သတင်း

မြဝတီ၊ ကော့ကရိတ်တွင် တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း၊ ကင်းစခန်းများ ယနေ့ (မတ်လ ၂၅ ရက်) တွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းနှင့် မြေပြင်မှ ပြန်လည်ပစ်ခတ်စဉ် ကျုံဒိုးမြို့မှ အမျိုးသား ၂ ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်များ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲကြောင့် ဒေသခံတို့ ထွက်ပြေးနေရသည်၊ စစ်ရဟတ်ယာဉ်နှစ်စီးက ကော့ကရိတ်နှင့် ၁၅ မိုင်အကွာရှိ ကျုံဒိုးမြို့အတွင်းသို့ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒေသခံ အမျိုးသား ၂ ဦး သေသွားတယ်။ လက်နက်ကြီးကြောင့်လား၊ ရဟတ်ယာဉ်ပေါ်က ပစ်တာကြောင့်လားတော့ မသိလိုက်ဘူး၊ တစ်ပြိုင်တည်းပစ်နေတာဆိုတော့။ အရပ်သား ဒဏ်ရာရတာတွေ ရှိနေတယ်။ ၅ ရွာမကဘူး၊ ပြေးနေရတယ်” ဟု တိုက်ပွဲမှ လွတ်ရာ တိမ်းရှောင်နေရသည့် အထက်ပါ အမျိုးသားက ပြောသည်။

ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်သည့် အမှတ် (၅၄၅) နှင့် (၅၄၆) တို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံတို့ ဒဏ်ရာရသည့်အထဲတွင် အမျိုးသမီးနှင့် ကလေးငယ်အချို့ ပါဝင်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းက “စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့်” ယနေ့မှစ၍ ကျုံဒိုးမြို့နယ်မှ မြဝတီမြို့နယ်ကြား ဖြတ်သန်းသွားလာခြင်း မပြုရန် ဒေသခံတို့ကို အထူးမေတ္တာရပ်ခံသည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

KNLA စစ်ရေးသတင်းရင်းမြစ်တစ်ခုက နံနက် ၅ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ရာမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်၊ မြဝတီမြို့ အာရှလမ်းမကြီးပေါ်ရှိ ကျုံဒိုးနှင့် ကော့ကရိတ်ဒေသများတွင်ပါ တိုက်ပွဲများဖြစ်နေသည်ဟု ဆိုသည်။

မြဝတီကုန်သွယ်ရေးဇုန်တွင် ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ပူးပေါင်းစစ်ဆေးသည့်ဂိတ်၊ အကောက်ခွန်ရုံးတို့ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မြဝတီ ခလရ ၂၇၅ တစ်ဝိုက်ပေါ့။ မြေပြင်ထိတွေ့မှုက အဲ့နေရာတွေပါ။ စစ်ကောင်စီဘက်က လက်နက်ကြီး ပြန်ပစ်တာကတော့ အခုက မြဝတီမြို့နယ်ထဲမှာပါတဲ့ မဲကနယ်ရွာ တစ်ဝိုက်ထိပါ။ မြဝတီနဲ့ နီးနီးလေးပါပဲ” ဟု အထက်ပါ KNLA အရာရှိက ပြောသည်။

တိုက်ခိုက်မှုကြောင့် သင်္ကန်းညီနောင်အကောက်ခွန်ရုံး မီးလောင်ခဲ့ပြီး မြဝတီမြို့နှင့် ၇ မိုင်ခန့် ဝေးသော သင်္ကန်းညီနောင်ရဲစခန်း၊ ခလရ (၂၇၅) တပ်ရင်းရှိသည့် နေရာများတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်က မွန်းလွဲပိုင်းတွင် ပြောသည်။

ကျုံဒိုးမြို့အတွင်း တိုက်ပွဲဖြစ်သည့် နေရာများမှာ ကျုံဒိုးရဲစခန်း၊ ညောင်ရိပ်သာကျေးရွာအတွင်းရှိ ခမရ (၅၄၆) တပ်ရင်းရှိနေသည့် နေရာများ ပါဝင်သည်။

ထိုင်းမြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် အာရှလမ်းဟု ခေါ်ကြသော မြဝတီ-ကော့ကရိတ် အဝေးပြေးလမ်းမတွင် ကတ္တရာ အချပ်လိုက် ကြွတက်နေသည့်ပုံမှာ တိုက်ပွဲဖြစ်နေစဉ် အွန်လိုင်းတွင် မျှဝေနေကြသည့် ပုံများထဲတွင် ပါဝင်သည်၊ ကတ္တရာလမ်းအောက် ရေဆင်းပိုက်အတွင်းပိုင်း ဖောက်ခွဲမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း တချို့က မှတ်ချက်ပေးနေကြသည်။

ကျုံဒိုးဘက်အခြမ်းတွင် စစ်ရဟတ်ယာဉ် ၂ စင်း ရောက်လာကြောင်း၊ တိုက်ပွဲကြောင့် ကျုံဒိုးမြို့နယ်နှင့် မဲကနယ်ကျေးရွာအတွင်းရှိ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNLA က ဆိုသည်။

တိုက်ပွဲကြောင့် ကျုံဒိုးမြို့တွင် ကမ်းနီး၊ ညောင်ရိပ်သာ၊ သရက်တော၊ တောင်ကရင်စု၊ မြောက်ကရင်စုကျေးရွာတို့မှ ဒေသခံတို့ ထွက်ပြေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“လက်နက်ကြီး ပစ်ခတ်တာနဲ့ ရဟတ်ယာဉ်နဲ့ ပစ်နေတာ ဆက်ရှိနေတယ်။ ရဟတ်ယာဉ်က သူတို့ Mi35 နဲ့ သင်္ကန်းညီနောင်ကနေ ကျုံဒိုးအထိ သွားလိုက်လာလိုက် ပစ်တယ်” KNLA အရာရှိက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။

နှစ်ဖက်ဒဏ်ရာရ၊ ကျဆုံးမှု အခြေအနေကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) နှင့် အမှတ် (၂) တံတားတို့မှာ တိုက်ပွဲကြောင့် ပိတ်ထားရပြီး ညနေ ၃ နာရီဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နယ်စပ်ကုန်သည်များက Myanmar Now ကို ပြောသည်။

“တံတားက အခုလေးတင်ပဲ ပြန်ဖွင့်တယ်။ တိုက်ပွဲ ခဏငြိမ်သွားလို့ ပြန်ဖွင့်တာလို့ သိရတယ်။” ဟု မြဝတီ-မဲဆောက် ကုန်သည်တစ်ဦးက ဆိုသည်။

ထိုတံတားများသည် ကပ်ဘေးကာလတွင် သုံးနှစ်ကြာ ပိတ်ထားခဲ့ရပြီးမှ ယခုနှစ် ဇန်နဝါရီ ၁၂ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ မြန်မာဘက်ခြမ်းတိုက်ပွဲကြောင့် ထိုင်းဘက်တွင် လက်နက်ကိုင်လုံခြုံရေး ထူထူထပ်ထပ် တွေ့ရကြောင်း ကုန်သည်များက ပြောသည်။

စစ်ကောင်စီက တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း မရှိပေ။

မြဝတီမြို့တွင် ယနေ့ည ၄ နာရီမှ နောက်တစ်နေ့ (၂၆.၃.၂၀၂၃) နံနက် ၁၀ နာရီထိ အပြင်မထွက်ရန် ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက အမိန့်ထုတ်ပြန်ထားသည်၊ တိုက်ပွဲကြောင့် လမ်းပေါ်တွင် အသွားအလာ ရှင်းလင်းနေကြောင်း မြဝတီမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ညနေပိုင်းတွင် ပြောသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် စသည့် ဒေသများကို ထိုးစစ်ဆင်နေစဉ် မြန်မာပြည်တောင်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီယန္တရားလည်ပတ်နေမှု ရပ်တန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့လယ်ရှိ စစ်ကောင်စီ၏ ထောက်လှမ်းရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၄ ခုကို တော်လှန်ရေးအဖွဲ့များက မီးရှို့ဖျက်ဆီးရာမှ တိုက်ပွဲများ ရက်အတန်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button