သတင်း

လူကိုးဦးလျှင် တစ်ဦး ရိက္ခာအကျပ်အတည်းဖြစ်နေ

ရန်ကုန် – ပြည်တွင်းနှင့်ဒေသတွင်း မငြိမ်သက်မှုပြဿနာများ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ ဆင်းရဲနွမ်းပါးမှုတို့ကြောင့် မြန်မာနိုင်ငံရှိ လူကိုးဦးတွင် တစ်ဦးသည် စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဦးဟင်နရီဗန်ထီးယူက အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြောလိုက်သည်။

ရိက္ခာအကျပ်အတည်း ရင်ဆိုင်ကြုံတွေ့နေရသူအများစုသည် ကျေးလက်ဒေသ၊ နယ်စွန်နယ်ဖျား ဒေသတို့တွင် နေထိုင်သူများ၊  ရွှေ့ပြောင်းနေထိုင်ကြသူများဖြစ်ကြောင်း ဒုတိယသမ္မတက နေပြည်တော်တွင် ပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားတွင် ပြောသည်။

ငယ်ရွယ်သူအလုပ်သမားတို့ ရွှေ့ပြောင်းနေထိုင်ကြသောကြောင့် ကျေးလက်ဒေသ လုပ်သားအင်အား ရှားပါးနေကြောင်း၊ ရလဒ်အားဖြင့်  စားနပ်ရိက္ခာထုတ်လုပ်မှု လျော့နည်းလာကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောသည်။

နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ လူငယ်တို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရွှေ့ပြောင်းသွားလာမှုကို ဖြေလျှော့ပေးနိုင်သည့်အပြင် စားနပ်ရိက္ခာဖူလုံမှုလည်း မြင့်မားလာမည်ဖြစ်ကြောင်း သူက ပြောသည်။

ယင်းပြင် သဘာဝအရင်းအမြစ်များ အသုံးချမှုအပေါ် အခြေခံပြီး ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခများကို လျော့ပါးစေနိုင်သကဲ့သို့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရွှေ့ပြောင်းသွားလာခြင်း

၂ဝ၁ဝ ပြည့်နှစ်က မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ကောက်ယူသည့် စစ်တမ်းတစ်ခုအရ  ဆင်းရဲမှုမျဉ်းအောက်တွင် နေထိုင်သူ ၂၅.၆ ရာခိုင်နှုန်းခန့်ရှိပြီး အများစုသည် ကျေးလက်ဒေသနေသူများပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

အထက်တန်းရှေ့နေ ဦးထွန်းလှိုင်က ပညာအရည်အချင်းအလိုက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ များပြားခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“ဆင်းရဲသားပြည်သူတွေရဲ့ တစ်နေ့တာ ဝင်ငွေပိုမြင့်မားလာလေ နိုင်ငံရပ်ခြားကို ထွက်ခွာတဲ့ လူဦးရေက ပိုနည်းလာလေဖြစ်မှာပါ” ဟု ဆိုသည်။

၂ဝ၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာအာဟာရအစီရင်ခံစာအရ ၁၃၆ နိုင်ငံတွင် မြန်မာနိုင်ငံ၏ အာဟာရဖွံ့ဖြိုးမှုအဆင့်သည် ၁ဝ၆ တွင် ရှိနေသည်။

ကလေးမြို့နယ် အခြေစိုက်ပြီး ချင်းပြည်နယ် အတွင်း၌ လူကုန်ကူးမှု၊ ရွှေ့ပြောင်းလုပ်သား၊ သဘာဝဘေးအန္တရာယ်တို့နှင့် ပတ်သက်ပီး သင်တန်းပေးနေသည့်  Agency for Basic Community Development (ABC) အဖွဲ့မှ ဒါရိုက်တာ ဦးမောင်ဂျွန်လွင်က ချင်းပြည်နယ်သည် နယ်မြေ တည်ငြိမ် အေးချမ်းသည့်ဒေသဖြစ်သော်လည်း ဆင်းရဲနွမ်းပါးမှုများကြောင့် ပြည်တွင်းတွင်သာမက ပြည်ပသို့ပါ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူ အများဆုံးဖြစ်ကြောင်း ပြောသည်။

“သဘာဝဘေးန္တရာယ် ခံရဆုံးက ဒေသက ချင်းပြည်နယ်ဖြစ်တယ်။ သဘာဝဘေးဒဏ်ပြီးတဲ့နောက်မှာ စားဝတ်နေရေးပြန်လည်ထူထောင်ဖို့ ခက်ခဲတယ်။  အလုပ်အကိုင်ရှားပါးတော့ လူတွေက ရေကြည်ရာ မြတ်နုရာရှာတဲ့သဘောပါပဲ။ သွားတဲ့အရွယ်တွေကျတော့လည်း အရွယ်ကောင်းလေးတွေ၊ အလုပ်လုပ်လို့ ကောင်းတဲ့ အရွယ်တွေပေါ့” ဟု ဦးမောင်ဂျွန်လွင်က ပြောသည်။

တစ်နိုင်ငံတည်းဖြေရှင်းရမည့် ပြဿနာမဟုတ်ဘဲ နိုင်ငံအချင်းချင်း ဖြေရှင်းရမည့် ပြဿနာဖြစ်သောကြောင့် သက်ဆိုင်ရာနိုင်ငံများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း သူက ပြောသည်။

“ဒီပြဿနာက စီးပွားရေးပြဿနာပါ။ သူ့ဒေသ သူ့နိုင်ငံမှာ လုပ်ကိုင်စားသောက်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးဖို့လိုပါတယ်။ ပြည်တွင်းမှာလည်း စက်ရုံတွေရှိလာရင် ကောင်းပါတယ်။ ဒီလိုဖန်တီးပေးခြင်းအားဖြင့် ပြည်ပသို့ ရွှေ့ပြောင်းသွားလာလှုပ်ရှားတဲ့ လုပ်သားတွေ တဖြည်းဖြည်းလျော့နည်းလာမှာပါ” ဟု သူက ဆိုသည်။

Show More

Related Articles

Back to top button