သတင်း

ကရင်နီဒေသတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူငါးဦးထိ ရှိလာ 

ကရင်နီဒေသဟု တော်လှန်ရေးအင်အားစုတို့က သတ်မှတ်ခေါ်ဝေါ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တို့တွင် စစ်တပ်က ပစ်သည့် လက်နက်ကြီးကြောင့် လေးရက်အတွင်း သေဆုံးသူ ငါးဦးအထိ ရှိလာပြီဖြစ်ကာ အသက် ၁၅ နှစ်မှ ၇၀ အရွယ်များဖြစ်ကြသည်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတွင် စစ်ဘေးရှောင် ခိုလှုံနေသည့် ဘုန်းကြီးကျောင်းဝင်းအတွင်း ဖေဖော်ဝါရီ ၂၈ ရက်က လက်နက်ကြီးကျ၍ အသက် ၁၉ နှစ်နှင့် ၁၅ နှစ်အရွယ် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရှောင်များကို ကူညီနေသည့် အမျိုးသားတစ်ဦးထံမှ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် လက်နက်ကြီးစထိမှန်ပြီး အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းထံမှ သိရသည်။ 

ဖယ်ခုံမြို့နယ်အစပ် ပင်လောင်းမြို့နယ်အတွင်းရှိ တောင်စလုံးကျေးရွာအနီး တောင်မဲသင်း၊ လုံးပျဉ်၊ နန်းနိမ့် ကျေးရွာတို့တွင် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်ဟု လူသိများသည့် PNA ပူးပေါင်းထားသည့် တပ်ဖွဲ့ကို ကရင်နီဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များက အပြင်းအထန်ခုခံနေစဉ် စစ်တပ်က လက်နက်ကြီးဖြင့် တုံ့ပြန်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ရှိ ထီးဖိုးကလိုးကျေးရွာအုပ်စုနှင့် ဒေါတမကြီးကျေးရွာအုပ်စုထဲသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ပြန်ရာ အသက် ၇၀ အမျိုးသားတစ်ဦး၊ ဒီးမော့ဆို အနောက်ဘက်ရှိ ကျေးရွာတစ်ရွာသို့ ကျသည့် လက်နက်ကြီးကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောသည်။

“ပုံမှန်အားဖြင့် ဒီးမော့ဆိုတစ်ခွင်တော့ တိုက်ပွဲရှိတယ်။ ဒါပေမဲ့ မနေ့က (ဖေဖော်ဝါရီ ၂၇) ပစ်တဲ့အချိန် တိုက်ပွဲမရှိဘူး။ တိုက်ပွဲမရှိဘဲနဲ့ (စစ်ကောင်စီက) ပစ်ခတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီး အခြေစိုက်သည့် အမှတ် ၁၀၂ ခြေလျင်တပ်ရင်းတို့မှနေ၍ လက်နက်ကြီးဖြင့် ပစ်နေသည်ဟု ဦးဗညားထံမှ သိရသည်။

ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အထိနာသည့် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်နေရာ ဒီးမော့ဆိုဘက်သို့ပါ ကျည်အချို့ ကျလာခြင်းဖြစ်ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ ခွန်းဖရန်စစ်က ဆိုသည်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတွင် ဖေဖော်ဝါရီ ၂၈ ရက်က လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ညီအစ်ကိုနှစ်ဦး (ဓာတ်ပုံ – KNDF B 11)

 “ဒီးမော့ဆို အနောက်ဘက်မှာ လက်နက်ကြီးမကျတာ တစ်ပတ်နီးပါးလောက် ရှိပြီ။ စစ်ကောင်စီက တိုက်ပွဲထဲမှာ နည်းနည်းလေး ထိခိုက်မှုရှိပြီဆို စစ်ရှောင်ရှိတဲ့နေရာ မဲမဲပြီးလိုက်ပစ်တာ သူတို့အကျင့်တစ်ခုပဲ။ ပင်လောင်းဘက်မှာ အကျအဆုံးများလို့ ဒီဘက်မှာ ပစ်လာတယ်လို့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျသည့် ဖြစ်စဉ်အသေးစိတ်နှင့် သေဆုံးသူတို့၏ အမည်များကိုမူ လုံခြုံရေးအရ ထုတ်မပြောနိုင်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။ ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် သေဆုံးသူ၊ ဒဏ်ရာရသူများ၏ ရုပ်ပုံများ ပါဝင်သည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သလို သီးခြားအတည်မပြုနိုင်သေးပါ။

ပင်လောင်းမြို့နယ် လုံးပျဉ်ရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၉ ဦးသေကာ သေနတ် ၈ လက်နှင့် ခဲယမ်းများသိမ်းမိသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က နောက်တစ်ရက်တွင် ထုတ်ပြန်ထားသည်။

အမည်မဖော်လိုသည့် ပင်လောင်းဒေသခံတစ်ဦး၏ ပြောပြချက်အရ ပင်လောင်းမြို့နယ် လုံးပျဉ်နှင့် တောင်မဲသင်းကျေးရွာအကြား ကားလမ်းမပေါ်ရှိ စစ်ကောင်စီနှင့် PNA ပူးပေါင်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လုံးပျဉ်ရွာအပြင်ဘက်တွင် ကရင်နီတော်လှန်ရေးတပ်များရှိပြီး ရွာထဲတွင် စစ်တပ်နှင့် PNA တို့ နေရာယူထားကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲကြောင့် လုံးပျဉ်၊ တောင်မဲသင်း၊ နန်းနိမ့်၊ ပင်ပုံ၊ တောင်စလုံး၊ မြောက်စလုံး စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရကြောင်း စစ်ဘေးရှောင် ကူညီနေသည့် အဖွဲ့အစည်းအချို့ထံမှ သိရသည်။

ထိုစစ်ရှောင်များမှာ ပင်လောင်းမြို့နယ်ထဲရှိ နီးစပ်ရာ ဆွေမျိုးများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ဒေသခံများ စစ်ဘေးရှောင်နေသည်ကို ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Voice of Pinlaung)

“ကျွန်တော်တို့ ပစ္စည်းတွေ မယူလာရဘူး။ လူလွတ်ဖို့ပဲ အရေးကြီးတယ်၊ ပစ္စည်းက အရေးမကြီးဘူးတဲ့ ရွာသားတချို့က ပြောတယ်လေ” ဟု ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှ ထွက်ပြေးလာသည့် ရွာခံ အသက် ၃၀ အရွယ် အမျိုးသားက ပြောသည်။

နန်းနိမ့်ရွာခံ ၁၀၀၀ ခန့် ထွက်ပြေးလာကြပြီး ၎င်းမှာ ဆွေမျိုးအိမ်တွင် ခိုလှုံနေရကြောင်း၊ ကလေးနှစ်ဦးမှာလည်း ဖျားနာနေပြီး စားဝတ်နေရေး အခက်အခဲရှိနေကြောင်း ထိုသူက ပြောသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိသည့် တောင်မဲသင်းကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၂၄ မှစ၍ ရွာခံများ ထွက်ပြေးနေရပြီး ရွာသားသုံးဦး ပျောက်ဆုံးနေကြောင်း ၂၇ ရက်တွင် ရွာကို စွန့်ခွာလာသည့် အသက် ၄၀ ကျော်အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“အဖမ်းခံရတာလား ဘာလား ကျနော်တို့ မသိဘူးပေါ့နော်။ အခုထက်ထိ စစ်ရှောင် (စခန်း) နေရာကို မရောက်လာသေးတော့ အဖမ်းခံရတယ်ပဲ ထင်တယ်။ အဲဒီ (ဖေဖော်ဝါရီ ၂၆) ည ထမင်းပြန်ယူကတည်းက ပြန်ပေါ်မလာတော့ဘူး။ စားဖို့ ထမင်းမရှိလို့ ဘုန်းကြီးကျောင်းအောက်မှာ ပြန်ယူတာ” ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသူများမှာ အသက် ၄၆ အရွယ် ဦးလုံး၊ အသက် ၄၀ ကျော်အရွယ် ကျော်ဘုတ်နှင့် ၂၉ နှစ်အရွယ် ခွန်တနိုင်တို့ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များ ထွက်ပြေးလာရသည့် ကျေးရွာများတွင် လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲမှုများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး အသေးစိတ်မသိရသေးဟု ရွာခံများက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် စစ်အစိုးရက သတ်မှတ်ပေးထားပြီး ထိုဒေသတွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အဓိကလှုပ်ရှားသည်။

ပအိုဝ်းပြည်သူ့စစ်ဟု လူသိများသည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ကယားပြည်နယ်နှင့် ဆက်လျက်ရှိသည့် ရှမ်းပြည်တောင်ပိုင်းဒေသတို့တွင် အခြေစိုက်သည့် ကရင်နီတော်လှန်ရေးအဖွဲ့များကလည်း တက်ကြွစွာ ပါဝင်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button