
(ဘလော့ ဆောင်းပါးတို)
သွားရေးလာရေး ခက်ခဲ၊ အချိန်ကုန်သည့် ရန်ကုန်အတွက် ကံကောင်းသည့်အချက်မှာ ရန်ကုန်မြစ်ကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။ ပို၍ကံကောင်းသည့် အချက်မှာ မြစ်အတွင်း ပို့ဆောင်ရေးလုပ်ငန်း တိုးချဲ့ခြင်းကို အစိုးရဌာနဆိုင်ရာတို့ လက်ထဲ မထည့်ဘဲ လုပ်ငန်းရှင်တို့၏လက်ထဲ ထည့်ခြင်းဖြစ်မည် ထင်ပါသည်။
Yangon Water Bus ဟု အမည်ပေးထားသော မြစ်တွင်းပြေးယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၇ ခုနှင့် နီးစပ်သည့် ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်း ပြေးဆွဲနိုင်ရန် အကောင်အထည်ဖော်လျက်ရှိသည်။
မော်တော်ကားများသည် မီးပွိုင့်၊ ရထားလမ်းဆုံတို့ကို ဖြတ်သန်းစဉ် စောင့်ဆိုင်းရတတ်ပြီး ပိတ်ဆို့နေသော ယာဉ်ကြောအတွင်း ရောက်သွားလျှင် တရွေ့ရွေ့သာ ခရီးနှင်နိုင်မည်ဖြစ်သည်။
မြစ်တွင်းပြေးယာဉ်တွင်မူ ထိုသို့ ယာဉ်ကျောပိတ်ဆို့မှု ရှိမည် မဟုတ်ပေ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်လည်း မြို့လယ်ရှိ Saen Saep တူးမြောင်း၊ Chao Phraya မြစ်တို့တွင် ပြေးဆွဲသည့် ရေယာဉ်တို့ကို အားကိုးသူမှာ နေ့စဉ် တစ်သိန်းဝန်းကျင် ရှိသည်။ ရန်ကုန်တွင် တွေ့ရတော့မည့် မြစ်တွင်းပို့ဆောင်ရေးကို အားကိုးသူမှာလည်း နေ့စဉ် ထောင်နှင့်ချီ ရှိလာမည် ဖြစ်သည်။ ရေယာဉ်များကို ရန်ကုန်တစ်ဖက်ကမ်း သန်လျင်၊ ဒလ၊ ကြည့်မြင်တိုင်မြို့နယ်များသို့ ပြေးဆွဲရန် အစီအစဉ်ရှိပါက Yangon Water Bus ၏ ဆိပ်ခံဗောတံတားများကို ကမ်းနှစ်ဖက်လုံးတွင် တွေ့ရမည် ဖြစ်သည်။
ကြိုတင်ပြင်ဆင်ထားရမည့် အချက်ထဲတွင် မတော်တဆဖြစ်မှုများအတွက် အသုံးဝင်မည့် အသက်ကယ်အင်္ကျီကဲ့သို့သော အသုံးအဆောင်များ၊ ရေယာဉ်ဝန်ထမ်း ရှေးဦးသူနာပြုသင်တန်းတို့ ပါဝင်သင့်သည်။
လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီက လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နေပြီဟု ယူဆရသည်။
ကျွန်ုပ်တို့၏ ဓာတ်ပုံသတင်းထောက် ပြည့်ပြည့် ရိုက်ကူးလာသော Yangon Water Bus ပန်းဆိုးတန်းဆိပ်ခံဗောတံတားအနီးဝန်းကျင် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။



ရန်ကုန်မြစ်၊ လှိုင်မြစ်နှင့် နီးစပ်သည့် မြို့နယ်များ
====================
ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊
သာကေတ၊
ပုဇွန်တောင်၊
ဗိုလ်တထောင်၊
ဆိပ်ကမ်း၊
ကျောက်တံတား၊
ပန်းဘဲတန်း၊
လသာ၊
လမ်းမတော်၊
ကြည့်မြင်တိုင်၊
ကမာရွတ်၊
လှိုင်၊
မရမ်းကုန်း၊
အင်းစိန်၊
လှိုင်သာယာ၊
ရွှေပြည်သာ၊
ထန်းတပင်