
ရန်ကုန် – သြဂုတ် ၂၂ ညပိုင်း ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ယာဉ်တိုက်မှုမှ စတင်သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသူတို့က သက်ဆိုင်သည့် ကုမ္ပဏီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မျှော်လင့်နေကြသည်။
နေအိမ်တချို့ မီးလောင်ပျက်စီးရသည့် လေယာဉ်ဆီတင်ကားနှင့် ကွန်တိန်နာတင်ကားတိုက်မှု ဖြစ်စဉ်ကို သာမန်ယာဉ်တိုက်မှုကဲ့သို့သာ အရေးယူမည် ဆိုပါက လက်ခံမည်မဟုတ်ဟု ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဆိုသည်။
“သူတို့ရဲ့ မဆင်မခြင်မောင်းမှုကြောင့် စိတ်အေးချမ်းသာစွာနေနေတဲ့ မိသားစုတွေက စိတ်မချမ်းမသာဖြစ်ရပြီး ပစ္စည်းတွေလည်း ဆုံးရှုံးသွားတယ်။ အဲ့ဒီအတွက် ဘယ်လိုရှင်းပေးမှာလဲ။
သူတို့သာ တာဝန်ယူ၊ တာဝန်ခံမှုမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဘက်က တရားစွဲပိုင်ခွင့်ရှိမရှိ စုံစမ်းမယ်။ ရှိတယ်ဆိုရင် ကျွန်တော်တို့တွေ တရားစွဲသွားမယ်” ဟု နေအိမ်မီးလောင်ခံရသည့် အုပ်ချုပ်ရေးမှူးက ဆိုသည်။
မီးလောင်မှုမှာ ရပ်ကွက်အတွင်း ပေါ့ဆမှု၊ ဝါယာရှော့ဖြစ်မှုတို့ကြောင့်မဟုတ်ကြောင်း၊ ရပ်ကွက်အတွင်း ဆုံးရှုံးနစ်နာမှုအတွက် သက်ဆိုင်သည့်ကုမ္ပဏီတို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ကြောင်း အခင်းဖြစ်သည့်နေရာမှ လုပ်ငန်းရှင် ကိုသန့်စင်က ပြောသည်။
ခြံအမှတ် ၁၃ တွင် ကားပစ္စည်းဆိုင်ဖွင့်ထားသူ ကိုသန့်စင်က မီးလောင်မှုကြောင့် ၎င်း၏လုပ်ငန်း ကျပ်သိန်း ၄ဝဝ ဝန်းကျင်အထိ ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒဂုံမြို့သစ် (တောင်ပိုင်း) ကိုယ်စားလှယ် ဦးညီညီက ပြည်သူများ၏ ဘဝ အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေသည့် ယခုဖြစ်ရပ်ကို လေ့လာနေသည်ဟု ဆိုသည်။
ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ကုမ္ပဏီတို့က တာဝန်ယူခြင်း မရှိပါက ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်အတွင်း အရေးပေါ်ဆွေးနွေးခွင့်ရရန် ကြိုးပမ်းမည်ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
မီးလောင်မှုဖြစ်ပြီး နောက်တစ်နေ့ ညနေပိုင်း ထိုနေရာသို့ သွားရောက် လေ့လာသူများထဲတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်လည်း ပါဝင်သည်။
“ဒီနစ်နာမှုတွေအတွက် ကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုတာဝန်ယူမလဲဆိုတာ ကျွန်တော် အလေးအနက် စိတ်ဝင်စားတယ်။ တရားရုံးရဲ့ ကုစားမှုနဲ့တင် မလုံလောက်တော့ဘူး။
ဒီလိုမျိုးဟာက တစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုအပေါ် အများကြီး ထိခိုက်သွားတယ်။ ဘယ်သူ့အပေါ်မှာ တာဝန်ရှိသလဲကို သက်ဆိုင်တဲ့ ရဲတပ်ဖွဲ့နဲ့ တရားရုံးဘက်က ဆုံးဖြတ်ပါလိမ့်မယ်” ဟု လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။
“ကျွန်တော်တို့နိုင်ငံမှာက ဒီလိုဖြစ်ရပ်မျိုးတွေမှာ ယာဉ်တိုက်မှုဖြစ်စဉ်လောက်နဲ့ ပြီးသွားတာမျိုးထက် ဘယ်သူက တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့ ဥပဒေမျိုးက မရှိသေးတော့ ကျွန်တော်တို့ ဒါမျိုးအတွက် အများကြီး စဉ်းစားကြရတော့မယ်”
မီးလောင်သွားသည့် မော်တော်ယာဉ် သယ်ဆောင်ခဲ့သည်မှာ လေယာဉ်ဆီ ဖြစ်ကြောင်း ဆီဖြန့်ဖြူးသည့် National Energy Puma Aviation Services ကုမ္ပဏီက ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဆီတင်ယာဉ်ဘက်မှ မှားယွင်းမှုတစ်စုံတစ်ရာ မတွေ့ရသည့်အတွက် မီးသင့်အိမ်၊ လုပ်ငန်းများနှင့် ပတ်သက်ပြီး ကူညီပေးရန် အစီအစဉ်မရှိသေးကြောင်း ၎င်းကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ ဒေါ်နန်းညီက သြဂုတ် ၂၃ ညနေပိုင်းက Myanmar Now ကို ပြောသည်။
သြဂုတ် ၂၅၊ နေ့ခင်း ၂းဝဝ နာရီ ဖြည့်စွက်ချက်
အဆိုပါဖြစ်စဉ်အတွင်း မီးဘေးသင့်ခဲ့သူများကို အကူအညီပေးရန်အတွက် ကုမ္ပဏီက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို ချိတ်ဆက်ကာ မည်သို့ပြုလုပ်သင့်သည်ကို တိုင်ပင်ဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း ဒေါ်နန်းညီက Myanmar Now ကို သြဂုတ် ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
ပြင်ဆင်ဖတ်ရှုပါရန်
Myanmar Now သတင်းတွင် “လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ ဒေါ်နန်းညီ” ဟု ဖော်ပြခဲ့သည်။ “ကုမ္ပဏီ၏ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒေါ်နန်းညီ” ဟု ပြင်ဆင်ဖတ်ရှုပါရန်။