သတင်း

စစ်တပ်နှင့်ပျူရန်ကြောင့် ထောင်ချီသော ဆိပ်ခွန်ရွာခံများ အိမ်မပြန်ရဲဖြစ်နေ

ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ စစ်တပ်နှင့် ပျူစောထီးရန်ကြောင့် အိမ်မပြန်ရဲဖြစ်နေကြသည်။

ရွှေဘိုမြို့အနောက်ဘက် ၈ မိုင်အကွာရှိ ဆိပ်ခွန်ရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ယခုလ ၁၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ရွှေဘို-မုံရွာကားလမ်းမဘေးရှိ ဆိပ်ခွန်ရွာမှ လူ ၂၀၀၀ ကျော်နှင့် ရွှေဘိုမြို့နယ်မှ ဒေသခံ ၁၀၀၀ ခန့် မူးမြစ်တစ်ဖက်ကမ်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဒေသခံအချို့ ရွာပြန်ဝင်ကြပြီဖြစ်သော်လည်း အများစုမှာ အိမ်မပြန်ရဲသေးကြောင်း ဆိပ်ခွန်ရွာမှ အမျိုးသားတစ်ဦးက ယနေ့ (မတ် ၂၂) ပြောသည်။

“အချို့ကတော့ ပြန်ဝင်ကြပြီဗျ။ စခန်း (ဆိပ်ခွန်ရဲစခန်း) နဲ့ နီးတာတွေကတော့ ဒီပဲယင်းနယ်ထဲက ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေမှာ ရှောင်နေကြတာဗျ။ လောလောဆယ်တော့ မပြန်ရဲကြဘူး”

ရဲစခန်းအတိုက်ခံရသည့်အပေါ် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးစစ်ဆေးမည်ကို ကြောက်သဖြင့် မပြန်ရဲခြင်းဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ခွန်ရွာသူတစ်ဦးကလည်း ဆိုသည်။

“ပျုရွာတွေ များတဲ့အခါကျတော NLD နဲ့ ပတ်သက်တဲ့လူတွေ၊ တော်လှန်ရေးသမားမိသားစုတွေကတော့ စစ်ကြောင်းတွေ မရှိတော့လည်း ရွာမှာ နေလို့မရတဲ့အဆင့် ဖြစ်သွားပြီ။ ဝေဟင်က ပစ်တော့ ပျူတွေက အားတက်ပြီး တိုက်ခိုက်တာတွေ လုပ်လာပြီ။ မည်းမည်းမြင်ရာ အကုန်ဖမ်းဆီးနှိပ်စက်ကြတော့မှာပဲ၊ ကြောက်တာ”

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အသက် ၂၂ နှစ်အရွယ် ကိုတိုးတိုး၏ အလောင်းကို နေအိမ်အတွင်းမှ သယ်ထုတ်လာစဉ်။ (ဓာတ်ပုံ-ပေးပို့)

အခြား ဆိပ်ခွန်ရွာခံများနည်းတူ ၎င်းမှာ ဒီပဲယင်းမြို့နယ်အတွင်း မိသားစုနှင့်အတူ လက်ရှိအချိန်ထိ တိမ်းရှောင်နေရသည်။​

အင်အား ၃၀ ခန့်ရှိ ဆိပ်ခွန်ရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် နှစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ကာ ဒေသကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ရဟတ်ယာဉ်တစ်စီး လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ရဲစခန်းကို ဝင်တိုက်သည့်နေ့က စစ်ရဟတ်ယာဉ်ဖြင့် အပစ်ခံရသဖြင့် ဆိပ်ခွန်ရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ဝင်းနှင့် ၂၂ နှစ်အရွယ် ကိုတိုးတိုးဆိုသူတို့ သေဆုံးခဲ့ကာ အခြားသုံးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

“တစ်စီးတည်းနဲ့ လေးငါးကြိမ် ဝိုက်ဝိုက်ပစ်သွားတာ။ သေတဲ့သူတွေကတော့ အိမ်ထဲမှာ ပုန်းနေရင်း ထိခိုက်သေသွားတာ။ အိမ်တစ်ချို့ အမိုးတွေ ပျက်စီးသွားတာတွေ ရှိတယ်။ သူတို့ ပစ်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ရောက်နေပါပြီ” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းတို့ ဝင်မတိုက်မီ ရွာအတွင်းမှ ထွက်ခွာရန် ကြိုတင်သတိပေးခဲ့ကြောင်း၊ ရဲစခန်းကို သိမ်းမည်ဆိုသော ချဲ့ကားပြောဆိုမှုများကြောင့် လေကြောင်းမှ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“စခန်းသိမ်းဆိုတဲ့ စကားတစ်ခွန်းကြောင့်မို့လို့ တူတယ်။ တကယ်တမ်းက ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးပစ်လက်နက်တွေနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ ပစ်တာ။ စခန်းသိမ်းဖို့ မဟုတ်ဘူး။ စခန်းသိမ်းက တစ်ယောက်ပြော၊ တစ်ယောက်ပြောနဲ့ ကြီးကျယ်သွားတာနဲ့တူပါတယ်”

ရဲစခန်းကို ဝင်တိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိနှင့် လက်ရှိ ဆိပ်ခွန်ရွာအခြေအနေကို မသိရပေ။

ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ရွာသည် အိမ်ခြေ ၁၇၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ကာ ရက်ကန်းလုပ်ငန်းဖြင့် ကျော်ကြားသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဆိပ်ခွန်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းကာ ရွာအတွင်း ကင်းစောင့်နေသည့် လူငယ်လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဆိပ်ခွန်ရွာ ရဲစခန်းဝင်အတိုက်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသူ များလွန်းသဖြင့် စားနပ်ရိက္ခာ လိုအပ်နေသည်ဟု ဒီပဲယင်းမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွှေဘိုနယ်ထဲက စစ်ရှောင်တွေက အလုံးအရင်းလောက် ဝင်လာတာ။ ငါးနေရာလောက်မှာ ခွဲထားရတာ၊ ထောင်ချီတယ်ဗျ။ စားနပ်ရိက္ခာတွေက လိုတာပေါ့ဗျ။ ဒီပဲယင်းဘက်မှာ စစ်ကြောင်းမရှိလို့သာ တော်တော့တာ” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button