သတင်း

မြဝတီအနီး စစ်တပ် ခုခံစစ်ကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနယ်စပ် ထွက်ပြေး

စစ်ကောင်စီက ကရင်ပြည်နယ်ရှိ ၎င်းတို့၏ အခိုင်အမာခြေကုပ်စခန်းတစ်ခု ပိတ်ဆို့တိုက်ခိုက်ခံနေရ၍ လေကြောင်းမှ ဗုံးကြဲသည့်နည်းဖြင့် တုံ့ပြန်နေရာ မြဝတီမြို့နယ် ဝေါလေမြို့တောင်ပိုင်း ကျေးရွာ ၁၃ ရွာမှ ဒေသခံများ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့နှင့်အတူ ကော်သူးလေတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီ ၈ တွင် စတင် တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ မှစ၍ လေတပ်က ကျေးရွာများကို ဗုံးကြဲခဲ့သလို ဝေါလေဗျူဟာကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ထိုနေ့ကတည်းက ထီးကပလယ်၊ ပနွဲ့ဖိုးကလိုး၊ ထီးသဲလယ်၊ ဥကရစ်ခီး၊ မော်ခီး၊ ဘလာတို အပါအဝင် ကျေးရွာ ၁၃ ရွာ မှ ဒေသခံ အရပ်သား ၃၆၀၀ ခန့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးသို့ ထွက်ပြေးခိုလှုံနေရသည်ဟု သိရသည်။

“ညဘက်ကြီး လေယာဉ်နဲ့ ဗုံးကြဲချတာ နှစ်ခါ။ ပြီးတော့ သူတို့ လက်နက်ကြီးနဲ့ ရွာထဲကို လှမ်းပစ်တယ်။ ညတွင်းချင်းပဲ ထွက်ပြေးရတာပဲ” ဟု နွဲ့ဖိုးကလိုးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံဘက်ခြမ်းက လက်မခံသည့်အတွက် နှစ်နိုင်ငံနယ်စပ်ဖြစ်သော သောင်ရင်းမြစ်ကမ်းဘေးတွင် နေထိုင်နေရသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ရှောင်အရေး ကူညီပေးသည့် ဒေါ့ကလူကွန်ရက် (Dawkalu Network) မှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) စောလေအယ်နာက သောင်ရင်းမြစ်ဘေး ရောက်လာသူများ အရေးပေါ်လိုအပ်ချက် များပြားနေသည်ဟု ပြောသည်။

“နှစ်နိုင်ငံ နယ်စပ်က တောတောင်တွေထဲမှာ စစ်ရှောင်နေရတယ်။ အဓိကလိုအပ်ချက်တွေက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ လိုအပ်နေတယ်။ ပြီးတော့ မိုးကာ တာလပတ်အစတွေ လိုတယ်” ဟု သူက ဆိုသည်။

ထိုနေရာသို့ စစ်တပ် စစ်ကူ ရောက်မလာစေရန် ဝေါလေ-ထီးကပလယ်လမ်းပိုင်းကို တိုက်ပွဲဖြစ်သည့်နေ့မှ စပြီး ထိန်းချုပ် ပိတ်ဆို့လိုက်သည်ဟု KTLA မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဗိုလ်စလုံးက ပြောသည်။

“လမ်းပိုင်းကတော့ ကျွန်တော်တို့အဖွဲ့အစည်းမဟုတ်ရင် ပေးမသွားဘူး ပိတ်ထားတယ်။ တိုက်ပွဲ မပြီးမချင်း လမ်းမဖွင့်ပေးဘူး” ဟု သူက ဆိုသည်။

ကရင်ပူးပေါင်းတပ်များက ထီးကပယ်လယ်စခန်းကို ဆက်လက်ပိတ်ဆို့ထားသည်။

ပူးပေါင်းတပ်၏ တိုက်ခိုက်မှုများထဲတွင် ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ စနိုက်ပါ ခေါ် မှန်ပြောင်းတပ်ရိုင်ဖယ်ဖြင့် အဝေးမှ စောင့်ကြည့်ပစ်ခတ်ခြင်းတို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

KNDO တပ်ရင်း ၈ (လုံခြုံရေးတပ်ရင်း) လက်အောက်မှ ဒရုန်းတပ်ဖွဲ့ဖြစ်သော Federal Wings Drone တပ်ခွဲကလည်း ထိုစခန်းကို ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၃ တွင် သတင်းထုတ်ပြန်သည်။

“အခုက အရမ်းကာရော မတိုက်သေးဘူး။ အခြေအနေကို ကြည့်ပြီးမှ နည်းနည်း သွားတိုက်တာ၊ အကြီးအကျယ် မတိုက်သေးဘူး။ အဲဒီစခန်း မပြုတ်မချင်း ကျွန်တော်တို့လည်း မဆုတ်ဘူး” ဟု ဗိုလ်စလုံးက ပြောသည်။

တိုက်ပွဲအခြေအနေ တင်းမာနေသည့် ယခုရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသလို လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးကပယ်လယ်ရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့သည်။

အဆိုပါထီးကပလယ်စခန်းကို ၂၀၂၂ မတ်လတွင် ပူးပေါင်းတပ်က ဝင်တိုက်ခဲ့ဖူးသည်။

ထိုစဉ်ကလည်း လေတပ်စစ်ကူ ရောက်လာသဖြင့် ပူးပေါင်းအဖွဲ့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်သွားသည်၊ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသည်။ 

ထိုစဉ်ကလည်း ပိတ်ဆို့ခံထားရသော အဆိုပါစခန်းကို အင်အားဖြည့်ရန် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၃)  ဦးစီးသည့် တပ်ရင်း ၄ ရင်း အင်အား ၂၀၀ ကျော် ဒေသတွင်း ဝင်ရောက်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ဒေသအခြေစိုက် ကေအိုင်စီသတင်းတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button