သတင်း

ငွေကြေးခဝါချမှုကာကွယ်ရေးဆိုင်ရာ အာဆီယံဆွေးနွေးပွဲ စစ်ကောင်စီကို ဖိတ်

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား၊ လာအိုနှင့် ဥရောပသမဂ္ဂတို့ ဦးဆောင်ပြုလုပ်မည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များကို ငွေကြေးထောက်ပံ့မှုမှ တိုက်ဖျက်ကာကွယ်ရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲတက်ရောက်ရန် အာဏာသိမ်း စစ်ကောင်စီကို ဖိတ်ကြားထားသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် မတ် ၈ မှ ၁၀ ရက်နေ့အထိ ကျင်းပမည့် ထိုအလုပ်ရုံဆွေးနွေးပွဲကို ဂျာမနီဖွံ့ဖြိုးရေးအေဂျင်စီ (GIZ) က ငွေကြေးထောက်ပံ့ပေးပြီး ယနေ့တွင် ဥရောပသမဂ္ဂက ညစာစားပွဲဖြင့် ဧည့်ခံမည်ဟု စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က ထုတ်ပြန်သည်။

ထိုဆွေးနွေးပွဲတက်ရောက်ရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရဲတပ်ဖွဲ့နှင့် အကျဉ်းထောင်များကို ကိုင်တွယ်နေသည့်ဌာနဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးနှင့် ဒုဝန်ကြီး အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသည်။

အာဆီယံဒေသတွင်းနိုင်ငံများတက်ရောက်မည့် ထိုဆွေးနွေးပွဲတွင် ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက်များကို ဆွေးနွေးကြမည်ဟု သိရသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် FATF အဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းခဲ့ပြီးနောက် ထိုအတိုင်း ဆက်လက်ထည့်သွင်းထားဆဲဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင်လည်း ထပ်မံကြေညာခဲ့သည်။

ထိုသို့ အမည်ပျက်စာရင်းသွင်းထားလျက် မြန်မာစစ်တပ်ကိုယ်စားလှယ်များကို ဆွေးနွေးပွဲတက်ရန် ဖိတ်ကြားခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

မြန်မာစစ်တပ်ကို တရားဝင်မှုပေးသလို ဖြစ်နေရုံမျှမက တရားမဝင်ငွေကြေးများ ရရှိနိုင်ရန်နှင့် ငွေကြေးခဝါချမှုများ ပြုလုပ်ရန် နည်းပညာအထောက်အပံ့ပေးနေသည့်နှယ်ဖြစ်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

“မြန်မာစစ်တပ် တစ်ဖွဲ့လုံးဟာ အကျင့်ပျက်ခြစားမှုတွေ ပြည့်နှက်နေတဲ့ အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။ အာဆီယံဒေသတွင်းဖိုရမ် (ARF) အနေနဲ့ မြန်မာစစ်တပ်ကို အန္တရာယ်ရှိ အဖွဲ့အစည်းအဖြစ် မှတ်ယူသင့်တယ်။ ဖိတ်ကြားချက်ကို ချက်ချင်းရုပ်သိမ်းဖို့ တောင်းဆိုပါတယ်”

ဥရောပသမဂ္ဂအနေဖြင့် လာမည့်ဆွေးနွေးပွဲများတွင် စစ်ကောင်စီကိုယ်စားပြုသူ မပါဝင်ရေးကိုသာ ဆောင်ရွက်သင့်ကြောင်း၊​ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသင့်ကြောင်းလည်း မရတနာမောင်က ထောက်ပြသည်။

ဥရောပသမဂ္ဂကို ဆက်သွယ်မေးမြန်းရာတွင် အာဆီယံဒေသတွင်းဖိုရမ်၏ အတွင်းရေးမှူးရုံးက ဖိတ်ကြားခဲ့ခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာစစ်တပ်ကိုယ်စားလှယ်တက်ရောက်ရေး ငွေကြေးထောက်ပံ့ထားခြင်း မရှိဟု ဆိုသည်။

ထို့အတူ မြန်မာစစ်တပ်ကိုယ်စားလှယ်အတွက် ငွေကြေးထောက်ပံ့မည် မဟုတ်ကြောင်း ဂျာမနီဖွံ့ဖြိုးရေးအေဂျင်စီ (GIZ) က အကြောင်းပြန်သည်။  

အင်ဒိုနီးရှားနှင့် လာအိုအစိုးရများကမူ အကြောင်းပြန်ခြင်း မရှိကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးအစည်းအဝေးများမှ ပိတ်ပင်ထားသော်လည်း ဒေသတွင်းဆွေးနွေးပွဲများတွင် ကိုယ်စားပြုသူ တက်ရောက်ရန် စစ်ကောင်စီကို ဖိတ်ကြားခြင်းများနှင့် ပတ်သက်၍ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အစဉ်အမြဲ ဝေဖန်ထောက်ပြနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button