စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ မီးရှို့ခံခဲ့ရသည့် ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူတို့က ပြောသည်။
ဌာနဆိုင်ရာ ရုံးများ တည်ရှိသည့် ရုံးကုန်း၊ ဥဒေါင်းကန် စသည့် ရပ်ကွက်များတွင် စစ်တပ်စစ်ဆေးရေးဂိတ်များ ရှိနေပြီး လမ်းသွားလမ်းလာများကို ခေါ်ယူစစ်ဆေးနေသည်ဟု ဘုရားသုံးဆူမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“မြို့လယ်က သူတို့ စခန်းချထားတဲ့ ဥဒေါင်းကန်ရပ်ကွက်ဘက်မှာ ဖုန်းတွေဘာတွေ စစ်တယ်လို့ ကြားရတယ်၊ ရုံးတွေ မီးရှို့ခံရပြီးမှ စစ်တာဆေးတာ ပိုများလာတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ တွင် ဘုရားသုံးဆူမြို့လယ်ရှိ စစ်ထောက်လှမ်းရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာနရုံး (လဝက)၊ စည်ပင်သာယာရုံးတို့ မီးလောင်သွားသည်၊ ဇန်နဝါရီ ၂၉ တွင် မီးလောင်သွားသည့် ရုံးများမှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတို့ ဖြစ်သည်။
ဘုရားသုံးဆူမြို့အဝင်ရှိ နဂါးတောင်ပေါ်တွင် အမြောက်တပ်တစ်ခု အထိုင်ချ နေရာယူထားပြီး မြို့လယ်ရှိ ဥဒေါင်းကန်အနီးတွင်လည်း စစ်ကောင်စီဗျူဟာစခန်းရှိနေကာ ထိုင်း-မြန်မာ နယ်စပ်အနီးတွင်လည်း စစ်ကောင်စီဂိတ်စခန်းတစ်ခု ရှိနေသည်။
မြို့ပေါ်တွင် အဖွဲ့လိုက် ကင်းလှည့်လေ့ရှိသည်ဟုလည်း ဘုရားသုံးဆူမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့ထဲကို လေးငါးယောက် တစ်စု စုပြီးတော့ ကားနဲ့ ကင်းလှည့်တယ်လို့ ကြားတယ်။ ဒါပေမဲ့ မိန်းလမ်းမကြီးပေါ်မှာ လှည့်တာပါ။ လမ်းသွယ်တွေထဲ မဝင်ဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ဘုရားသုံးဆူမြို့အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီ ၂၆ မှ မတ် ၂၅ အထိ ထုတ်ပြန်ထားပြီး ယင်းအမိန့်ထဲတွင် လူ ၅ ဦးထက် ပိုမစုဝေးရန်၊ ညနေ ၆ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန် တားမြစ်ထားသည်။
ဘုရားသုံးဆူမြို့အပါအဝင် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်စွာ ကိုင်တွယ်နေကြောင်း KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ဆိုသည်။
“ကျွန်တော်တို့ ခွင်ကို စစ်အုပ်ချုပ်ရေး ချမှတ်ပြီးတော့ အင်အားသုံးပြီး နှိပ်ကွပ်နေတယ်။ ခုရက်ပိုင်း အောက်ခြေက ပို့တဲ့ ကြေးနန်းတွေအရ သိရတဲ့အပြင် တခြားသတင်းရတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
KNU ထိန်းချုပ်နယ်မြေအတွင်း၌ အာဏာသိမ်း နှစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပေါင်း ၈,၀၀၀ကျော် ဖြစ်ပွားခဲ့ကာ စစ်တပ်က ၆,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း KNU က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀,၀၀၀ နီးပါး ရှိနေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ဆိုသည်။
သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU အနေဖြင့် စစ်တပ်က အာဏာသိမ်းယူမှုကို လက်မခံကြောင်း ခိုင်ခိုင်မာမာပြောဆိုထားသလို ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကို ခိုလှုံခွင့်ပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)