
ရန်ကုန် – နိုင်ငံအတွင်း ဝေးလံခေါင်သီသော ဒေသအသီးသီးမှ စိတ်ကျန်းမာရေး ကုသမှု လိုအပ်နေသူများကို အထွေထွေ ဝန်ဆောင်မှုပေးရန် ခက်ခဲနေသေးသည်ဟု စိတ်ကုဆရာဝန်များက အောက်တိုဘာ ၂၅ တွင် ပြောသည်။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် စိတ်ကျန်းမာရေးကုသမှု ပိုမိုထိရောက်စေရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ဆေးတက္ကသိုလ်(၁) စိတ်ကျန်းမာရေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးတင်ဦးက ဒေသအသီးသီးသို့ သွားရောက်ရန် အဓိက လိုအပ်ချက်မှာ ရန်ပုံငွေ၊ လူအင်အားတို့ ဖြစ်သည်ဟု ပြောသည်။
မြို့ပြဒေသတွင် စိတ်ရောဂါ ကုသမှု ခံယူသူတို့သည် စိတ်ကျန်းမာရေးဆေးရုံကြီးများတွင်သာ အများဆုံး မှီခို အားထားနေရကြောင်း၊ ဆေးရုံ ဆေးခန်းကို လက်လှမ်းမမီသည့် ဒေသများမှ ဝေဒနာရှင်တို့သည် ရပ်ရွာလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း သူက ဆက်ပြောသည်။
ရပ်ရွာလူထုအခြေပြု စိတ်ကျန်းမာရေး စောင့်ရှောက်ရာတွင် ဆေးပေး၊ ဆေးတိုက်ခြင်း၊ ဆွေးနွေးနှစ်သိမ့် ပညာပေးခြင်းများလည်း ပါဝင်ကြောင်း၊ ဒေသခံဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း စိတ်ကျန်းမာရေးနှင့်ပတ်သက်သော သင်တန်းပို့ချခြင်းများလည်းပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီသင်တန်းရသွားပြီ၊ ဒါကိုသိသွားပြီ ဆိုရင်တော့ အရင်တုန်းက သူက မကုတတ်ရင်လည်း ကုနိုင်လာမယ်။ အဲဒါဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူတွေကို ဒီထက်ပိုပြီးတော့ စောင့်ရှောက်လာနိုင်မှာပေါ့” ဟု ဒေါက်တာတင်ဦးက ပြောသည်။
လူနာနှင့်ဆရာဝန်အချိုး
တစ်နိုင်ငံလုံးတွင် စိတ်ကု ဆရာဝန် ၂ဝဝ ဝန်းကျင်သာရှိရာ ဆရာဝန် အရေအတွက် နည်းပါးနေခြင်းကလည်း အဆိုပါလုပ်ငန်းအတွက် အဟန့်အတားဖြစ်နေသည်ဟု ဒေါက်တာတင်ဦးက ဆိုသည်။
ရန်ကုန်မြို့ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုတည်းပင်လျှင် ဝေဒနာရှင် ၁,၅ဝဝ ဝန်းကျင် ရှိနေသည်။
၂ဝ၁၃ ခုနှစ်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ စိတ်ဝေဒနာရှင်များအနက် ၉ဝ ရာခိုင်နူန်းကျော်သည် ကုသမှု မရရှိကြကြောင်း သိရသည်။
လတ်တလောအနေဖြင့် မြန်မာနိုင်ငံစိတ်ကျန်းမာရေး ဆရာဝန်များအသင်းက ဦးဆောင်ပြီး ရပ်ရွာအခြေပြု စိတ်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ကော့မှူး၊ ကျောက်တန်းမြို့နယ်များတွင် အလှူရှင်တို့၏အထောက်အပံ့ဖြင့် နှစ်ပတ်တစ်ကြိမ်လုပ်ဆောင်နေပြီး ကုသမှုလိုအပ်သူ ၃ဝဝ ခန့်ကို ဝန်ဆောင်မှုပေးနေသည်ဟု ဆိုသည်။ ကုသမှုလာရောက်ခံယူသူ များပြားလာမှု၊ ရန်ပုံငွေအကန့်အသတ်တို့မှာ ရင်ဆိုင်နေရသည့် အခက်အခဲများ ဖြစ်သည်ဟု ဒေါက်တာတင်ဦးထံမှ သိရသည်။
မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အထောက်အပံ့ဖြင့် ရှမ်းပြည်နယ် လားရှိုးမြို့၊ ကရင်ပြည်နယ် ဘားအံ့မြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းပေးခဲ့ကြောင်း၊ ရန်ပုံငွေမှာ ၂ နှစ်စာ အတွက်သာ ဖြစ်သောကြောင့် အခြားမြို့နယ်များသို့ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာတင်ဦးက ပြောသည်။
စိတ်ကျန်းမာရေးကုသမှုဆိုင်ရာ ဆွေးနွေးပွဲသို့ စိတ်ရောဂါအထူးကုဆရာဝန်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပဲရလဒ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားမည်ဟု သိရသည်။
ရပ်ရွာလူထုအခြေပြု စိတ်ကျန်းမာရေးဝန်ဆောင်မှု စီမံကိန်းခေါင်းဆောင်ဖြစ်သူ ဒေါက်တာစန်းစန်းဦးက၎င်းတို့ စိမံကိန်းအတွက် ကျွမ်းကျင်ဝန်ထမ်းလည်း လိုအပ်နေသည်ဟု ပြောသည်။
စီမံကိန်းကို နယူးယောက် အခြေစိုက် Open Society ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ကြောင်း သိရသည်။