သတင်း

သပိတ်ကျင်းနှင့် စဉ့်ကူးတို့တွင် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ 

မန္တလေးမြို့မြောက်ဘက်ရှိ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယခုလ ၁၁ နှင့် ၁၂ ရက်တို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ တော်လှန်ရေးအဖွဲ့များက ဆိုသည်။

သပိတ်ကျင်းမြို့နယ် ငတတ်အိုင်ကျေးရွာနှင့် စဉ့်ကူးမြို့နယ် ချောင်းသလဲကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ စဉ့်ကူးပကဖတို့နှင့်အတူ ဒေသခံ PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁၁ ရက်နေ့တွင် ချောင်းသလဲဘက်သို့ စစ်ကြောင်းထိုးထွက်လာသည့် စစ်တပ်ကို ငတတ်အိုင်ကျေးရွာအနီးတွင် မိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ M9 အမျိုးအစား ဗုံးပစ်လောင်ချာများ အပါအဝင် ၄၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်လင်းယုန်က ဆိုသည်။

“မိုင်း ၇ လုံးလုံးက နောက်ကျပြီးမှ ပေါက်ကွဲသွားတယ်၊ တောတွေထဲ ဝင်ပြေးတဲ့ကောင်တွေကို လိုက်ပစ်တာ သိပ်မထိခိုက်လိုက်ဘူး”

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် ချောင်းကြီးကျေးရွာမှ အင်အား ၄၀ ခန့်နှင့် လိပ်ပုတ်ရွာမှ အင်အား ၂၀ ခန့်တို့ ထပ်မံအင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ (မတ် ၁၂) နံနက်တွင်လည်း ထီးချိုင့်မြို့နယ်မှတစ်ဆင့် မြစ်ကြောင်းအတိုင်း ချီတက်လာသည့် အင်အား ၅၀ ခန့်ရှိ စစ်သားများသည် ငတတ်အိုင်ကျေးရွာသို့ လာရောက်စုပေါင်းခဲ့ပြီး နေ့လယ်ပိုင်းတွင် စဉ့်ကူးနယ် ချောင်းသလဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးသည်ဟု သိရသည်။

ငတတ်အိုင်ကျေးရွာနှင့် ချောင်းသလဲကျေးရွာအကြား၊ တောင်ခါးပြက်ဒေသအရောက်တွင် အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့သည့်အပြင် ရွှေကျင်ရွာနှင့် ချောင်းသလဲကျေးရွာအကြားတွင်လည်း မိုင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်း‌ဆောင်က ဆိုသည်။

“တောင်ခါးပြက်နားမှာတော့ မိုင်းကလည်း အလုံး ၃၀ လောက်ရှိတဲ့ ကွင်းထဲအရောက် ခွဲနိုင်ခဲ့တယ်။ ရွှေကျင်ကနေ ချောင်းသလဲကို ကူးတဲ့အချိန်မှာလည်း ရှေ့ထွက်မိုင်း ၅ လုံးမိတယ်။ အထိနာသွားတဲ့အချိန် ပဒိန် (M9 ဗုံးပစ်လောင်ချာ) နဲ့ ပစ်တာရော၊ ၄၀ စိန်ပြောင်းနဲ့ ပစ်တာရောက ဒီကောင်တွေရဲ့ လက်နက်ကြီးအဖွဲ့ပေါ် တည့်တည့်ကျသွားတယ်” ဟု ဆိုသည်။

“ကျွန်တော်တို့ပစ်တာက တစ်ဖွဲ့၊ စောင့်ကြည့်တာက တစ်ဖွဲ့ဆိုတော့ စောင့်ကြည့်တဲ့အဖွဲ့က သေချာမြင်လိုက်ရတာ၊ တည့်တည့်ကျသွားပြီးတော့ တရွတ်တိုက် ဆွဲသွားတာတွေရော၊ စောင်တွေနဲ့ ထမ်းထုတ်သွားတာတွေရော တွေ့လိုက်ရတယ်၊ အဲ့ဒီဗုံးသီးကျတဲ့နေရာမှာတင် ၇ ကောင် ရလိုက်တယ်” ဟုလည်း ထပ်ဆိုသည်။

အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မတ် ၁၂ ရက်နေ့ ညနေပိုင်းတွင် ချောင်းသလဲကျေးရွာသို့ ရောက်ရှိပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ သို့သော် ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

Bo Lin Yone ပြောက်ကျားတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် ရုပ်သံဖိုင်တွင် ကျေးရွာတစ်ခု မီးဟုန်းဟုန်းလောင်လျက်ရှိပြီး၊ စစ်ကောင်စီတပ်က ရွာအနီးတွင် ရှိနေသည်ကို တွေ့ရသည်။

နောက်တစ်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ရွာသားများကို ကယ်ထုတ်နေသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီတပ်က မီးရှို့နေစဉ်မှာပင် တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၁၂ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး ရွာမှ ထွက်ခွာချိန်တွင် ၆၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်း‌ဆောင်က ပြောသည်။

ယင်းတိုက်ခိုက်မှုများတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းအလုံး ၅၀ ကျော်နှင့် လက်နက်ကြီး ဗုံးသီးများစွာလည်း အသုံးပြုခဲ့ရပြီး စစ်ကောင်စီတပ်က အနည်းဆုံး ၇ ယောက် သေဆုံးခဲ့ပြီး၊ ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ယနေ့ (မတ်လ ၁၃ ရက်) တွင် ချောင်းကြီးကျေးရွာဘက်မှ ဖောကားနှစ်စီးက ထိခိုက်သွားသည့် စစ်ကောင်စီတပ်သားများကို လာရောက်သယ်ဆောင်သွားသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

တိုက်ပွဲဖြစ်ပွားရာ သပိတ်ကျင်းနှင့် စဉ့်ကူးနယ်အစပ် ကျေးရွာများကို စစ်ကောင်စီတပ်က တစ်လလျှင် နှစ်ကြိမ်ခန့် ရွာစဉ်ပတ်လျက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ခုခံတိုက်ခိုက်လျက်ရှိနေသည်။

ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပကဖ) နှင့် မဟာမိတ်တပ်များသည် သပိတ်ကျင်းနှင့် စဉ့်ကူးနယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button