စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ရွာ ၃ ရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) တို့က စခန်းများကို ယမန်နေ့ (ဇူလိုင် ၁၄) က စွန့်ခွာသွားကြရာ တော်လှန်ရေးအင်အားစုက ထိုစခန်းများကို ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။
ထိုရွာများမှာ မြင်းစီး၊ ဆင်အင်းနှင့် ကူးတို့ဆိပ် ကျေးရွာတို့ ဖြစ်သည်။
ဇူလိုင် ၁၃ တွင် စခန်း ၃ ခုအနက်မှ ကူးတို့ဆိပ်ရွာစခန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စခန်းများကို စွန့်ခွာသွားကြခြင်းဖြစ်သည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“စခန်းသိမ်းဖို့ ဝင်တိုက်ကြပေမဲ့ မအောင်မြင်ဘူး။ နောက်နေ့ကျ သူ့တို့ဘာသာသူတို့ ထွက်သွားကြတယ်။ အခုတော့ကျွန်တော်တို့အဖွဲ့တွေက စခန်းတွေကို ဝင်ကြည့်ပြီးတော့ ရှင်းလင်းရေးလုပ်နေပါတယ်” ဟု သူက ပြောသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ မိသားစုများဝင်များကိုပါ ခေါ်ဆောင်ပြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းရွာ စစ်စခန်းသို့ ပြောင်းရွှေ့သွားကြကြောင်း သိရသည်။
ဆင်အင်းရွာ စခန်းတွင် စစ်ကောင်စီတပ်သားများ အထိုင်ချနေရာယူခဲ့သည်၊ ကျန်စခန်းငယ်နှစ်ခုတွင် ပျူစောထီးများ စခန်းချခဲ့ပြီး ၎င်းတို့အတွက် စစ်သင်တန်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စခန်းတစ်ခုတွင် လက်နက်ကိုင်နှင့် မိသားစုဝင် အရေအတွက် ၇၀ ခန့်မှ ၁၀၀ ခန့်အထိ ရှိကြောင်း၊ စစ်ကောင်စီတပ်က ရိက္ခာမပို့နိုင်သည့်အတွက် ဆုတ်ခွာသွားကြခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ယူဆသည်။
“သူတို့စခန်းတွေက ရွာပြင်မထွက်နိုင်ဘူး၊ သူတို့ရွာလေးထဲမှာပဲ နေရတာ၊ သူတို့ကို ရွှေဘိုမြို့ပေါ်က တစ်လတစ်ခါ သို့မဟုတ် နှစ်လတစ်ခါလောက် အသေခံပြီး ရိက္ခာလာလာပို့ပေးရတာ၊ နောက်ဆုံးရိက္ခာလာပို့သွားတာက ၃ လလောက် ကြာခဲ့ပြီဆိုတော့၊ သူတို့ ရိက္ခာပြတ်ပုံပေါ်တယ်” ဟု ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့စခန်းတွေကလည်း ထိုင်သာထားတာ၊ ရှေ့လည်းမတိုးနိုင်ဘူး။ ရိက္ခာပို့ရတိုင်းလည်း တိုက်ခံရတာဆိုတော့ စစ် xxx တွေက မပို့တော့ဖို့ ဆုံးဖြတ်လိုက်သလားလို့ ယူဆရတယ်”
စစ်ကိုင်းကဲ့သို့သော မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသရှိ ပျူစောထီးစခန်းများကို တော်လှန်ရေးအင်အားစုကလည်း အမြဲစောင့်ကြည့်ကာ ဝိုင်းထားလေ့ရှိကြသည်။ ရွာပတ်လည်၊ သွားလာလှုပ်ရှားလေ့ရှိရာ လမ်းကြောင်းများကို မိုင်းထောင်ထားလေ့ရှိကြသည်။
ထို့ကြောင့် ပျူစောထီးများသည် ၎င်းတို့၏ ရွာအတွင်းတွင်သာ နေထိုင်ကြသည်၊ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်လာချိန်များတွင် အင်အားဖြည့်တင်း၊ လမ်းပြလေ့ရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ စစ်ကူ ရှိချိန်များတွင်လည်း ပျူစောထီးတို့က တော်လှန်ရေးဘက်မှ ကျေးရွာများကို စီးနင်းလေ့ရှိကြသည်။
ရွှေဘိုမြို့နယ်အနောက်ခြမ်း (မူးမြစ်ကမ်းဘေး) ကျေးရွာများသည် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူ မြင်းစီးရွာဒေသခံ ဦးဌေးအောင်၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ပျူစောထီးအများအပြားရှိရာ ဒေသတစ်ခုဖြစ်ခဲ့သည်။ တော်လှန်ရေးအင်အားစုက ဦးဌေးအောင်ကို ဇန်နဝါရီ ၇ ရက်နေ့တွင် သတ်ဖြတ်လိုက်သည်။
အထက်ပါ ကျေးရွာများအပြင် ဇီးဖြူကုန်း၊ သီးလုံး၊ မြင်းချင်း၊ ပန်းရံ၊ ဇီးကုန်းလေး၊ တယ်သီးတော၊ ပလိုင်း စသည့်ကျေးရွာများသည်လည်း ပျူစောထီးရွာများဖြစ်လာခဲ့သည်၊ ညောင်ပင်သာကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံတွင်လည်း စစ်ကောင်စီက စခန်းတည်ဆောက်နေရာယူထားသည်ဟု သိရသည်။
ပျူစောထီး အားကောင်းပြီး စစ်စခန်းများရှိသည့် ကျေးရွာများတွင် အာဏာသိမ်းမှုဆန့်ကျင်သူတို့မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြရလေ့ရှိသည်။
ပျူစောထီးများ စခန်းကို စွန့်ခွာသွားသောကြောင့် ရွာမှ တိမ်းရှောင်နေရသည့် မိသားစုဝင်များ နေရပ်ပြန်နိုင်တော့မည်၊ တော်လှန်ရေးအင်အားစုက မိုင်းရှင်းလင်းပြီး အန္တရာယ်ကင်းသည့်အချိန်တွင် နေရပ်ပြန်နိုင်ရန် စီစဉ်ပေးမည်ဟု သိရသည်။