
ရန်ကုန် – ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော ရခိုင်ပြည်နယ်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်ဖွဲ့ (Arakan Rohingya Salvation Army – ARSA) အဖွဲ့ကို နောက်ကွယ်မှ ထောက်ပံ့ ကူညီနေသူများသည် မောင်တောနယ်ဖွား၊ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် နေထိုင်နေကြသူများ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲမှူးချုပ် အောင်ဝင်းထွန်းက သြဂုတ် ၂၉ ရက်နေ့တွင် ပြောသည်။
ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သံတမန်များနှင့် ရန်ကုန်တွင် တွေ့ဆုံ ရှင်းလင်းစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“ငွေကြေးထောက်ပံ့နေသူတွေက အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ နေထိုင်လျက်ရှိတဲ့ မောင်တောဒေသခံလူမျိုးတွေရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာကနေရရှိတဲ့ ငွေကြေးတွေကနေတစ်ဆင့် ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒေသမှာရှိနေတဲ့ မော်လဝီတွေကနေ ဦးဆောင်ပြီးတော့ ကျေးရွာတွေက ပြည်သူတွေကို မွတ်စလင်နယ်မြေအဖြစ် ထူထောင်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တာဖြစ်ပါတယ်”
၉ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အကြမ်းဖက်ဖြစ်စဉ်တွင် အုပ်ချုပ်ရေးပိုင်းမှ ၂ဝ ဦး၊ တိုင်းရင်းသား ၁ဝ ဦးနှင့် လူမျိုးခြား ၃၃ ဦးတို့ သေဆုံးခဲ့ကြသည်ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။
ပျောက်ဆုံးနေသူများမှာ အုပ်ချုပ်ရေးပိုင်းမှ ၃ ဦး၊ တိုင်းရင်းသား ၁ဝ ဦး၊ လူမျိုးခြား ၂၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
၂၅ ရက်မှ ၂၈ ရက်နေ့အတွင်း ရဲစခန်း၊ ရဲကင်းများနှင့် အုပ်ချုပ်ရေးဌာနများကို လူအုပ်ဖြင့် ဝိုင်းမှု ၆ ကြိမ်၊ စခန်းကို တိုက်ခိုက်မှု အကြိမ် ၆ဝ၊ ၊ နယ်မြေရှင်းလင်းနေစဉ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၁၄ ကြိမ်၊ လက်လုပ်မိုင်းတို့ဖြင့် မိုင်းခွဲခြင်း ၃၆ ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်သူများသည် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အမာခံသတင်းပေးများကို သတ်ဖြတ်၊ ခြိမ်းခြောက်ခြင်း၊ ဘူးသီးတောင်၊ မောင်တောနယ်မြေရှိ ကျေးရွာအားလုံးတွင် ဘင်္ဂါလီလူမျိုးများသာ နေထိုင်နိုင်ရေးအတွက် စီမံပြီး နယ်မြေတည်ဆောက်ခြင်း၊ အခွင့်သာသည့်အခါ လုံခြုံရေးကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ရဲမှူးချုပ်က ဆက်ပြောသည်။
ရှင်းလင်းပွဲတွင် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေလည်း ပါဝင်ရှင်းလင်းသည်။

“ဘူးသီးတောင်၊ မောင်တောတဝိုက်ကို အစ္စလာမ်နိုင်ငံအဖြစ် ဖန်တီးတည်ထောင်ဖို့ ရည်ရွယ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီဒေသတစ်ဝိုက်မှာ ရပ်ကွက်နဲ့ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ယွင်းအောင် ဆောင်ရွက်နေကြတာဖြစ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ ၎င်းတို့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ ဥပဒေတွေကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။
“တချို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGO, INGO) တွေက ပေးဝေခဲ့တဲ့ ပိုက်လုံးတွေ၊ အမိုးနီးယားတွေက ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့တွေကို အကြမ်းဖက်မှုမှာ အသုံးပြုလာတဲ့ ပစ္စည်းတွေအဖြစ် ပြန်အသုံးပြုနေတာကို တွေ့ရပါတယ်။ တချို့ အကြမ်းဖက်အဖွဲ့အစည်းထဲမှာလည်း NGO, INGO တွေထဲက လူတချို့ ပါဝင်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတင်းပေးတွေအရ သိရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောသည်။
ယခုဖြစ်စဉ်သည် ယခင်ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များနှင့် မတူကွဲပြားခြားနားပြီး အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ရခိုင်ပြည်နယ် အေးချမ်းသာယာဝပြောရေးအတွက် ကြိုးပမ်းအားထုတ်နေမှုများကို ထိခိုက်ပျက်ပြားစေရန် စနစ်တကျ စီစဉ်ဆောင်ရွက်မှု ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောကြားခဲ့သည်။