အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရုပ်အလောင်း ၄၅ ခု မောင်တောတွင် တွေ့ရှိ

ရန်ကုန် – ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် သေဆုံးသွားသူတို့၏ ရုပ်အလောင်းစုစုပေါင်း ၄၅ လောင်းကို တူးဖော် တွေ့ရှိရသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၅ ညနေပိုင်းတွင် ပြောသည်။

အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂၁ ဦး၏ ရုပ်အလောင်းတို့ဖြစ်ကြောင်း၊ ကလေးရုပ်အလောင်း ပါဝင်မှု ရှိမရှိ စိစစ်နေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ARSA အဖွဲ့ လက်ချက်ကြောင့် ၉၃ ဦး သေဆုံးသွားသည်ဟု သတင်းရပြီး ပထမနေ့တွင် ရုပ်အလောင်း ၂၈ ခု တူးဖော်နိုင်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ပြီးဖြစ်သည်။

“ARSA အကြမ်းဖက်သမားတွေက လုပ်တာလို့ ဘာ့ကြောင့်ပြောလို့ရလဲဆိုရင် ဒီဒေသမှာ ဒီတစ်ဖွဲ့တည်းပဲ အကြမ်းဖက်အဖွဲ့က ရှိတာလေ” ဟု ဦးတင်မောင်ဆွေက ဆိုသည်။

သတ်ဖြတ်ခံရသူတို့မှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း၊ တူးဖော်ရရှိထားသည့် ရုပ်အလောင်းများကို သက်ဆိုင်သည့် မိသားစုဝင်တို့ကို ပြသအတည်ပြုပြီး မိသားစုများက ၎င်းတို့၏ ရိုးရာ ထုံးစံအတိုင်း သင်္ဂြိုဟ်သွားမည်ဟု သူက ဆက်ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရောက်နေသည့် ရဲဘော်ကျကျေးရွာနေသူတစ်ဦးက စစ်တွေမြို့တွင် ရောက်ရှိနေသည့် မောင်တောလေးမိုင်မှ ဦးနီမောလ်ကို ဖုန်းဆက်သဖြင့် စတင် သတင်းရကြောင်း၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး တူးဖော် ရရှိကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်အဖွဲ့၏သတ်ဖြတ်မှုသတင်းနှင့် ပတ်သက်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ အမျိုးသမီး ၂ ဦးနှင့် အဆက်အသွယ် ရခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ၂၅ နှစ်အရွယ် မရီးချ်နားက ARSA အကြမ်းဖက်အဖွဲ့ သတ်ဖြတ်ခြင်း ရှိမရှိကို အတတ် မပြောနိုင်ကြောင်း၊ ဒုက္ခသည်စခန်းမှ အမျိုးသားများကို လာရောက် ခေါ်ဆောင်သွားပြီး ရိုက်နှက်ကြသည်ကိုမူ တွေ့ကြုံကြရကြောင်း ရှင်းပြသည်။

“ကျွန်မက ခမောင်းဆိပ်မှာ နေခဲ့တာ။ သတ်နေကြပြီဆိုတာနဲ့ ကြောက်လန့်တကြားနဲ့ ထွက်လာတာ။ ကျွန်မ ဆွေမျိုးတွေလည်း အသက်ခံရတဲ့သူတွေထဲမှာ ပါသွားတယ် ဆိုတာ။ ဒီမှာ အစိုးရက ကူညီပေမယ့် (ARSA အဖွဲ့ဝင်များဟု ယူဆရသူတို့က) ရန်လာလာရှာတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့ကို ရောက်ရှိနေသော ခမောင်းဆိပ်ကျေးရွာမှ မလှလှဝင်းက ရွာအနီး သတ်ဖြတ်နေသည့်သတင်းများ၊ သေနတ်သံများ ကြားရသည်ဟု ဆိုသည်။

“လူသတ်နေကြတာကို ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့ရတာတော့ မဟုတ်ဘူး။ ရွာအနီးမှာ သတ်ဖြတ်နေတာကို ကြားရလို့ ထွက်ပြေးလာတာ” ဟု မလှလှဝင်းက ပြောသည်။

(အမှားပြင်ဆင်ချက်။ ။ မူရင်းသတင်းတွင် စက်တင်ဘာ ၂၅ ရက်တွင် ထပ်မံတွေ.ရှိရသည့် ရုပ်အလောင်းမှာ ၄၅ ခုဟု မှားယွင်းဖော်ပြခဲ့ပါသည်။ အမှန်မှာ ယခုအချိန်ထိ တွေ.ရှိထားသည့် ရုပ်အလောင်း စုစုပေါင်း ၄၅ ခုသာ ဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button