သတင်း

လက်ချောင်းများပြတ်ခဲ့သည့် ကုမ္ပဏီဝန်ထမ်း၏ လျော်ကြေးကိစ္စ လူ့/ခွင့်ကော်မရှင်က အလုပ်သမားဝန်ကြီးဌာနထံ လွှဲပေးထား

(ရန်ကုန်)-ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း လေအေးပေးစက်ပိ၍ လက်ချောင်းများ ပြတ်ထွက်ခဲ့သည့် ဝန်ထမ်းအား နှစ်လကျော်ကြာမြင့်သည်အထိ ၎င်း၏ကုမ္ပဏီဘက်က ဆက်သွယ်၍ တာဝန်မယူသေးသောကြောင့် နစ်နာကြေးရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနအား လွှဲပြောင်းတင်ပြရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

SS and P Engineering ကုမ္ပဏီဝန်ထမ်းအသက် ၂၈ နှစ်ရှိ ကိုဇော်လွင်သည် ၎င်း၏ကုမ္ပဏီက တည်ဆောက်နေသည့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ၂၄ ထပ်အမြင့်ရှိ အဆောက်အအုံအတွင်း လေအေးပေးစက်များ လိုက်လံတပ်ဆင်ရင်း လေအေးပေးစက်ပိကာ လက်မမှလွဲ၍ ကျန်လက်ချောင်းများ ပြတ်ထွက်ခဲ့ခြင်းဖြစ်သည်။

“လူ့အခွင့်အရေးနဲ့ဆိုင်တဲ့အတွက်ကြောင့် အလုပ်သမားဝန်ကြီးနဲ့ဆိုင်တဲ့အတွက် ဒီကိစ္စကို ရှင်းပေးဆိုပြီး ခိုင်းလိုက်တာ။ သူတို့က ဒါကို စိစစ်တယ် ရှင်းလင်းတယ်။ ပြီးရင် ဒီကိစ္စကို ရှင်းလင်းပြီးပါပြီ။ ကာယကံရှင်ကို လျော်ကြေးပေးပြီးပါပြီဆိုပြီး ပြန်ကြားရတယ်။အဲ့ဒါကို မသိကျိုးကျွန်ပြုထားရင် အဲ့ဒီအခြေအနေတွေကို နှစ်ပတ်လည်အစီရင်ခံစာနဲ့ လွှတ်တော်ကို တိုင်တာ။ ဘယ်ဝန်ကြီးဌာနက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလဲ၊ ဘယ်ဝန်ကြီးဌာနကတော့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလဲ၊ လုံးဝမပြန်တာ ဘယ်သူတွေ ဒါတွေကို တိုင်ကြားမှ လွှတ်တော်ကတစ်ဆင့် နိုင်ငံတော်ကိုပြောပြီး အဲ့ဒီဝန်ကြီးဌာနကို အရေးယူပါတယ်” ဟု Myanmar Now ကို ပြောသည်။

ကုမ္ပဏီဘက်မှ နစ်နာကြေးရရှိရန်နှင့် ကူညီဆောင်ရွက်ပေးရန် ကာယကံရှင်မိသားစုမှ ဧပြီလ ၉ ရက်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ လိပ်မူကာ အသနားခံစာတင်ပြခဲ့သည်။

“အဲကွန်းအခန်းပြောင်းတပ်ခိုင်းတော့ ရွှေ့ရင်းနဲ့ စက်က ပြုတ်ကျလာတော့ မထိန်းနိုင်လိုက်ဘူး။ ခဏကြာတော့ လက်က စူးခနဲဖြစ်ပြီး အဖွဲ့ကလူတွေ စက်ကို ဝိုင်းမပေးကြတော့ လက်ချောင်းတွေက စက်အောက်မှာ ပြတ်ကျန်ခဲ့တာ” ဟု ကိုဇော်လွင်က လက်မတစ်ချောင်းသာကျန်ရှိသော သူ၏ ညာဘက်လက်ကို ငုံ့ကြည့်ကာ ဧပြီလ ၂၅ ရက်နေ့ကရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကိုဇော်လွင်က အဆိုပါကုမ္ပဏီတွင် ၎င်းအပါအဝင် လေးအေးပေးစက် တပ်ဆင်သည့် လုပ်သား ခုနစ်ယောက်ပါရှိသည့် အဖွဲ့နှင့် ၂၀၁၈ ဇန်နဝါရီလကုန်မှစ၍ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

မတော်တဆဖြစ်ပြီးပြီးချင်း မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကြီးသို့ အားချင်းသွားရောက်ခဲ့ကာ မိမိစိုက်ထုတ်ငွေဖြင့် ဆေးရုံတွင် ၁၄ ရက်ကြာ ကုသခဲ့ရကြောင်း ကိုဇော်လွင်၏ ဇနီးက ပြောသည်။

“ဆေးရုံစရိတ် ကျွန်မတို့ ၁၁ သိန်းကျော်တယ်။ ကိုယ့်ရှိတဲ့ဟာလည်း စိုက်ထုတ်ပြီး ပတ်ဝန်းကျင်ကလည်း ချေးငှားပြီး ကုခဲ့ရတာတွေပေါ့။ အဲ့ဒီအကြွေးတွေလည်း မကျေသေးဘူး။ အဲ့လိုဖြစ်ပြီးနောက်ပိုင်း အလုပ်မခေါ်ကြတော့ ကျွန်မတို့လည်း အခက်အခဲဖြစ်တာပေါ့။ အခု အိမ်လခတွေ ထပ်နေလို့ အိမ်ရှင်ကို တောင်းပန်ထားရတယ်” ဟု ပြောသည်။

ရွှေပြည်သာမြို့နယ်နေ ၎င်းတို့မိသားစုအနေဖြင့် ထိုက်သင့်သည့် နစ်နာကြေးရရှိရန်သာ မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုဇော်လွင်တို့မိသားစုတွင် ကျောင်းနေအရွယ် အလယ်တန်းကျောင်းသားသုံးဦးနှင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ရှိသည်။ ဆေးရုံတက်စဉ်ကာလအတွင်း ကုမ္ပဏီဘက်က လူကိုယ်တိုင် လာရောက်မေးမြန်းခြင်းမရှိခဲ့သလို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ခြင်းလည်း မရှိဟု ၎င်းက ဆိုသည်။

၁၉၂၃ ခုနှစ်အလုပ်သမားလျော်ကြေးအက်ဥပဒေအရ အလုပ်သမားတိုင်းသည် လုပ်ငန်းခွင်အတွင်းဖြစ်စေ(သို့) လုပ်ငန်းခွင်သို့လာရင်းဖြစ်စေ ၊ ယင်သို့ဆက်စပ်၍ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသော အလုပ်သမားတိုင်း နစ်နာကြေးရရှိရန် ယင်းဥပဒေတွင် အကျုံးဝင်ကြောင်း ယခင် မြန်မာနိုင်ငံအလုပ်သမားခုံသမာဓိကောင်စီတွင် သုံးနှစ်တိုင် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာလည်း အလုပ်သမားအရေး လိုက်လံဆောင်ရွက်နေသည့် ရှေ့နေဦးဌေးက ပြောသည်။

Show More

Related Articles

Back to top button