်။
“ကျနော်တို့အရပ်သားတွေ တရားစွဲတာကို ထိထိရောက်ရောက် မဆောင်ရွက်ဘူးလို့ ယူဆတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး ထိထိရောက်ရောက်ဖြစ်အောင် ဆက်လုပ်နေတယ်”
ဆေးစာအနေနဲ့ ဒဏ်ရာအခြေအနေကိုပဲ ရေးသားပေးလိုက်ရတာဖြစ်ပေမယ့် မခိုင်နှင်းဝေဟာ မျက်နှာမှာပါ ဒဏ်ရာရရှိနေတာကြောင့် တစ်လကျော်အထိ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားဖြစ်ကြောင်း၊ ယနေ့အချိန်အထိ အပြီးသတ်ဆေးမှတ်ချက်ကို မပေးရသေးကြောင်း မခိုင်နှင်းဝေကို တာဝန်ယူကုသပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံက ဆေးရုံအုပ် ကြီး ဒေါက်တာဒေါ်သန်းလှက ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ပုဒ်မအပြောင်းအလဲတွေ၊ အာမခံပေးတာတွေကိုတော့ မိမိအနေနဲ့ ဘာမှမပြောနိုင်ပေမယ့် မိမိတို့ဆေးမှတ်တမ်းဘက်ကတော့ တွေ့ရှိခဲ့တဲ့ ဒဏ်ရာအနေအထား အားလုံးကို ရေးသားတင်ပြထားပြီးဖြစ်တယ်လို့ သူက ဆက်ပြော တယ်။
“အပြီးသတ်မှတ်ချက်ကို ဇူလိုင် ၁၂ ရက်နေ့ကမှ ကျမတို့ဘုတ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဆုံးဖြတ်မှတ်ချက်ကျခဲ့တာ။ ဒါတောင် ရဲတပ်ဖွဲ့ဘက်ကို ဘာမှမပေးရသေးဘူး။ သူတို့ ပုဒ်မ ဘာလို့ပြောင်းတာလဲဆိုတာတော့ ကျမတို့နဲ့ မဆိုင်လို့ မသိပါဘူး” လို့ သူက ဆိုပါတယ်။
ထိုကိစ္စနဲ့ပတ်သက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က ရဲတပ်ဖွဲ့ဆီကို ဆက်သွယ်မေးမြန်းရာမှာတော့ ပုဒ်မအပြောင်းအလဲက ဥပဒေအကြံပေးရဲ့ အကြံပြုချက်နဲ့ မြို့နယ်တရားရုံးက ပြောင်းလဲလိုက်တာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ပုဒ်မကလည်း အာမခံပေးလို့ရတဲ့အတွက် အာမခံပေးလိုက်ရတာဖြစ်တယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းမှူး ဦးသိန်းစိုးက ဆို ပါတယ်။
“အခုက ရဲအရေးပိုင်တဲ့အမှုနဲ့ သွားနေတုန်းပါ။ ကျမတို့ဘက်က အသက်မပြည့်သေးတဲ့ကလေးဖြစ်တဲ့အတွက် ကလေးသူငယ်ဥပဒေနဲ့ ကိုင်တွယ်ရမှာဆိုတော့ တရားရုံးနဲ့ ညှိနှိုင်းနေဆဲ အဆင့်မှာပဲရှိပါသေးတယ်။ တရားစွဲဖြစ်မယ်၊ မစွဲဖြစ်ဘူးဆိုတာ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲအဆင့်မှာပဲ ရှိသေးတယ်။ ဘာမှ အတပ်မပြောနိုင်သေးပါဘူး” လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းနွယ်က Myanmar Now ကို ပြောပါတယ်။
မခိုင်နှင်းဝေဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ ရပ်ကွက်၊ အေ ( ၆ ) လမ်း၊ တိုက် ( ၁၁ )၊ အခန်း( ၄၀၂ ) က အိမ်ရှင် ဦးထွန်းထွန်းနဲ့ ဇနီး ဒေါ်မြတ်နိုးသူတို့အိမ်ကို ယခုနှစ် မေလဆန်းကမှ ဧရာဝတီတိုင်းကနေ အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့တာလို့ သိရပါတယ်။
ရင်ဘတ်၊ ကျောကုန်း၊ ဝဲ/ယာလက်မောင်း၊ ဝဲ/ယာပေါင်တို့မှာ မီးအပူလောင်ဒဏ်ရာ၊ ဦးခေါင်းနဲ့ ခြေထောက်နှစ်ဖက်လုံးမှာ ဖူးရောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ပြီး ဒီဒဏ်ရာတွေက အိပ်ရှင်ဖြစ်သူတွေက မီးပူနဲ့ကပ်၊ ရေနွေးပူနဲ့လောင်း၊ တုတ်နဲ့ရိုက်တာကနေ ရတဲ့ဒဏ်ရာတွေဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီညှဉ်းပန်းနှိပ်စက်နေမှုကို အနီးအနားပတ်ဝန်းကျင်က လူတွေက တွေ့ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ နဲ့ သွားရောက်စစ်ဆေးပြီး အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မခိုင်နှင်းဝေဟာ မိဘတွေ ကွယ်လွန်သွားပြီး ရန်ကုန်မှာ အိမ်အကူအလုပ် လာမလုပ်ခင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောဂရက်ကျေးရွာမှာ ညီမဖြစ်သူ၊ အဘိုးဖြစ်သူတွေနဲ့ အတူနေထိုင်နေရာကနေ အိမ်နီးချင်းတစ်ဦးကတစ်ဆင့် ယခုအိမ်ကို အိမ်အကူအဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။ မခိုင်နှင်းဝေကို ဆေးရုံကဆင်းပြီးနောက်ပိုင်း လူမှုဝန်ထမ်းဌာနက ခေါ်ယူ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။