သတင်း

ရွှေဘိုတွင် နွားအုပ်ကြောင့် မိုင်းကွဲသဖြင့် နွားပိုင်ရှင်ကို ပကဖ ဒဏ်ရိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လုံခြုံရေးအတွက် ထောင်ထားသည့်မိုင်း နွားကြောင့် ပေါက်ကွဲသဖြင့် နွားပိုင်ရှင်က ကျေးရွာကာကွယ်ရေးအဖွဲ့ကို ကျပ်သိန်းချီ ဒဏ်ကြေး ပေးဆောင်ခဲ့ရကြောင်း သိရသည်။

မြို့အနောက်ဘက် ၁၃ မိုင်ခန့်အကွာရှိ ရွာစိုးရွာ၌ ယခုလအတွင်း နွားများကြောင့် မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်နှစ်ခု ပေါ်ပေါက်ခဲ့သည်။

ရွာစိုးရွာမှ ဦးမြင့်ဇော်ဆိုသူ ပိုင်ဆိုင်သည့် နွားများ မိုင်းကွင်းအနီး ရောက်ရှိစဉ် မိုင်းအချို့ ပေါက်ကွဲသဖြင့် ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒဏ်ငွေ ကျပ်လေးသိန်း ပေးရန် အမိန့်ချခဲ့သည်ဟု ရွာခံတစ်ဦးက ပြောသည်။

“နွားကျောင်းတာနဲ့ မိုင်းကွင်းနဲ့တော့ ဝေးတယ်ဗျာ။ ဒါပေမဲ့ နွားက လန့်ပြေးတော့ မိုင်းကွင်းထဲကို ရောက်သွားတယ်၊ ကြိုးတိုက်မိတော့ တစ်လုံးကွဲသွားတာကို သူတို့က သုံးလုံးကွဲတာဆိုပြီး လေးသိန်းတောင်းတာ” ဟု ထိုရွာခံ အမျိုးသားက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများရန်မှ ကာကွယ်ရေး ရွာပတ်ဝန်းကျင်၌ တပ်ဆင်ထားသည့် လက်လုပ်မိုင်းများ မိမိပယောဂကြောင့် ပေါက်ကွဲပါက မိုင်းတစ်လုံးလျှင် ကျပ်နှစ်သိန်းနှုန်း ဒဏ်ကြေးပေးဆောင်ရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။

ဦးမြင့်ဇော်က ကျေးရွာပကဖနှင့် ညှိုနှိုင်းရာ ကျပ်နှစ်သိန်း ပေးဆောင်ခဲ့ရသည်ဟုလည်း အထက်ပါ ရွာခံ ​အမျိုးသားက ဆိုသည်။

ပကဖအဖွဲ့၏ တုံ့ပြန်ချက်

နွားဖြတ်ပြေးစဉ် မိုင်းကွဲသဖြင့် ဒဏ်ကြေးရိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာစိုးရွာ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်၊ တစ်မိုင်ခွဲခန့်အကွာရှိ ရွာတွင် စစ်ကောင်စီဘက်တော်သား ပျူစောထီးများ ရှိနေသောကြောင့် မိုင်းကာထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ရွာနှစ်ရွာကြားမှာ မိုင်းကွင်းတော့ ရှိတယ်ဗျာ။ အဲဒီနွားအုပ်က လန့်ပြီး ပြေးတာ နေမှာပေါ့ဗျာ။ ကျွန်တော်တို့မိုင်းကွင်းရောက်လာတော့ သုံးလုံးကွဲသွားတာ။ အဲဒါကြောင့် လေးသိန်း ဒဏ်ရိုက်တာ” ဟု အမည်မဖော်လိုသူ ထိုတာဝန်ရှိသူက ပြောသည်။

“(မိုင်းကွင်းနား) ကျွဲတွေနွားတွေ မကျောင်းရလို့ ထုတ်ထားတာ ရှိတယ်။ အဲဒီလိုထုတ်ထားတဲ့ကြားက နွားအုပ်တွေက အဲဒီဘက်ရောက်သွားတဲ့အခါ ကွဲတာပေါ့ဗျာ။ အဲဒီတော့ ပြန်အစားထိုးဖို့ တောင်းရတာပေါ့ဗျာ၊ ဒဏ်ရိုက်တာပေါ့ဗျာ”

မိုင်းကွင်းရှိရာဘက် သွားမည်ဆိုပါက ကြိုတင်သတင်းပေးရန် ဒေသခံတို့ကို ညွှန်ကြားထားသလို၊ မိုင်းကွင်းနေရာသို့ လုံးဝ မသွားရန်လည်း တားမြစ်ထားသည်ဟု ပကဖတာဝန်ရှိက ဆိုသည်။

ပုံမှန်အားဖြင့် ညပိုင်း၌ ထောင်ထားသည့် မိုင်းများကို နံနက်မိုးလင်းချိန်တွင် ပြန်ဖြုတ်သိမ်းလေ့ရှိသော်လည်း ယခုလ ၁၆ ရက်နေ့က ပျူစောထီးများ လှုပ်ရှားသည့် အနီးရှိ ရွာကို စစ်သား ၂၀ ခန့် ရောက်လာကြောင်း သတင်းရသဖြင့် ထိုနေ့က ပြန်မဖြုတ်ဘဲ ထားခဲ့သည်ဟုလည်း ဆိုသည်။

လျော်ကြေးပေးရန် အမိန့်ချခံရသည့် နွားပိုင်ရှင်မှာ ပြီးခဲ့သည့် နှစ်အတွင်း စစ်တပ်က ရွာကို ဝင်ရောက်စီးနင်းစဉ်ကလည်း နေအိမ် မီးရှို့ခံခဲ့ရသူဖြစ်သည်ဟု သိရသည်။

ပေးဆောင်ရသည့် ဒဏ်ကြေးအတွက် နွားပိုင်ရှင် ဦးမြင့်ဇော်တွင် ငွေကြေးလုံလောက်မှု ရှိမရှိ မသိရသေးပေ။

ပုံစံတူအမှု နောက်တစ်ခု

ရွာစိုးရွာ၌ပင် နောက်နှစ်ရက်အကြာ ယခုလ ၁၉ ရက်နေ့တွင်လည်း အလားတူဖြစ်ပွားခဲ့ရာ နွားအငှားကျောင်းသည့် ဦးသန်းဇော်ဆိုသူမှာ ၎င်းထိန်းကျောင်းသည့် နွားများကြောင့် ပေါက်ကွဲသည့် မိုင်းအတွက် ဒဏ်ကြေး ကျပ်တစ်သိန်း ပေးဆောင်ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များအတွင်း မိုင်းပေါက်ကွဲသော်လည်း နွားများ သေဆုံးခြင်း၊ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခြင်း မရှိဟု သိရသည်။

မိုင်းထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက ပေးဆောင်ရသည့် ဒဏ်ကြေးမှာ မတန်တဆဖြစ်နေသည်ဟု ရွာသားတစ်ဦးက မှတ်ချက်ပြုသည်။

“လုပ်တဲ့လမ်းစဉ်က တော်တော်ကို လွဲနေတယ်ဗျ။ ဒဏ်ကြေးလည်း များတယ်။ အချိန်နဲ့ ထောင်၊ အချိန်နဲ့ ဖြုတ်ရင် ဒါတွေက ဖြစ်လာစရာ မရှိဘူးလေ” ဟု သူက ဆိုသည်။

ထိုရွာတွင် ယခင်ကလည်း ယာခင်း မီးရှို့စဉ် မိုင်းတစ်လုံးပေါက်ကွဲသဖြင့် တောင်သူတစ်ဦး ကျပ်နှစ်သိန်း ဒဏ်ရိုက်ခံရဖူးသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းရှိ မြို့ရွာများတွင် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရာ၌ တိုက်ပွဲဝင် မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်တွယ်ရန် အခြေအနေမပေးသေးပေ၊ ပြောက်ကျားတိုက်ခိုက်မှုတွင် ဒေသခံတို့ အဓိက အားကိုးအားထားပြုနေကြသည်မှာ လက်လုပ်မိုင်းဖြစ်သည်။

ရွာကာကွယ်ရေးအဖွဲ့များက စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ၏ ရန်မှ ကာကွယ်နိုင်ရေးအတွက် ရွာပတ်ဝန်းကျင်၌ ညပိုင်း မိုင်းဆင်ထားလေ့ရှိပြီး မနက်မိုးလင်းချိန်၌ ပြန်လည်ဖြုတ်သိမ်းကြသည်။

ယမ်း၊ သံတိုသံစံတို့ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ်မိုင်းကြီးတစ်လုံးသည် ကျပ် ၇ သောင်းမှ တစ်သိန်းခွဲအထိ ကုန်ကျနိုင်ပြီး ရန်သူလာရာဘက်သို့ မိုင်းစများ လွင့်ထွက်ပေါက်ကွဲနိုင်သည့် ရှေ့ထွက်မိုင်းတစ်လုံး၏ တန်ကြေးမှာ ကျပ်သုံးသောင်းခန့် ရှိသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button