
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ကေအိုင်အေနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကြောင့် ပိတ်မိနေသူများကို တရားဝင်စစ်ဘေးရှောင် ပြည်သူများအဖြစ် အမြန်ဆုံး အသိအမှတ်ပြုကာ စစ်ရှောင်စခန်းများ ဖွင့်လှစ်ပေးရန် ပြည်ထောင်စုအဆင့်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ (UCCPF) က မေလ ၁၄ ရက် (ယနေ့)တွင် တောင်းဆိုလိုက်သည်။
မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့ရှိ စစ်ရှောင်ပြည်သူများအတွက် ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့သည့် ထိုကော်မတီက အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပြီး ယနေ့ရက်စွဲဖြင့် အချက် ငါးချက်ကို တောင်းဆိုလိုက်ရာ စစ်ရှောင်များကို အသိအမှတ်ပြုပြီး တရားဝင်စစ်ရှောင်စခန်းများ ဖွင့်လှစ်ပေးရန်အချက်ကို အဓိက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကော်မတီ၏ တောင်းဆိုချက်များထဲတွင် စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် အကြမ်းဖက်မဖြေရှင်းရန်နှင့် ပုဒ်မတပ်အရေးယူမှုများကို အမြန်ဆုံး ရုပ်သိမ်းရန်တို့လည်း ပါဝင်သည်။
“အဓိကကတော့ သူတို့အကူအညီတွေ အမြန်ဆုံးရဖို့ လတ်တလောအသိအမှတ်ပြုဖို့ပါပဲ” ဟု အဆိုပါကော်မတီ၏ ရုံးလုပ်ငန်းဆပ်ကော်မတီ၊ မွန်ပြည်နယ်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မြင့် ကပြောသည်။
တနိုင်းမြို့နယ် အောင်လော့ရွာ တောတွင်းမှ စစ်ဘေးရှောင် ၂၆၀ ကျော်ကိုလည်း ကော်မတီက ဦးဆောင်၍ ဒေသခံ ဘာသာရေးအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ကယ်ဆယ်ခဲ့ပြီး တနိုင်းမြို့နယ် RC ခရစ်ယာန်နှစ်ခြင်းကျောင်းတွင် နေရာချထားပေးခဲ့ကြောင်း၊ နေထိုင်စားသောက်မှုအခက်အခဲများလည်း ရှိနေကြောင်း အဆိုပါကော်မတီမှ ညှိနှိုင်းရေးဆပ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဌေးက ပြောသည်။
“အဲဒီ စခန်းတွေအကုန်လုံးက ဘုရားကျောင်းတွေမှာ ထားထားတာဖြစ်တယ်။ အဲဒီဟာတွေကို တရားဝင်စစ်ရှောင်စခန်းတွေအဖြစ် သတ်မှတ်ပေးထားတာ မဟုတ်တဲ့အတွက် ဒီလူတွေကို နိုင်ငံတကာရဲ့ အကူအညီတွေ၊ တခြားအရပ်ဘက်အဖွဲ့အစည်းတွေက လွတ်လပ်စွာ ကူညီနိုင်ခွင့်မရနိုင်တဲ့ အနေအထားဖြစ်နေတယ်” ဟု ဦးစိုးဌေးက ပြောသည်။
အောင်လော့ဒေသသည် ယခင်က တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်တွင် မရှိဘဲ ကေအိုင်အေ တပ်မဟာ ၂ အနီးတွင် တည်ရှိခဲ့ပြီး တနိုင်းမြို့ပေါ်ရှိ စစ်ရှောင်စခန်းများအား တရာဝင်အသိအမှတ် ပြုမထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ၎င်းတို့သွားရောက်စဉ်က ပြောသည်ဟု ဦးစိုးဌေးက ပြန်လည် ပြောပြသည်။
အစိုးရက အသိအမှတ်မပြုသေးသည့် စစ်ဘေးရှောင်စခန်း လေးခုခန့် ရှိနေသေးကြောင်း၊ စစ်ရှောင်စခန်းများကို တရားဝင်အသိအမှတ်ပြုရန်ရေးအတွက် တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဆင့်ဆင့်တင်ပြသွားမည်ဟု သိရကြောင်း ဦးစိုးဌေးက ပြောသည်။
ကော်မတီ၏ အချက်အလက်များအရ တနိုင်းမြို့နယ်တွင် ယခင်ရှိပြီးသား စစ်ရှောင်များနှင့် ထပ်မံရွှေ့ပြောင်းလာသူ စစ်ရှောင်အရေအတွက် ၁,၀၀၀ ကျော်ခန့် ရှိနေသည်။
အဆိုပါကော်မတီသည် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး မူလရည်ရွယ်ချက်မှာ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးဖက်အနေဖြင့် ပါဝင်သည်။
တနိုင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုအခြေအနေများနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
မေလ ၁၁ ရက်နေ့က မြစ်ကြီးနားမြို့တွင်ပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပိတ်မိပြည်သူများ အောင်လော့ရွာတွင် မရှိကြောင်းနှင့် မည်သည့်နေရာတွင် ရှိနေကြောင်း မသိရှိရသေးဟု ဆိုသည်။
ဒေသခံများနှင့် ဘာသာရေးအဖွဲ့အစည်းများကတော့ အောင်လော့ဒေသတွင် ပိတ်မိပြည်သူ ၂,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။