
စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ရွာသစ်ကြီးကျေးရွာမှ ဘုန်းကြီးတစ်ပါးနှင့် ရွာသားသုံးဦးကို ဖေဖော်ဝါရီ ၂၆ မနက်အစောပိုင်းတွင် စစ်သားအင်အား ၅၀ ခန့်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း စစ်ကိုင်းမြို့နယ်ဒေသခံနှစ်ဦးက Myanmar Now ကို ပြောသည်။
သက်တော်ရအမည်ရှိ ဘုန်းကြီးကျောင်းမှ သက်တော် ၅၀ ခန့်ရှိ ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရနှင့် ထိုကျောင်းအနီးနေအိမ်မှ ၃၉ နှစ်အရွယ် ကိုကုလား၊ ၂၈ နှစ်အရွယ် ကိုဖိုးပိန်နှင့် အခြားလူငယ်တစ်ဦး အဖမ်းခံရသည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ပထမတော့ (စစ်သားတွေက) လက်အုပ်ချီပြီးတော့ ဝင်သွားတာပေါ့။ ဝင်သွားတော့ ဘုန်းကြီးက မင်းတို့ မေးစရာရှိတာ မေး။ ငါသိတာ အကုန်ဖြေမယ်။ ဒါပေမဲ့ ဘယ်မှတော့ မလိုက်နိုင်ဘူး။ ကျောင်ဝင်းထဲမှာပဲ မေးဆိုပြီး ပြောတော့ ဘုန်းကြီးကို လက်သီးနဲ့ ထိုးပြီး ဖမ်းသွားတယ် ပြောတာပဲ” ဟု ဖြစ်စဉ်ကို သိရှိသည့် မျက်မြင်များကို ကိုးကား၍ ၎င်းက ဆိုသည်။
စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ စစ်သားများက အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ထိုရွာထဲ ဝင်ရောက်လာသည်၊ ဘုန်းကြီးကျောင်းပိုင် AD Van ကားကို သိမ်းဆည်းသွားသည်ဟု ၎င်းက ဆိုသည်။
ကိုဖိုးပိန်နှင့် အခြားလူငယ်တစ်ဦးကို ရွာသစ်ကြီးရဲစခန်းတွင် ခေတ္တထိန်းသိမ်းပြီး လွှတ်ပေးခဲ့သော်လည်း ဦးဥတ္တမသာရနှင့် ကိုကုလားကို ဆက်လက်ဖမ်းဆီးထားသည်၊ မည်သည့်နေရာတွင် ဆက်လက်ချုပ်နှောင်ထားသည်ကို မသိရသေးပေ။
ဦးဥတ္တမသာရသည် ရွာသစ်ကြီးရွာအနောက်ဘက်တစ်ကျောကျေးရွာများမှ စစ်ဘေးရှောင်နေရသည့် ကျေးရွာသားများကို ကျွေးမွေးစောင့်ရှောက်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်မည်ဟု အစဉ်ပြောဆိုလေ့ရှိသော်လည်း ၎င်းတို့ကို ဆန့်ကျင်ပါက ရဟန်းသံဃာများပါမချန် ဖမ်းဆီးလေ့ရှိပြီး ဘုန်းကြီးကျောင်းများကိုလည်း မြေလှန်မီးရှို့နေသည်ဟု စစ်ကိုင်းမြို့နယ်အတွင်းမှ ဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၆ တွင် စစ်ကိုင်းမြို့နယ် မူးမြစ်ကမ်းဘေး ဒီပဲယင်းကွဲရွာကို စစ်ကောင်စီလက်နက်ကိုင်တို့ ဝင်ရောက်စီးနင်းပြီး ရွှေဂူကြီးကျောင်းတွင် ယာယီသီတင်းသုံးနေသည့် ဦးဂန္ဓသာရကို ပစ်သတ်ခဲ့သည်။
၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ စစ်ကိုင်းခရိုင်ကို နယ်မြေရှင်းလင်းရေး အကြီးအကျယ်ပြုလုပ်လာကြောင်း၊ စစ်ကောင်စီ ပြုလုပ်လိုသည့် ရွေးကောက်ပွဲအတွက် မန္တလေးမြို့သို့ အဓိကဝင်ထွက်ရာ စစ်ကိုင်းမြို့ကို စိုးမိုးလိုသည့် ရည်ရွယ်ချက်ရှိပုံရကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက သုံးသပ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)