သတင်း

မြန်မာကို ကမ္ဘာက နားလည်ပေးရန် ဘာသာရေးခေါင်းဆောင်တို့ တိုက်တွန်း

ရန်ကုန် –  မြန်မာနိုင်ငံတွင်ကိုးကွယ်ရာဘာသာအသီးသီးကို သက်ဝင် ယုံကြည်ကြသူတိုင်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေဖို့ မျှော်လင့်နေပြီး လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာက မြန်မာနိုင်ငံကို နားလည်လက်ခံကာ ဝိုင်းဝန်းကူညီပေးသင့်သည်ဟု ဘာသာရေး ခေါင်းဆောင်များက အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ဒေသပဋိပက္ခများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းအတွင်း ကျင်းပခဲ့သည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ကြခြင်းဖြစ်သည်။

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာစေရေးအတွက် ဆုတောင်းရခြင်းဖြစ်သည်ဟု အခမ်းအနားတွင် ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကိုကမ္ဘာကြီးက နားလည်နိုင်ပြီး နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်” ဟု ၎င်းက ပြောသည်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင်  MM ရောင်နက်ဗလီ ရှေ့ဆောင်ဆရာတော် ဦးကျော်ကျော်က “ငြိမ်းချမ်းမှုဆိုတာဟာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေကလည်း ငြိမ်းချမ်းရေးကို အလွန် မွတ်သိပ်နေကြတဲ့သူတွေပါ။ ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ မည်သည့်လုပ်ရပ်ကိုမှ အစ္စလာမ်ဘာသာဝင်များက မထောက်ခံခဲ့ပါ” ဟု ဟောပြောသည်။

မြန်မာနိုင်ငံကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီးများအဖွဲ့ချုပ် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ်ကာဒီနယ် ချားလ်စ်မောင်ဘိုက နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုများကြောင့် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလမ်းစဉ်မှ လမ်းချော်သွားလို့မရကြောင်းနှင့် နိုင်ငံတကာကိုလည်း မေ့ထားလို့ မဖြစ်နိုင်ကြောင်း မိန့်ကြားသည်။

“ကမ္ဘာကြီးက ဒီအစိုးရကို နားလည်ဖို့၊ ကူညီဖို့လိုအပ်ပါတယ်။ ရှုတ်ချအပြစ်ပေးတာ မဖြစ်သင့်ပါဘူး ” ဟု ကာဒီနယ် ချားလ်စ်မောင်ဘိုက မိန့်ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလက “ထေရဝါဒ ဗုဒ္ဓတရားတော်နှင့်အညီ  မေတ္တာပို့မယ်ဆိုရင် မိမိကိုယ်တိုင် ငြိမ်းချမ်းဖို့ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် လူသားတွေ ဒုက္ခရောက်ကြတယ်။ မိမိက ငြိမ်းချမ်းမှုရရှိရင်တော့ နိုင်ငံသူနိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားတွေလည်း ငြိမ်းချမ်းဖို့လွယ်ကူမယ်” ဟု မိန့်ကြားသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင်လည်း ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဆုတောင်းပွဲသို့ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ NLD ပါတီဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊  ဘာသာအသီးသီးမှ ဘာသာဝင်များ ထောင်သောင်းချီ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမကျင်းပမီ နာရီပေါင်းများစွာအလိုကတည်းက အောင်ဆန်းကွင်းတဝိုက်ရှိ လမ်းတချို့ကို ပိတ်ထားခဲ့ခြင်းကြောင့် ရန်ကုန်မြို့တွင်း ယခင်ထက် ယာဉ်ကြောပိတ်ဆို့သည့်အတွက် ပြည်သူတို့က လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ခဲ့ကြသည်။

Show More

Related Articles

Back to top button