သတင်း

ရန်ကုန် အင်းစိန်ထောင်တွင် ပေါက်ကွဲမှုဖြစ်ပြီး အပြန်အလှန်ပစ်ခတ်

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင် ဂိတ်ပေါက်ဝတွင် ယနေ့ (မတ် ၂၄) နံနက် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ကာ အပြန်အလှန်ပစ်ခတ်သည်ဟု အကျဉ်းထောင်အနီး နေထိုင်သူများထံမှ သိရသည်။

အကျဉ်းထောင် ဂိတ် (၂) မင်းစေတီဝင်ပေါက်ကို အမည်မသိ လက်နက်ကိုင်များက ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ရာ အကျဉ်းထောင်ဝန်ထမ်းများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

“ဒီနေ့ ၁၁ ခွဲလောက်က ဗုံးနှစ်လုံး ပေါက်တယ်။ မင်းစေတီ အပေါက်ဝဂိတ်ကို ထိသွားတယ်။ အကျဉ်းဦးစီးဝန်ထမ်းတွေ ရှိတယ်။ အထဲက ပြန်ပစ်တဲ့ အသံတွေလည်း ကြားရတယ်”

ပေါက်ကွဲမှု၊ အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အင်းစိန်ထောင် အနောက်ဘက်တွင်​ ပေါက်ကွဲမှုဖြစ်ကာ ပစ်ခတ်သံများလည်း ကြားနေရသည်ဟု အင်းစိန်ထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးကလည်း အတည်ပြုသည်။

“မင်းစေတီလား ပေါက်တောဝဘက်လားတော့ မသဲကွဲဘူး။ ပထမ ပေါက်ကွဲသံနဲ့ ပစ်ခတ်တဲ့ အသံတွေတော့ ကြားနေရတယ်”

အင်းစိန်ထောင်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး အကျဉ်းထောင်ဝန်ထမ်းများကို အပြင်သို့ ပေးမထွက်ဟုလည်း ထိုဝန်ထမ်းက ပြောသည်။

အင်းစိန်အကျဉ်းထောင်၊ ထောင်ဝင်စာလက်ခံဌာနတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲစဉ် ထောင်ရှိ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး၊ အရပ်သား ၅ ဦး သေဆုံးကာ ၁၃ ဦးထက်မနည်း ဒဏ်ရရာရှိခဲ့သည်။

သေဆုံးသူများတွင် အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ ပါဝင်ခဲ့ကာ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း (ခ) လင်းထက်နိုင်၏ မိခင်ဖြစ်သူ အမေကြည်လည်း သေဆုံးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်လာချိန်အထိ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ပေါက်ကွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။ ယနေ့တွင် မန္တလေးမြို့တွင်လည်း အစိုးရအဖွဲ့ရုံးအနီး ပေါက်ကွဲမှု ဖြစ်သည်ဟု သိရသည်။

အစိုးရအဖွဲ့ရုံးအနီး အောင်မြေသာစံမြို့နယ် အမှတ် ၃ ရဲစခန်းအနီးတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များက ယခုရက်ပိုင်းအတွင်း စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေရာ ယခုလ ၂၂ ရက် တစ်နေ့တည်း၌ပင် တိုက်ခိုက်မှုနှစ်ခုအတွင်း ရဲတစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး သေဆုံးခဲ့သည်။

မြို့ကြီးများတွင် တိုက်ခိုက်မှုများ ပေါ်ပေါက်နေသည့်နည်းတူ နိုင်ငံအနှံ့တွင်လည်း လက်နက်ကိုင် ခုခံတော်လှန်သူများနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button