
မြေပုံ၊ မင်းပြား – ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က မကြာသေးခင်က ပြောသည်။
စိုက်ပျိုးရေးဌာနတွင် ဝန်ထမ်းများကိုလည်း ရာနှုန်းပြည့် မခန့်အပ်နိုင်သေးသည့်အတွက် ရှိသည့်ဝန်ထမ်း၊ ရရှိသည့် ဘတ်ဂျက်အနေအထားကို သုံးပြီး တောင်သူများအတွက် အကောင်းဆုံးဖြစ်အောင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေကြရကြောင်း သူက ဆက်ပြောသည်။
“ကျွန်တော်တို့အစိုးရက အဓိကအခြေခံဖြစ်တဲ့ လမ်းတံတားလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်နေပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးက ရခိုင်ဒေသရဲ့ မွေးရာပါလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းက အဓိကပဲ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘတ်ဂျက်က အကန့်အသတ် ရှိနေတယ်” ဟု ဝန်ကြီးက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံစဉ် ပြောပြသည်။
ဝန်ကြီးက အသုံးစရိတ်အတွက် ရခိုင်အမျိုးသားပါတီ အမတ်များ၊ တပ်မတော်ကိုယ်စားပြုအမတ်များ အားကောင်းသော ရခိုင်ပြည်နယ်လွှတ်တော်၏ ပူးပေါင်းဆောင်ရွက်မှုရရှိရန်လည်း မျှော်လင့်နေသည်။
“အစိုးရအဖွဲ့က တင်တဲ့ဘတ်ဂျက်ကို လွှတ်တော်မှာ ပေါင်းစပ်ညှိနှိုင်းတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေက သဘောတူရင် ကျွန်တော်တို့ လုပ်ငန်းကို ပြည့်ပြည့်ဝဝ လုပ်နိုင်မှာပါ။ တစ်ခါတလေတော့ လွှတ်တော်က တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဦးစားပေးတာမျိုး ရှိတာကြောင့် ဘတ်ဂျက်ကို ညှိနှိုင်းဆောင်ရွက်ရတာမျိုးလည်း ရှိပါတယ်”
ဒေသတွင်း နည်းပညာ၊ မျိုးကောင်းမျိုးသန့် မျိုးစပါး၊ စပါးဈေးကွက် အားနည်းချက်များ ရှိနေပြီး တခြားသောတိုင်းနှင့်ပြည်နယ်များထက် များစွာ နောက်ကျကျန်နေခဲ့ကြောင်း သူက ဆက်ပြောသည်။
မရှိမဖြစ် တာတမံများ
ပြည်နယ်တစ်ခုလုံး၏ ယခုနှစ်မိုးစပါးစိုက်ဧက ၁,၁ဝ၃,၅၁၅ ရှိခဲ့ကြောင်း၊ တာတမံများသည် ကမ်းရိုးတန်းဒေသ စိုက်ပျိုးမြေများအတွင်း ဆားငန်ရည်ဝင်ရောက်မှုကို ဟန့်တားနိုင်သည့် အတွက် အထူးအရေးပါကြောင်း ပြည်နယ်ဝန်ကြီးက ပြောသည်။
ပြည်နယ်အတွင်း အစိုးရက ပြုလုပ်ထိန်းသိမ်းသော တာတမံ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ပြုလုပ်ထိန်းသိမ်းသော တာတမံ၊ ဒေသခံတို့ ကိုယ်ထူကိုယ်ထပြုလုပ်သော တာတမံဟူ၍ သုံးမျိုး တွေ့ရကြောင်း သူက ဆက်ပြောသည်။
ဧက ၅,ဝဝဝ အောက် စိုက်ပျိုးမြေအတွက် တည်ဆောက်သည့် တာတမံများသည် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ထဲတွင်ရှိပြီး ကျန်တာတမံများမှာ ပြည်ထောင်စုအစိုးရက စီမံ ဆောင်ရွက်သည်ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေကြေးထောက်ပံ့ပေးသည့် Tat Lan/ IRC အဖွဲ့က မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်များရှိ ကျေးရွာတချို့တွင် ရေငန်တားတမံ ၆၅ မိုင်ခွဲကို တည်ဆောက်ပေးခဲ့သည်။
၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်တွင် ပြည်နယ်အတွင်း တာတမံအရှည် ၁၄၈ ကီလိုမီတာ( ၉၁ မိုင်ကျော် ) ကိုလည်း တည်ဆောက်ပေးခဲ့သည်ဟု LIFT အဖွဲ့၏ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အစိုးရအကူအညီ
မြေပုံမြို့နယ် ဒုတိယစိုက်ပျိုးရေးဌာနမှူး ဦးအောင်ကြီးကလည်း အသုံးစရိတ် အကန့်အသတ်ရှိသည့် အခြေအနေတွင် တခြားသော ဌာနများနှင့် ပူးတွဲပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း ပြောသည်။
“အဓိကကတော့ စိုက်ပျိုးရေးနဲ့ဆိုရင် တာတမံကို မှီတည်ပြီးမှ လုပ်လို့ရမယ်ဆိုတာတော့ အမှန်ပဲ။ အဲဒီတာတမံတွေ စိုက်ပျိုးလို့ရအောင် ကောင်းဖို့အတွက် အဓိကလိုအပ်တာက ဘတ်ဂျက်ပဲ။ ကျွန်တော်တို့ဘက်ကလည်း လက်လှမ်းမီသမျှ စိုက်ပျိုးရေး ကဏ္ဍမှာ တောင်သူတွေကို ကူညီပေးနေသလို ဆည်မြောင်းဌာနအနေနဲ့လည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ကူညီနေကြပါတယ်” ဟု ဦးအောင်ကြီးက ပြောသည်။
ဂီရိမုန်တိုင်း တိုက်ခတ်ခံရပြီးနောက်ပိုင်း စိုက်ပျိုးရေးကဏ္ဍအားကောင်းသော မြို့နယ်များတွင် တာတမံပျက်စီးမှု များပြားကြောင်း၊ ဝင်ရောက်လာသည့် ဆားငန်ရည်ကြောင့် လယ်မစိုက်နိုင်သေးသည့် လယ်မြေ အများအပြားရှိနေကြောင်း မကြာသေးခင်က တွေ့ဆုံခဲ့ရသည့် မြေပုံ၊ မင်းပြားမြို့နယ်များရှိ ကျေးလက်ဒေသတချို့ရှိ ဒေသခံတို့က တညီတညွတ်တည်း ပြောကြသည်။
မင်းပြားမြို့နယ်၊ ဇင်ယော်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ခင်ဆန်းက ၎င်းတို့ရွာတွင် တာတမံပျက်စီးနေမှုကို မပြုပြင်နိုင်သည့်အတွက် စပါးမစိုက်နိုင်သည့် လယ်အများအပြားရှိကြောင်း ပြောသည်။
“ကျွန်တော်တို့ဆီက ရေငန်တား တာတမံလေးတွေက ဒေသခံတွေ ကိုယ့်လယ်အတွက် ကိုယ်လုပ်တဲ့တာလေးတွေဆိုတော့ နိမ့်လည်းနိမ့်တယ်၊ သေးလည်း သေးတယ်။ ၂ဝ၁၅ ခုနှစ်က ကိုမန်မုန်တိုင်း တိုက်လိုက်တာမှ တော်တော်လေးကို ပျက်စီးသွားတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
“အခုချိန်ထိ ပြန်မလုပ်နိုင်လို့ စပါးမစိုက်နိုင်တဲ့လယ်တွေဆို အများကြီး။ ရွာက လယ်သမားတွေရဲ့လယ် ထက်ဝက်နီးပါးလောက်ရှိမယ်။ ကျွန်တော်တို့လို လယ်သမားတွေအနေနဲ့က ဒီတာတမံကြီးအတွက် ဘယ်လိုလုပ် ငွေစိုက်ထုတ်ပြီး လုပ်နိုင်ကြမှာလဲ။ အစိုးရ မကူညီဘဲနဲ့တော့ ကျွန်တော်တို့ ဘယ်လိုမှ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ကြဦးမှာ မဟုတ်ဘူး”