အတွေးအမြင်

စစ်ခေါင်းဆောင်အဆက်ဆက် ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ NLD ပြိုကွဲရေး ဗျူဟာ

စစ်ခေါင်းဆောင် သန်းရွှေမှသည် မင်းအောင်လှိုင်အထိ စစ်ဗိုလ်ချုပ်များ အတွေ့ချင်ဆုံး မြင်ကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အင်အားသုံး ဖျက်သိမ်းခြင်းထက် ထိုပါတီအတွင်း အချင်းချင်း ညီညွတ်ရေး ပြိုကွဲကာ ပြည်သူများအကြား နာမည်ပျက်ပြီး တစ်စစီပြိုကွဲသွားခြင်းပင် ဖြစ်သည်။

အမှန်စင်စစ် စစ်ခေါင်းဆောင်များသည် NLD ပါတီကို ဖျက်သိမ်းနိုင်သည့် အခွင့်အလမ်းများ လွန်ခဲ့သော နှစ် ၃၀ အတွင်း ကြိမ်ဖန်များစွာ ရရှိခဲ့သော်လည်း၊ NLD ကို အတင်းအကျပ် ဖျက်သိမ်းခဲ့သူ သမိုင်းတရားခံများအဖြစ် မှတ်တမ်းကျန်ရစ်သွားမည်ကို သတိထားပုံရသည်။  

ထိုနည်းလမ်းအစား ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားပြီး၊ ပါတီတွင်း ဦးဆောင်မှုကင်းမဲ့နေချိန် သဘောထားကွဲပြားမှုများ ဖြစ်လာစေရန် အဘက်ဘက်က ဖန်တီးပေးခြင်းဖြင့် ၎င်းတို့၏ ပယောဂကင်းစွာ ပါတီအလိုလို ပြိုကွဲသွားရေး ဆိုသည်မှာ စစ်ဗိုလ်ချုပ်များ အလိုလားဆုံး ဗျူဟာဖြစ်သည်။

ထိုဗျူဟာကို ၁၉၈၈ အာဏာသိမ်းခေါင်းဆောင်များဖြစ်သော သန်းရွှေနှင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ခင်ညွှန့်တို့ ကြိမ်ဖန်များစွာ သုံးခဲ့ဖူးသည်ကို ၁၉၈၈ မှသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်သည့် အချိန်အထိ NLD ၏ ရှည်လျားသော ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားခဲ့မှု သမိုင်းကြောင်းကို လေ့လာကြည့်လျှင် တွေ့မြင်ရမည် ဖြစ်သည်။ 

စစ်ခေါင်းဆောင်များ မည်မျှကြိုးပမ်းခဲ့သော်လည်း NLD ပြိုကွဲမသွားခဲ့ပါ။ စစ်ခေါင်းဆောင်များ ဖန်တီးသော နိုင်ငံရေးဖိအားများကြောင့် ပါတီခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲ၊ ပါတီမှ ခွဲထွက်သွားသော ဖြစ်ရပ်တချို့သာ ရှိခဲ့ဖူးသည်။

ယခုတစ်ဖန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ ဆရာသမားများဖြစ်သော သန်းရွှေနှင့် ခင်ညွန့်တို့၏ နည်းနာအတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထောင်ချပြီး၊ ပါတီတွင်းပြိုကွဲရေးကို ဆက်တိုက်ကြိုးပမ်းလာသည်။

ဤတစ်ကြိမ် မင်းအောင်လှိုင်သည် လွန်စွာရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများ သုံးလာသည်။ NLD ပါတီဝင်များကို နိုင်ငံအနှံ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြပြီး၊ ပါတီတွင်း အင်အားချည့်နဲ့စေရန်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေရန် ဖန်တီးခြင်းဖြင့် ပါတီပြိုကွဲစေရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ယနေ့အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ၏ ဘက်ပေါင်းစုံဖိအားများကြောင့် ပါတီတွင်း သဘောထားကွဲပြားမှုများ တွေ့မြင်လာရသော်လည်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမြင်ချင်ဆုံးဖြစ်သော ပါတီပြိုကွဲသွားသည့်အဖြစ်ထိ မရောက်ရှိသေးပါ။ သို့သော် ဤတစ်ကြိမ် NLD တောင့်ခံနိုင်ပါ့မလား စဉ်းစားစရာ ဖြစ်လာပါသည်။

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ရန်ကုန်မြို့ မဲရုံတစ်ခုတွင် မဲပေးနေသည့် ပြည်သူများ။ ထိုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နိုင်သော်လည်း စစ်တပ်က အာဏာလွှဲမပေးပေ။ ဓာတ်ပုံ – ဓာတ်ပုံ – AFP via Getty Images

အတိတ်ကာလ NLD ပြိုကွဲနိုင်သော နိုင်ငံရေးအကျပ်အတည်းများ 

နိုင်ငံအနှံ့ ပြည်သူများ၏ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြမှုများ ရင်ဆိုင်ခဲ့ရသော ၂၆ နှစ် အုပ်စိုးလာသည့် ဆိုရှယ်လစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းက ၁၉၈၈ တွင် စစ်တပ်ကို အာဏာသိမ်းခိုင်းခဲ့သည်။ အာဏာသိမ်းစစ်တပ်က ပြည်သူ့ဆန္ဒအတိုင်း ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ပေးမည်ဟု ကတိပေးလျက်၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုခဲ့သည်။

စစ်အာဏာသိမ်းအပြီး ၉ ရက်အကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဥက္ကဋ္ဌ ဦးအောင်ကြီး၊ ဒုက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်၍ ဖွဲ့စည်း ထူထောင်ခဲ့သည်။

မကြာသေးမီက ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သူ့ပါတီကို စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံပြန်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဝေဖန်ပြောဆိုမှုများကို တုံ့ပြန်ရာတွင် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး ပေတစ်ရာလမ်းမပေါ် သတ်ဖြတ်ခံရသည့် ကျောင်းသားများ၏သွေး မခြောက်သေးခင် ရက်ပိုင်းအတွင်း NLD ပါတီမှတ်ပုံတင်ခဲ့သဖြင့် သူ မည်မျှနာကျင်ခဲ့ရပုံကို ပြောဆိုရင်း၊ ယခု သူ့ပါတီ မှတ်ပုံတင်ခြင်းကို ခုခံချေပသွားခဲ့သည်။

သို့သော် ဦးကိုကိုကြီး မပြောဘဲ ထိမ်ချန်ခဲ့သည့်အချက်မှာ ထိုစဉ်က ဦးကိုကိုကြီး ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ABSFU) ကျောင်းသားခေါင်းဆောင်များအကြား တောခို၊ မြို့ပေါ်ယူဂျီနှင့် ပါတီထောင် မြေပေါ်နိုင်ငံရေး နည်းလမ်း ၃ သွယ်ဖြင့် အုပ်စုခွဲကစားခဲ့ကြပြီး၊ ပါတီထောင်ခြင်းကို ABSFU အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သူ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် ဦးဆောင်သော ကျောင်းသားတစ်စုက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထူထောင်ခဲ့ကြသည့် အချက်ဖြစ်သည်။

ရှိစေတော့…ယခုဆောင်းပါးက ဦးကိုကိုကြီးအကြောင်း မဟုတ်ပါ။ ပါတီ ထူထောင်ချိန်ကတည်းက ယနေ့ထိ စစ်ခေါင်းဆောင်များ ကြံစည်ခဲ့သမျှ ပါတီပြိုကွဲလမ်းကြောင်းမှ NLD ရုန်းထွက်ခဲ့ပုံကို ပြန်လည်လေ့လာဆန်းစစ် တင်ပြလိုခြင်းဖြစ်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြနေသူများကို ၂၀၀၇ ခုနှစ် မေ ၂၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

NLD ပါတီဝင်တိုင်း လိုက်နာရမည့် ဒေါ်အောင်ဆန်းစုကြည်၏ သံမဏိစည်းမျဉ်းဥပဒေသ

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီကို တရားဝင်ထူထောင်ပြီးသည်နှင့် ပါတီစည်းရုံးရေးအတွက် နိုင်ငံအနှံ့ မနားမနေ ခရီးထွက်ခဲ့ပြီး လူထုကို စည်းရုံးခဲ့သည်။ လူထုထောက်ခံမှုမရှိသော နိုင်ငံရေးပါတီသည် မရှင်သန်နိုင် ဆိုသည့်အချက်မှာ ပါတီနိုင်ငံရေးလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးနှင့် အခြေခံအကျဆုံး စည်းမျဉ်းဥပဒေသ ဖြစ်ပေသည်။ 

ထိုအချိန်က ပါတီစုံဒီမိုကရေစီစနစ်ကို ယဉ်ပါးခြင်းမရှိသေးသော၊ ရွေးကောက်ပွဲများနှင့် ၂၆ နှစ်ကြာ ဝေးကွာခဲ့ရသော မြန်မာပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးခြင်း ဖြစ်သည်။ ထို့ပြင် ၎င်း၏မျက်စိရှေ့မှောက်တွင် အလွန်တောင့်တင်းခိုင်မာ၊ အင်အားကြီးသည် ဆိုသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မရှုမလှ ချုပ်ငြိမ်းပျက်သုဉ်း ပျောက်ကွယ်သွားခဲ့ရသော ကံကြမ္မာက အကောင်းဆုံး သင်ခန်းစာအဖြစ်လည်း ရှိနေခဲ့သည် မဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အခြေခံစည်းမျဉ်းဥပဒေမှ မည်သည့်အချိန်ကမျှ သွေဖည်ခဲ့ခြင်းမရှိသည်ကို ယခုနောက်ဆုံး စစ်ကောင်စီ၏ အကျဉ်းစံဘဝဖြင့် စစ်ကောင်စီ၏ တရားစွဲမှုများကို ရင်ဆိုင်နေစဉ် တရားရုံးချိန်းတစ်ခုတွင် ၎င်း၏ရှေ့နေများမှတစ်ဆင့် NLD ပါတီဝင်များနှင့် ပြည်သူကို သတင်းစကားနှစ်ရပ်ဖြင့် ထပ်မံအသိပေးခဲ့သည်။ စစ်ကောင်စီ၏ ပါတီဖြိုခွဲရေး နည်းလမ်းများကို ကိုယ်တိုင်သိမြင်ကြုံတွေ့ထားခဲ့၍ ပါတီဝင်များနှင့် ပြည်သူကို သတိပေးချက်ဟုလည်း ယူဆနိုင်ပါသည်။

ပထမသတင်းစကားမှာ သူသည် မည်သည့်အခါမျှ လူထုဆန္ဒနှင့် ဆန့်ကျင်သော ဆုံးဖြတ်ချက်မျိုး ချမှတ်လုပ်ဆောင်မည်မဟုတ် ဆိုသည့်အချက် ဖြစ်သည်။ အဓိပ္ပာယ်မှာ ပြည်သူ့ဆန္ဒမပါဘဲ နောက်ကွယ်တွင် စစ်ခေါင်းဆောင်များနှင့် မည်သည့် “အပေးအယူ” ကိုမျှ လုပ်မည်မဟုတ်ကြောင်း အာမခံလိုက်ခြင်း ဖြစ်သည်။

ဒုတိယသတင်းစကားမှာ လူထုထောက်ခံမှုရှိနေသရွေ့ NLD ပါတီ တည်ရှိနေမည် ဆိုသည့်အချက် ဖြစ်သည်။ အဓိပ္ပာယ်မှာ စစ်ကောင်စီက NLD ပါတီကို ဖျက်သိမ်းလိမ့်မည်ဟု ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ ထို့ကြောင့် ဖျက်သိမ်းခံရလျှင်လည်း လူထုကို ကျောခိုင်းမသွားဘဲ၊ လူထုထောက်ခံသော ပါတီအဖြစ် လူထုကြားတွင် ဆက်လက်ရပ်တည်ရန် ပါတီဝင်များကို မှာကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်ထိ NLD ပါတီ တည်တံ့နေရသည့် အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှုကြောင့်ဟုဆိုလျှင် အဆိုပါ ထင်ပေါ်ကျော်ကြားမှုသည် အထက်ကပြောခဲ့သော သူ၏ ခိုင်ကျည်သော သံမဏိစည်းမျဉ်းဥပဒေသမှ လာသော အကျိုးဆက်ဟု ဆိုနိုင်ပါသည်။ NLD ပါတီဝင်တိုင်း လိုက်နာရမည့် စည်းမျဉ်းဥပဒေသဆိုသည်မှာ အငြင်းပွားဖွယ်ရှိမည် မထင်ပါ။

၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ မဲပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-EPA

NLD နှင့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အကျပ်အတည်း

NLD ပါတီသည် သမိုင်းတစ်လျှောက် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး အကျပ်အတည်း ၂ ကြိမ် ကြုံတွေ့ဖူးပြီး၊ အဆိုပါ ၂ ကြိမ်စလုံးတွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များက ဖမ်းဆီးထိန်းသိမ်းထားသည့် အချိန်ကာလများ ဖြစ်သည်။ ထိုရွေးကောက်ပွဲများမှာ ၁၉၉၀ နှင့် ၂၀၁၀ တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများဖြစ်သည်။ ယခု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြံစည်နေသော ရွေးကောက်ပွဲအသစ် ကျင်းပရန် ပါတီများမှတ်ပုံတင်ဥပဒေအသစ် ထုတ်ပြန်ချိန်တွင် NLD သည် တတိယအကြိမ်အကျပ်အတည်းကို ကြုံတွေ့ရခြင်း ဖြစ်သည်။

ပထမအကျပ်အတည်း – ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး အကျပ်အတည်း ဖြစ်သည်။ ထိုအချိန်က စစ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် နေအိမ်အကျယ်ချုပ် ချထားပြီး၊ NLD ထိပ်ပိုင်းခေါင်းဆောင် အများအပြားကိုလည်း ဖမ်းဆီးထောင်ချထားချိန် ဖြစ်သည်။

ထိုစဉ်က ဆိုရှယ်လစ် တစ်ပါတီအာဏာရှင်စနစ် ဖျက်သိမ်းပြီး ပထမဆုံးကျင်းပသော ရွေးကောက်ပွဲဖြစ်ခြင်း၊ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရန်အတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ခဲ့ခြင်း၊ ရွေးကောက်ပွဲအလွန်တွင် စစ်တပ်က အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ကမ္ဘာသိကြေညာ ကတိပေးထားခြင်း စသည့် နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် အဖမ်းမခံရဘဲ ကျန်ရှိခဲ့သော NLD ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကင်းမဲ့နေချိန် ပထမဆုံးကြုံတွေ့ခဲ့ရသော ထိုအကျပ်အတည်းကို NLD ဖြတ်ကျော်ခဲ့ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၁၉၈၉ ဇူလိုင် ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး၊ သူ့ကို ထောက်ခံရပ်တည်ထားသော ပါတီ၏ တတ်သိပညာရှင်များအစုအဖွဲ့မှ ခေါင်းဆောင်များကိုပါ စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော် ပါတီထိပ်ပိုင်းခေါင်းဆောင်များထဲမှ တပ်မှူးဟောင်းကြီးများကို မဖမ်းဆီးဘဲ ချန်ထားခဲ့ခြင်းဖြင့် ပါတီအတွင်း သံသယအက်ကြောင်းကြီး ဖန်တီးပေးခဲ့သည်။ စစ်အစိုးရ၏ ထိုလုပ်ရပ်ကြောင့် NLD အတွင်း “မျိုးချစ်” (တပ်မှူးဟောင်းကြီးများ) နှင့် “တတ်သိ” ဆိုသော အုပ်စုကြီး နှစ်စုကွဲလျက် တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ထိုးနှက်တိုက်ခိုက်ခဲ့ကြရာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးဂယက်မှာလည်း ထိုအုပ်စု နှစ်စုအကြား ပြင်းထန်ခဲ့လေသည်။ 

သို့သော် စစ်ခေါင်းဆောင်များ လိုလားသော မျိုးချစ်နှင့် တတ်သိ အားပြိုင်ရာမှ ပါတီနှစ်ခြမ်းကွဲလျက် ပြိုကွဲသွားသည့်အဖြစ်သို့ မရောက်ခဲ့ပါ။

၁၉၉၅ ဇူလိုင်လအတွင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင် လူထုကို ဟောပြောနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ  – Yvan Cohen/LightRocket via Getty Images

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီ NLD ကို အာဏာမလွှဲပေးသဖြင့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်မြို့ ဂန္ဒီခန်းမတွင် စုဝေးအစည်းအဝေး ကျင်းပပြီး၊ အာဏာလွှဲပေးရန် တောင်းဆိုခဲ့ရာမှ စစ်အစိုးရက တစ်နိုင်ငံလုံးရှိ NLD လွှတ်တော်အမတ်များနှင့် ပါတီတာဝန်ရှိသူများကို ဖမ်းဆီးချေမှုန်းသည့် စစ်ဆင်ရေး လုပ်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ထိုစဉ်က ပါတီခေါင်းဆောင် ဦးကြည်မောင်အပါအဝင် ခေါင်းဆောင်အများအပြားကို ထပ်မံ ဖမ်းဆီးသဖြင့် ပါတီအင်အားချည့်နဲ့နေချိန် အကျဉ်းကျနေသူများကို ပါတီတွင် ဆက်လက်ထားရှိခြင်းသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ငြိစွန်းနေသဖြင့် ပါတီမှ ထုတ်ပယ်ရမည်၊ မထုတ်ပယ်လျှင် ပါတီကို ဖျက်သိမ်းမည်ဟု ထိုစဉ်က စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ဖိအားပေးခဲ့သည်။

ထိုစဉ်က ပါတီတွင် မျိုးချစ်တပ်မှူးဟောင်းကြီးများဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်နှင့် အခြားတပ်မှူးဟောင်းကြီးများက ဦးဆောင်နေချိန်ဖြစ်၍ ပါတီတွင် ဩဇာအကြီးမားဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်လိုက်လျှင် သေချာပေါက် ပါတီပြိုကွဲမည်ဟု စစ်ခေါင်းဆောင်များ တွက်ချက်ထားခဲ့သည်။ 

စစ်ခေါင်းဆောင်များ ထင်ထားသလို ပါတီပြိုကွဲသွားခြင်း မရှိခဲ့ပါ။ သို့သော် ပါတီခေါင်းဆောင်တာဝန်ယူထားကြသော မျိုးချစ်တပ်မှူးဟောင်းကြီးများအပေါ် အောက်ခြေပါတီဝင်ထု၏ မယုံကြည်မှုနှင့် ဆန့်ကျင်မှုများ ပေါ်ပေါက်ခဲ့သည်။

ဒုတိယအကျပ်အတည်း – ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အကျပ်အတည်း ဖြစ်သည်။ ထိုဖြစ်ရပ်တွင် ယခင်စစ်အစိုးရ အာဏာရှင်သန်းရွှေက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ယန္တရားကို အသုံးပြုပြီး NLD ပြိုကွဲရေး ကြိုးပမ်းခဲ့သည်။

အာဏာရှင်သန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ရေးဆွဲရာတွင် NLD ပါတီ ပြန်လည်မှတ်ပုံတင်နိုင်ခြင်း မရှိစေရန် ပုဒ်မတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းခဲ့သည်။

ထိုပုဒ်မမှာ ပါတီတည်ထောင်သူ ခေါင်းဆောင်များထဲတွင်လည်းကောင်း၊ ပါတီဝင်များထဲတွင်လည်းကောင်း ထောင်ကျနေသူများ မပါဝင်ရဟု ကန့်သတ်ထားခဲ့သည်။ ထိုကန့်သတ်ချက်ကြောင့် NLD သည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်ရမည့် အခြေဆိုက်ခဲ့ပြီး၊ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသော ပါတီ၏ အဆင့်အသီးသီးတွင် တာဝန်ယူထားကြသော ပါတီဝင်များကိုလည်း ထုတ်ပယ်ရမည် ဖြစ်သည်။

စစ်ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲကော်မရှင်ယန္တရားနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသုံးချပြီး NLD ပြိုကွဲရေး ကြိုးပမ်းခဲ့သည်မှာ ထိုဖြစ်ရပ်သည် ပထဆုံးအကြိမ် မဟုတ်ပါ။ 

NLD ပြိုကွဲရေး စစ်ခေါင်းဆောင်များ မည်သို့ပင် ကြိုးပမ်းခဲ့စေကာမူ မပြိုကွဲရသည့်အကြောင်းရင်းကို လေ့လာ သုံးသပ်ကြည့်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေသော်လည်း၊ ပါတီ၏ ကျန်ရှိသော ခေါင်းဆောင်ပိုင်းနှင့် ပါတီဝင်ထုထဲတွင် သူတို့ခေါင်းဆောင် တစ်ချိန်တွင် ပြန်လည်လွတ်မြောက်လာပြီး၊ ပါတီကို ပြန်လည်ဦးဆောင်လိမ့်မည်ဟု ခံယူလျက် ခေါင်းဆောင်အပေါ် သစ္စာရှိစွာ ရပ်တည်ခဲ့ကြခြင်းကြောင့်ဟု လေ့လာသုံးသပ်တွေ့ရှိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် နေပြည်တော် သမ္မတအိမ်တော်အနီး တွေ့ရသည့် စစ်သားများ။ ဓာတ်ပုံ-EPA

တတိယအကျပ်အတည်း – ယခုတစ်ကြိမ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သော်လည်း၊ စစ်ခေါင်းဆောင်များသည် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့သည်မှာ NLD သမိုင်းတွင် ဒုတိယအကြိမ်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် NLD သည် အာဏာရပါတီ ဖြစ်သည်။ 

ထို့ပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားသော အစိုးရသက်တမ်း ကုန်ဆုံးခြင်းမရှိသေးချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သဖြင့် ကုလသမဂ္ဂတွင် ယနေ့အချိန်ထိ နိုင်ငံအကြီးအကဲကို သမ္မတဦးဝင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်အဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်သည်။ ထို့ကြောင့် အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများကလည်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို အသိအမှတ်မပြုကြပါ။

အာဏာသိမ်းထားသည်မှာ ၂ နှစ်ကျော်လာသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီး၏ အသိအမှတ်ပြုခြင်းမခံရသော မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအသစ် ကျင်းပပြီး NLD ပါတီကိုလည်း တရားဝင်ရပ်တည်ခွင့် ဖျက်သိမ်း၊ ၎င်းကိုယ်တိုင်လည်း ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်က ရွေးချယ်တင်မြှောက်သော သမ္မတရာထူးကို မျှော်မှန်းလျက် တရားဝင်နိုင်ငံအကြီးအကဲဖြစ်ရေး ကြိုးပမ်းလာသည်။

ယနေ့ NLD ရင်ဆိုင်နေရသော အကျပ်အတည်းမှာ သမိုင်းတစ်ပတ်လည် ရင်ဆိုင်နေရခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်အဆက်ဆက် ယုတ်မာရက်စက်ခဲ့ကြသော်လည်း မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုတ်မှုမှာ စံချိန်တင်ခဲ့ပြီ ဖြစ်သည်။

ယခင်စစ်အစိုးရလက်ထက် စစ်ခေါင်းဆောင် သန်းရွှေနှင့် ခင်ညွန့်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘဝဖြင့် ချုပ်နှောင်ထားခဲ့သော်လည်း၊ မင်းအောင်လှိုင်သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးတကြီးဖြင့် သူ၏လက်ကျန်ဘဝတစ်လျှောက်လုံး အကျဉ်းထောင်ထဲတွင်သာ ကုန်ဆုံးစေရန် ကြံစည်ထားသည်။

ဤတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား လူတိုင်းတွင် သံသယရှိနေကြသည်။ ထို့အတူ ယခုတစ်ကြိမ်တွင် NLD ပါတီတွင် ကျန်ရစ်နေသော ခေါင်းဆောင်များမှာ ပါတီကို တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သော ခေါင်းဆောင်များ မကျန်ရစ်တော့သဖြင့်၊ ပါတီ၏ လက်ရှိခေါင်းဆောင်မှုသည် စစ်ကောင်စီ၏ နည်းမျိုးစုံဖိအားများကို ခံနိုင်ရည်ရှိပါတော့မလား။ ထိုအချက်ကို မင်းအောင်လှိုင်ကိုယ်တိုင် အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချနိုင်ပါသည်။

ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရကို ဖြုတ်ချ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည့် စစ်တပ်လုပ်ရပ်ကို ၂၀၂၀ ဖေဖော်ဝါရီလအတွင်း မန္တလေးမြို့ခံများ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-Myanmar Now

ခေါင်းဆောင်မှုကင်းမဲ့နေသော NLD ပြိုကွဲရေး မင်းအောင်လှိုင်၏ အကြံအစည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အစောပိုင်းတွင် NLD ကို အင်အားသုံး ဖျက်သိမ်းပစ်ရန် ကြံစည်ခဲ့ပုံရသည်။ သို့သော် ၎င်းတို့စွပ်စွဲထားသော မဲလိမ်မဲခိုးခြင်းကိစ္စကို သက်သေမပြနိုင်ဘဲ ဖြစ်နေစဉ် အလျင်စလို ဖျက်သိမ်းလိုက်လျှင် ကမ္ဘာကို လိမ်ညာထားသော အချက်မှာ ပေါ်သွားပေလိမ့်မည်။

တစ်ဖန် ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု စွပ်စွဲပြီး အရပ်သားအစိုးရကို အာဏာသိမ်းခဲ့သော စစ်တပ်၏ ယုတ်ညံ့သော အကြံအစည်ကို မခံမရပ်နိုင်သော ပြည်သူများက နိုင်ငံအနှံ့ ဆန္ဒပြကြသဖြင့် မင်းအောင်လှိုင် ထင်မှတ်မထားဘဲ အငိုက်မိခဲ့သည်။

ဆန္ဒပြပြည်သူများကို လူမဆန်ရက်စက်စွာ သတ်ဖြတ်ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်လာသည့်အခါ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှ ရမည်ဟု ယုံကြည်သော လူငယ်မျိုးဆက်သစ် (Generation Z) များက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာကြချိန်တွင်လည်း ၎င်းတို့၏ အင်မတန်တောင့်တင်းသော စစ်တပ်ဖြင့် အလွယ်တကူချေမှုန်းနိုင်မည်ထင်ခဲ့သော မင်းအောင်လှိုင် အငိုက်မိပြန်သည်။ 

ထိုအခါ စစ်တပ်ကို ခုခံတော်လှန်နေကြသူများသည် NLD ပါတီ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဟု ဝါဒဖြန့်ပြီး၊ “NLD လိုလားသော အကြမ်းဖက် PDF” များဟု နေ့စဉ်သတင်းစာတွင် ဖော်ပြလာသည်။ ထိုလုပ်ရပ်မှာ NLD ပါတီသည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနှင့် ငြိစွန်းနေကြောင်း သက်သေထူထောင်နေခြင်းဖြစ်သည်။ တစ်ဖက်တွင် အတိုက်အခံ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက NLD ပါတီကို ဖျက်သိမ်းပစ်ရမည်ဟု စစ်တပ်ကို တွန်းအားပေးခဲ့ကြသည်။ 

သို့သော် အိမ်နီးချင်း တရုတ်နိုင်ငံကိုယ်တိုင်က တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီများအကြား ပါတီချင်းဆက်ဆံရေးတွင် NLD ပါတီကိုပါ ဖိတ်ကြားဆက်ဆံခဲ့ပြီး၊ တရုတ်နိုင်ငံ၏ အသိအမှတ်ပြုမှုကို ပြသခဲ့ရာ မင်းအောင်လှိုင်အတွက် NLD ကို ကြံ့ခိုင်ရေးခေါင်းဆောင်များ တွန်းအားပေးသလို အင်အားသုံး ဖျက်သိမ်းရေးမှာ အကျပ်အတည်းတွေ့ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရန်ကုန်မြို့တွင် အပြိုင်မဲဆွယ်နေသည့် NLD နှင့် USDP ထောက်ခံသူများ။ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီသည် NLD ကို ရွေးကောက်ပွဲတွင် အနိုင်ရလေ့မရှိပေ။ ဓာတ်ပုံ – Myanmar Now

ထိုအခါ မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမားဖြစ်သော သန်းရွှေ၏ နည်းလမ်းဟောင်းကို ပြန်လည်အသုံးချလာသည်။ ယင်းမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဖျက်သိမ်းပြီး၊ ဥပဒေအသစ် ပြန်လည်ပြဋ္ဌာန်းကာ တည်ဆဲဥပဒေအရ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီအားလုံးကို အသစ်တစ်ဖန် ပြန်လည်မှတ်ပုံတင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင် ပြဋ္ဌာန်းလိုက်သော ဥပဒေသစ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိစေရန် စနစ်တကျ ထည့်သွင်းထားခဲ့သော ပုဒ်မနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုဖြင့် သမ္မတဦးသိန်းစိန်က ပယ်ဖျက်ပေးခဲ့သော ပုဒ်မတို့ကို ပြန်လည်ထည့်သွင်းထားသည်။

ထိုပုဒ်မ ၁၀ (င) ပါ ပါတီဝင်တစ်ဦး၏ အရည်အချင်းများထဲတွင် “ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း” ဆိုသည့်အချက် ပါဝင်သည်။ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ထိုဥပဒေသစ်အရ ပါတီများအားလုံး ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရန် အချိန်ကန့်သတ်ထားသည်။

ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏အဓိကခေါင်းဆောင်များဖြစ်သော သမ္မတဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့အပါအဝင် ပါတီ၏ အဆင့်အသီးသီးရှိ ခေါင်းဆောင်များကို ထုတ်ပယ်ပြီး၊ ပါတီရှင်သန်ရေးအတွက် စစ်ကောင်စီလက်အောက်တွင် ပြန်လည်မှတ်ပုံတင်မည်လား၊ ပါတီဖျက်သိမ်းခံမည်လား ဆိုသည့် သမိုင်းတစ်ကျော့ပြန်အကျပ်အတည်းကို NLD ရင်ဆိုင်နေရပြီ ဖြစ်သည်။  

ရက်ပေါင်း ၆၀ အတွင်း NLD ပါတီက မှတ်ပုံပြန်မတင်လျှင် ယင်းသည် NLD ၏ ရွေးချယ်မှုသာ ဖြစ်ပြီး၊ ပါတီဖျက်သိမ်းရန် ကြေညာစရာမလိုဘဲ အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ဤနည်းဖြင့် မင်းအောင်လှိုင်သည် NLD ကို ၎င်းကိုယ်တိုင် ကြေညာချက်ထုတ် ဖျက်သိမ်းခဲ့ခြင်း မဟုတ်ကြောင်း စနစ်တကျ လုပ်ဆောင်ထားသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်အနီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူထုကို တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ -EPA

မင်းအောင်လှိုင်၏ အကြမ်းဖက်လှိုင်းဒဏ်အောက်မှာ NLD ပြိုကွဲသွားမလား

လက်ရှိအချိန်တွင် မင်းအောင်လှိုင်သည် ကြံစည်ထားသော ရွေးကောက်ပွဲကိုလည်း မကျင်းပနိုင်တော့ဘဲ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်နေကြသော ပြည်သူများကို “အကြမ်းဖက်သမားများ” ဟု တံဆိပ်ကပ် ဝါဒဖြန့်ပြီး ၎င်းတို့ကို တော်လှန်နေကြသော ဒေသများတွင် မြေလှန်မီးရှို့ကာ တွေ့သမျှပြည်သူကို PDF ဟု ယူဆ၊ သတ်ဖြတ်လျက်ရှိသည်။

ပြည်သူများသည် ၎င်းတို့ကို ဖမ်းဆီးသတ်ဖြတ်နေသော စစ်တပ်၏အန္တရာယ်မှ ကိုယ့်ကိုယ်ကိုယ် ရှင်သန်နိုင်ရေး ရရာလက်နက်ဖြင့် ခုခံကာကွယ်နေကြရသည်။ အကြမ်းဖက်စစ်တပ်က အကြမ်းဖက်သမားများအဖြစ် ဝါဒဖြန့်ခြင်းကိုလည်း ပြည်သူတို့ ခံနေရသည်။

စစ်တပ်၏ “အကြမ်းဖက်သမား” ဝါဒဖြန့်ဗျူဟာထဲ ပိတ်မိလျက် အချင်းချင်းသွေးကွဲနေကြသူများမှာ NLD ပါတီဝင်များ ဖြစ်နေပြန်သည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်နည်းလမ်းကို ပါတီလမ်းစဉ်အဖြစ် ချမှတ်ထားသောကြောင့် လက်နက်ကိုင် ပြန်လည်ခုခံနေသော ပြည်သူများကို အကြမ်းဖက်နည်းလမ်းရွေးချယ်သူများဟု သတ်မှတ်မည်ဆိုလျှင် စစ်ကောင်စီ၏ ဝါဒဖြန့်ခြင်းကို အသိမဲ့လိုက်ပါနေခြင်းပင် ဖြစ်သည်။

အမှန်စင်စစ် NLD ပါတီဝင်တချို့သည် အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကို ပါတီ၏လမ်းစဉ်အဖြစ် ပြောဆိုနေကြသော်လည်း၊ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်နည်းလမ်းဟု ပါတီက တရားဝင်သတ်မှတ်ထားသလား ဆိုသည့်အချက်ကို ဆန်းစစ်လေ့လာခြင်း မရှိကြပါ။

စစ်တပ်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၏ နည်းလမ်းကို “အကြမ်းဖက်နိုင်ငံရေးနည်းလမ်း” အဖြစ် မည်သည့်အချိန်ကမျှ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုခဲ့ခြင်း မရှိသည်ကို တွေ့ရှိရမှာဖြစ်သလို၊ ပါတီ၏ မူဝါဒများထဲတွင် အကြမ်းဖက်နည်းလမ်းအဖြစ် သတ်မှတ်ထားခြင်းလည်း မရှိပါ။  

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသမားဖြစ်ပြီး တော်လှန်ရေးသမားမဟုတ်ပါ။ ထို့ကြောင့် NLD ပါတီ၏ နိုင်ငံရေးလမ်းစဉ်ချမှတ်ရာတွင် လက်နက်ကိုင်တော်လှန်ရေးနည်းလမ်း မရွေးချယ်ခြင်းမှာ သဘာဝကျသည်။ သို့သော် တိုင်းရင်းသားအခွင့်အရေးများအတွက် လက်နက်ကိုင်တော်လှန်နေကြသည့် EAOs များသည် စစ်အာဏာရှင်စနစ်ကို လက်မခံသဖြင့် တော်လှန်နေခြင်းဖြစ်၍ နိုင်ငံရေးဘုံသဘောထား ရပ်တည်ချက်တူသူများအဖြစ် အသိအမှတ်ပြုထားပြီး၊ ၎င်းတို့၏လက်နက်ကိုင်လမ်းစဉ်ကို အခြားသော နိုင်ငံရေးနည်းလမ်းတစ်ခုအဖြစ်သာ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားခဲ့သည်။

နေပြည်တော်တွင် ၂၀၁၇ ခုနှစ်က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့်အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-EPA

၁၉၉၇ ဇန်နဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲက ထုတ်ပြန်သော နိုင်ငံရေးကြေညာစာတမ်းတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့ဖူးသည်။ စာတမ်းထွက်ပြီး နောက်တစ်လ ရန်ကုန်တွင် ပြုလုပ်သည့် ရွှေရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ထောက်ခံပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများက လက်နက်ကိုင်တော်လှန်လာသည့်အခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF များကို NLD အဖွဲ့ဝင်များအဖြစ် ထပ်တူပြု ဝါဒဖြန့်လာသည်။ ၎င်းတို့သည် နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ဆွေးနွေးဖြေရှင်းရမည့်အစား အကြမ်းဖက်နေကြသည်ဟု တန်ပြန် ဝါဒဖြန့်လျက်ရှိသည်။ စင်စစ် စစ်တပ်က အကြမ်းဖက်၍ အသက်ရှင်သန်ရေးအတွက် ပြည်သူများက ခုခံနေရခြင်းသာ ဖြစ်သည်။

မင်းအောင်လှိုင်နှင့် စစ်ကောင်စီက NLD အဖွဲ့ဝင်များကို နေရာအနှံ့ ဖမ်းဆီးပြီး၊ စစ်ကြောရေးတွင် ရက်ရက်စက်စက် သတ်ဖြတ်ပြသည်။ တစ်ဖက်တွင် NLD ပါတီဝင်များသည် အကြမ်းဖက်သမားများ၊ အကြမ်းဖက်မှုကို လိုလားသူများအဖြစ် ဝါဒဆက်ဖြန့်သည်။ NLD လွှတ်တော်အမတ်များ ဦးဆောင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့(PDFs) များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည်။

ဤနည်းဖြင့် NLD ပါတီဝင်များအကြား အကြမ်မဖက်ရေးလမ်းစဉ် ယုံကြည်သူများက လက်နက်ကိုင်တော်လှန်နေကြသူများကို အပြစ်မြင်လာစေရန် လုပ်ဆောင်ခဲ့သည်။ ထိုသူများကြောင့် ၎င်းတို့ပါ မလုံခြုံတော့ဘဲ စစ်တပ်၏ ရှာဖွေဖမ်းဆီးခြင်းကို ခံရနိုင်သဖြင့် လူမြင်ကွင်း၌ မနေရဲသော ဘဝသို့ ရောက်ကြရသည်ဟု ယူဆမှု ပေါ်ပေါက်လာသည်။ 

တစ်ချိန်က ရဲဘော်ရဲဘက်များဖြစ်ကြသော်လည်း ယခုအခါ CRPH, NUG နှင့် နယ်စပ်ကို ထွက်ပြေးခိုလှုံနေရသော ပါတီဝင်များနှင့် ပြည်တွင်း၌ ကျန်ရှိနေသော ပါတီဝင်များ အချင်းချင်း ဘယ်သူက တရားဝင်၊ ဘယ်သူက တရားမဝင်ဆိုသည့် ငြင်းခုံမှုများဖြင့် အပြန်အလှန် တိုက်ခိုက်လာကြသည်။

ဤသို့ဖြင့် NLD ပါတီဝင်များသည် စစ်ကောင်စီက အကွက်ကျကျ ဖန်တီးထားသော ဖိနှိပ်ဖြိုခွဲရေးယန္တရားကြီး ကောင်းစွာလည်ပတ်နိုင်ရန် ကူညီနေမိလျက်သား ဖြစ်နေသည်။ 

CRPH, NUG နှင့် PDF တို့၏ ရေသောက်မြစ်အဖြစ် စစ်ခေါင်းဆောင်များက ယုံကြည်ယူဆထားသော NLD ပါတီသည် ပါတီတွင်း သွေးကွဲပြီး ညီညွတ်ရေးပျက်ပြားကာ အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်လာမည်ဆိုပါက အမှန်တကယ် ပြိုကွဲပါလိမ့်မည်။ ထိုအခြေအနေရောက်အောင်လည်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကြံစည်ကြိုးပမ်းလျက်ရှိလေသည်။

တော်လှန်ရေးသမားအချို့ကို စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များစွာ ပေါ်ပေါက်လာသည်။ ဓာတ်ပုံ-Myanmar Now

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button