စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၎င်းတို့တပ်စွဲထားသည့်ရွာမှ ဆုတ်ခွာသွားရသည်ဟု သိရသည်။
ထီးချိုင့်မြို့ အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာရှိ ကျောက်မှော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်အတူ KIA/PDF ပူးပေါင်းအဖွဲ့က ယခုလ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျောက်မှော်ရွာတွင် ခြောက်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ထီးချိုင့်မြို့သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၃၀ ထက်မနည်း သေဆုံးပြီး အလောင်းများကို ကားဖြင့် သယ်ယူသွားကြောင်း ထီးချိုင့်ပကဖ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သည့်နည်းတူ ကျောက်မှော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ အင်အားမည်မျှရှိသည်ကိုလည်း မသိရပေ။ ထို့အတူ ထီးချိုင့်တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
ကျောက်မှော်ရွာရှိ ကိုဝင်းအောင်ဆိုသူ၏ ကြက်ခြံတွင် စစ်တပ်က တပ်စွဲထားခြင်းဖြစ်သည်ဟု ပကဖ အဖွဲ့ဝင် အမျိုးသမီးက ဆိုသည်။
“ကိုဝင်းအောင်က စစ်ကောင်စီတပ်လာပြီဆိုရင် အဲဒီကြက်ခြံမှာပဲ အမြဲတမ်းထားတာ။ စစ်သားတွေကို အဲဒီမှာ ထားတယ်။ သူတို့ကလည်း အဲဒီမှာပဲ ခိုတယ်ဆိုတော့ ဒီဘက်က KIA ရယ်၊ ပကဖ၊ PDF ပူးပေါင်းပြီးတော့မှ တိုက်လိုက်တာ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း KIA/PDF ပူးပေါင်းအဖွဲ့ဘက်မှ ဗိုလ်အဆင့်ရှိ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) စစ်တပ်အရာရှိတစ်ဦးနှင့် အခြားရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သော်လည်း မပြင်းထန်ဟု ထိုအမျိုးသမီးထံမှ သိရသည်။
ကျောက်မှော်ရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် နောက်တစ်ရက် မတ်လ ၂၁ တွင် ထီးချိုင့်မြို့နှင့် နှစ်မိုင်ခန့်အကွာ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးပစ်ကူပေးကြောင်းလည်း ဆိုသည်။
တိုက်ပွဲကြောင့် ကျောက်မှော်နှင့် ဇီးကုန်းရွာတို့မှ ဒေသခံ ၁,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တချို့လည်း ပြန်လာကြတယ်လို့ပြောတယ်။ စစ်ကြောင်းက အချိန်မရွေးပြန်ထိုးနိုင်တော့ ပြန်လာလည်း ကျီးလန့်စာစားပါဗျာ” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။
ထီးချိုင့်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ ကသာမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၉ ခြေမြန်တပ်ရင်းမှ ထီးချိုင့်သို့ ထိုးစစ်ဆင်လာနိုင်သည်ဟု သတင်းရထားသည်ဟုလည်း ပကဖအဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ထီးချိုင့်၊ ကသာ စသည့် မြို့နယ်များတွင် PDF နှင့် KIA တပ်ဖွဲ့များက ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေရာ တိုက်ပွဲများ မကြာခဏ ဖြစ်နေသည်။
မြေပြင်စစ်ကြောင်းများအချင်းချင်း တိုက်ပွဲဖြစ်လေ့ရှိသည့်နည်းတူ ဧရာဝတီမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ပို့သည့် စစ်ကောင်စီစစ်ကြောင်းများကို ထီးချိုင့်၊ ကသာ၊ မြို့လှ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)