
ရန်ကုန် – ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်သွားသည့် အရေအတွက်မှာ သိန်းချီ ရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သူများကိုသာ စိစစ် လက်ခံသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် အစိုးရက ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးက အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြောလိုက်သည်။
ရခိုင်ပြည်နယ်သို့ အိမ်နီးချင်း ငါးနိုင်ငံမှ သံတမန်များနှင့် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံများကြား ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်မျိုးကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း ဝန်ကြီးက ပြောသည်။
ယခင်ကနည်းတူ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကူးသန်းရန် နယ်စပ်ရှိ ကျေးရွာတချို့သို့ ရောက်သွားသူလည်း အများအပြား ရှိနေသည်။ ထိုသို့ သွားရောက်သူများ နောက်ပြန်လှည့်စေလိုကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများကို စက်တင်ဘာ ၅ ရက်မှစ၍ လုံးဝဆောင်ရွက်ခြင်း မရှိကြောင်း၊ သို့ရာတွင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိနေသည်ဟု နိုင်ငံတကာက ယူဆနေကြောင်း ဝန်ကြီးက ပြောသည်။
ပြန်လည်ထူထောင်ရေးအတွက် အိုးအိမ်၊ ရုံးအဆောက်အအုံ၊ လမ်းတံတားများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်စိစစ်ရေးကတ်ဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အစိုးရ ဝန်ကြီးများက ရခိုင်ခရီးစဉ်အတွင်း ပြောသည်။
ယခင် ပြောဆိုချက်များ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ ပြောကြားချက်တွင် တစ်ဖက်နိုင်ငံသို့ သွားရောက် နေသူများ သွားရောက်နေသူများကို ၁၉၉၂-၁၉၉၃ ခုနှစ် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများ၏ သဘောတူညီချက်များအတိုင်း ပြန်လည်လက်ခံသွားမည်ဟု ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများကို ရခိုင်ဒေသ နယ်မြေတည်ငြိမ်သွားသည့် အချိန်တွင် စိစစ်ပြီး ပြန်လည် လက်ခံမည်ဟု အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက စက်တင်ဘာ ၆ ရက်နေ့တွင် ပြောခဲ့ဖူးသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်း စက်တင်ဘာ ၂၉ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံး လုပ်ဆောင်နေသည်ဟု ပြောကြားထားသည်။
လုံခြုံရေး
ပြန်လည်ဝင်ရောက်လာသူတို့ကို စိစစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် ဌာနဆိုင်ရာများအနေဖြင့် ယခင်ထက် ပိုမို အလုပ်များမည်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
“ခေါ်မယ်ဆိုတာက ၁၉၉၃က အခြေအနေနဲ့ လက်ရှိ အခြေအနေကျတော့ မတူတော့ဘူးလေ။ အကြမ်းဖက်ကိစ္စဖြစ်ပြီးသွားတော့ အရင်ကထက် ပိုပြီးတော့ စိစစ်ဖို့လိုမယ်။ နယ်စပ်ရဲတွေ၊ လဝကတွေ ပိုပြီးတော့ သေသေချာချာ အလုပ်လုပ်ဖို့လိုမယ်” ဟု ဦးသန်းဇော်အောင်က ပြောသည်။
ဘယ်လို ကင်းလှည့်မလဲ လုံခြုံရေးကို ဘယ်လို စိစစ်မလဲဆိုတာ အရေးကြီးတယ်။ ညဘက်လမ်းမှာ မီးတန်းကားနဲ့ ကင်းလှည့်နေရုံနဲ့ လုံခြုံရေးလုံလောက်ပြီလို့ မဆိုနိုင်ဘူး။ လုံခြုံရေးကို ဒီထက်ပိုပြီးတော့ စိစစ်ဖို့လိုတယ်။ အဆင့်မြင့် နည်းပညာတွေလည်း သုံးဖို့လိုတယ်” ဟု ပြောသည်။
လုံခြုံရေး ပိုမို အလေးထားရမည့် အခြေအနေကို မကြာသေးခင်က ရန်ကုန်မြို့တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တူတော်စပ်သူ သေဆုံးမှု စုံစမ်းစစ်ဆေးရေး အခြေအနေနှင့် နှိုင်းယှဉ်ပြီး ရှေ့နေ ဦးသန်းဇော်အောင်က ပြောပြသည်။
“သာမန်ပြည်သူမပြောနဲ့ ဒုသမ္မတတူ အသတ်ခံရတဲ့ ကိစ္စတောင် အခုအချိန်အထိ ဘာမှန်းကို မသိသေးဘူး။ အဲ့ကလေး ပျောက်သွားတယ်၊ အပျောက်တိုင်ထားတယ်။ တိုင်တဲ့အချိန်မှာ ဘာမှ မလုပ်ဘူး။ သေသွားတော့မှသာ သမ္မတတူမှန်းသိပြီး ဝူးဝါးဝူးဝါး ထလုပ်ကြတာ။ ဟိုမှာက ကလေးက၊ လူ့အသက်တစ်ချောင်းက ဆုံးသွားပြီ” ဟု ဦးသန်းဇော်အောင်က ပြောသည်။