အတွေးအမြင်

ဥပဒေအထက်တွင် နေထိုင်သူ မင်းအောင်လှိုင်၏ မင်းမဲ့စရိုက်

မြန်မာနိုင်ငံတွင် လူထုဆန္ဒပြပွဲများ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာတိုင်း ထိုလှုပ်ရှားမှုများကို စစ်အာဏာရှင်တို့က “မင်းမဲ့စရိုက်” ဟု သုံးနှုန်း၊ တံဆိပ်ကပ်လေ့ရှိကြသည်။ တစ်နည်းအားဖြင့် ၎င်းတို့၏ အကြမ်းဖက်နှိမ်နှင်းမှုများကို တရားဥပဒေစိုးမိုးရေး လုပ်ရပ်အဖြစ် ပုံဖော်ခြင်း ဖြစ်သည်။  

ဤသို့ဖြင့် စစ်တပ်၏ အကြမ်းဖက်မှုများက ယနေ့အချိန်ထိ ဥပဒေအရ အရေးယူနိုင်ခြင်းမှ ကင်းလွတ်လျက်ရှိသည်။ သို့သော် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ၎င်းတို့ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေများကို မလိုက်နာဘဲ ဥပဒေအထက်ကနေနေ ပြုမူနေခြင်းသည်သာ အမှန်စင်စစ် “မင်းမဲ့စရိုက်” ဟု ဆိုရမည် ဖြစ်သည်။

မင်းအောင်လှိုင်သည် နိုင်ငံကို အုပ်ချုပ်သော “မင်း” မဟုတ်သလို၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သော ၎င်း၏ ဥပဒေမဲ့ “စရိုက်” ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းခဲ့သည့် လုပ်ရပ်မှစ၍ အထင်အရှား တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ ၂၀၂၃ ဖေဇော်ဝါရီလ ၁ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတွေ့မြင်ခဲ့ရပြန်သည်။

တစ်နည်းအားဖြင့် မင်းအောင်လှိုင်သည် စစ်တပ်က ရေးဆွဲပြဋ္ဌာန်းခဲ့သော ၂၀၀၈ ခြေ/ဥကို လူသိထင်ရှား နှစ်ကြိမ်ချိုးဖောက်ခဲ့ပြီး၊ တိုင်းပြည်၏ အာဏာအရပ်ရပ်ကို ဥပဒေအထက်က တစ်ဦးတည်းချုပ်ကိုင်ထားသူ၊ မင်းမဲ့စရိုက်ဆန်ဆန် အုပ်ချုပ်နေသူ ဖြစ်သည်။

ခြေ/ဥကို ချိုးဖောက်ပြီး သမ္မတကို ဖမ်းဆီးခဲ့ကြောင်း မင်းအောင်လှိုင်၏ တရားဝင်ဖြောင့်ချက် 

အာဏာသိမ်း ၂ နှစ်ပြည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးဟု အမည်တပ်ပြီး၊ စစ်ခေါင်းဆောင်များ၏ အာဏာသိမ်း ၂ နှစ်မြောက် အစည်းအဝေးတွင် မင်းအောင်လှိုင်သည် သမ္မတဦးဝင်းမြင့်နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း လူသိထင်ရှား ပြောဆိုခဲ့သည်။

“…ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့အရ ဦးဝင်းမြင့်သည် အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေခြင်း၊ ပါတီတာဝန်ထမ်းဆောင်နေခြင်း၊ ဥပဒေအရ အမှုဖွင့် အရေးယူခံထားရခြင်းတို့ကြောင့် သမ္မတအဖြစ် ရပ်တည်ပိုင်ခွင့်မရှိကြောင်း…” 

အထက်ပါပြောဆိုချက်က မင်းအောင်လှိုင်သည် သမ္မတဦးဝင်းမြင့်ကို မည်ကဲ့သို့လုပ်ဆောင်ခဲ့ကြောင်း ၎င်း၏နှုတ်က ဝန်ခံဖြောင့်ချက် ပေးလိုက်ခြင်းဖြစ်ပြီး၊ တရားရုံးတစ်ခုသို့ တင်သွင်းနိုင်သော သက်သေအထောက်အထားဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သမ္မတအိမ်တော်ကို မင်းအောင်လှိုင်၏ စစ်တပ်က စီးနင်းခဲ့ပုံနှင့် သမ္မတဦးဝင်းမြင့်ကို အတင်းအဓမ္မ နုတ်ထွက်ခိုင်းခဲ့ပုံများကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် သမ္မတကိုယ်တိုင် နှုတ်ထွက်သက်သေ ပြောကြားခဲ့ပြီး ဖြစ်သည်။ 

နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်သည်ဟု ယုံကြည်လျှင် သမ္မတကို ရွေးချယ်တင်မြောက်ခဲ့သော ပြည်ထောင်စုလွှတ်တော်ကသာ စွပ်စွဲပြစ်တင်ခြင်း (Impeachment) ဖြင့် အရေးယူနိုင်ပြီး၊ ထိုသို့ အရေးယူရာတွင်လည်း ဥပဒေနှင့်အညီသာ လုပ်ဆောင်ရမည်ဖြစ်သဖြင့် ခြေ/ဥ၏ အခန်း (၃) ပုဒ်မ (၇၁)၊ ပုဒ်မခွဲ (က) မှ (ဆ) အထိ သမ္မတကို အရေးယူနိုင်သော ပြဋ္ဌာန်းချက်များကို အသေးစိတ် ဖော်ပြထားသည်။ ပုဒ်မ (၇၁) အရ အရေးယူခြင်းမှလွဲလျှင်၊ နိုင်ငံတော်သမ္မတကို မည်သည့်တရားရုံးတွင်မျှ အရေးယူခွင့်မရှိကြောင်း ခြေ/ဥ ပုဒ်မ (၂၁၅) တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။ 

သို့ဖြစ်ပါလျက် မင်းအောင်လှိုင်သည် သမ္မတကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ စွပ်စွဲချက်အမျိုးမျိုးဖြင့် ၎င်းကိုယ်တိုင် ဖန်တီးထားသော တရားရုံးတွင် စီရင်ခြင်းနှင့် ထောင်ချခြင်း စသည့် လုပ်ရပ်များက ခြေ/ဥကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သော ဥပဒေမဲ့လုပ်ရပ်များဖြစ်ပြီး၊ ယခုအခါ သမ္မတဦးဝင်းမြင့်ကို သမ္မတအဖြစ် ရပ်တည်ပိုင်ခွင့်မရှိဟု ပြောလာခြင်း ဖြစ်သည်။ 

ထို့ကြောင့် ခြေ/ဥ ၏ အထက်က မင်းအောင်လှိုင်၏ မင်းမဲ့စရိုက်သည် အာဏာသိမ်း ၂ နှစ်ပြည့်နေ့တွင် ထပ်မံပေါ်လွင်ထင်ရှားလာသည်။

၂၀၂၃ ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်ကိုင်းတိုင်းတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ကန့်ကွက်နေကြသူများ

ကိုယ်တိုင်ထောင်ခဲ့သော ကျော့ကွင်းတွင် ပြန်မိနေသော မင်းအောင်လှိုင် 

အာဏာသိမ်းမှု ကျူးလွန်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မင်းအောင်လှိုင် ခြေ/ဥကို ချိုးဖောက်ခဲ့ကြောင်း တစ်ကမ္ဘာလုံးက သိရှိကြသည်။ ထို့ကြောင့် ၎င်းအား နိုင်ငံအကြီးအကဲအဖြစ် ကုလသမဂ္ဂက လက်မခံသလို၊ အာဆီယံအသင်းကြီးကလည်း ငြင်းဆန်ခဲ့သည်။

ခြေ/ဥနှင့်အညီ အာဏာထိန်းခြင်းသာ ဖြစ်သည်ဟု ဘူးခံငြင်းဆန်နေသော မင်းအောင်လှိုင်သည် ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၎င်းထောင်ထားခဲ့သော ကျော့ကွင်းတွင် ၎င်းကိုယ်တိုင် ပြန်မိလျက်သား အဖြစ်နှင့် ကြုံခဲ့ရသည်။  

ခြေ/ဥ ကို ချိုးဖောက်လျက် အာဏာကို အတင်းအဓမ္မရယူထားသော မင်းအောင်လှိုင်သည် အရေးပေါ်ကာလပြဋ္ဌာန်းချက်များအရ ၎င်း၏အာဏာကို ကျင့်သုံးသည်ဟု လူသိထင်ရှား လိမ်ညာခဲ့ရာ၊ ထိုကာလကို ခြေ/ဥ က အများဆုံး ၂ နှစ်သာ ခွင့်ပြုထားခဲ့သည်။  

အရေးပေါ်ကာလ ၂ နှစ် ဆိုသည်မှာ ၎င်းအတွက် လုံလောက်သော ကာလဖြစ်ပြီး၊ ထိုကာလအလွန် ရွေးကောက်ပွဲလုပ်ကာ ၎င်းမျှော်မှန်းထားသော သမ္မတရာထူးကို အေးအေးလူလူ ရယူနိုင်လိမ့်မည်ဟု မင်းအောင်လှိုင် စိတ်ကူးအိပ်မက် မက်ခဲ့ပုံရသည်။

သို့သော် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာပြည်သူများသည်  ဇွဲကောင်းကောင်းဖြင့် တစ်ရက်မနား ဆန့်ကျင်တော်လှန်နေပြီး၊ မြန်မာ့သမိုင်းတွင် မကြုံဖူးသော ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးကြောင့် ယခုအခါ နိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ တွင် ၁၉၈ မြို့နယ်ကိုသာ အုပ်ချုပ်နိုင်သေးကြောင်း မင်းအောင်လှိုင် ဝန်ခံလာရသည်။      

မင်းအောင်လှိုင်၏ မအောင်မြင်သော အာဏာသိမ်းခြင်းပေတည်း။ တစ်နည်း ပြည်သူများ၏ “အုပ်ချုပ်ခွင့်မရစေရ” ဆိုသည့် သန္နိဋ္ဌာန်ကို မင်းအောင်လှိုင် လက်တွေ့မျက်တွေ့ ကြုံတွေ့ခဲ့ရခြင်းပေတည်း။

ခြေ/ဥ၏ ပုဒ်မ ၄၂၅ ကို အသုံးပြုပြီး အရေးပေါ်ကာလကို ၂ နှစ်အထိ သက်တမ်းတိုးခဲ့သော မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၎င်းချုပ်ကိုင်ထားသော အာဏာအရပ်ရပ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။ သို့သော် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားလိုသော မင်းအောင်လှိုင်သည် ကလိမ်ကကျစ်ဉာဏ်ဖြင့် ခြေ/ဥ ကို ထပ်မံချိုးဖောက်ခဲ့သည်။

ယင်းမှာ အရေးပေါ်ကာလ ၆ လ နှစ်ကြိမ်သာ တိုးခွင့်ပြုထားသော ပုဒ်မ ၄၂၅ တွင် ဖော်ပြထားသော “သာမန်အားဖြင့်” ဆိုသည့် စကားရပ်ကို အလွဲသုံးစားပြုပြီး၊ ၃ ကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။ 

အခြေခံဥပဒေဆိုင်ရာ စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခွင့်ကို ပုဒ်မ ၃၂၂ (က) အရ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင်သာ အခွင့်အာဏာ ရှိသည်။ သို့သော် မင်းမဲ့စရိုက်ဆန်သော မင်းအောင်လှိုင်က အခြေခံဥပဒေကို ချိုးဖောက်သော သူ့လုပ်ရပ်ကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်။

၂၀၂၂ ဇန်နဝါရီလက ကယားပြည်နယ် လွိုင်ကော်မြို့ကို လက်နက်ကြီးကျည် ကျရောက်ပြီးနောက် ပိုမို လုံခြုံနိုင်မည့် နေရာသို့ တိမ်းရှောင်နေကြသော ဒေသခံများ

မင်းမဲ့စရိုက် မင်းအောင်လှိုင်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်

ဥပဒေ၏ အထက်က မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်နေသော မင်းအောင်လှိုင်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မျှော်လင့်နေသော အဖွဲ့အစည်းများသည် ၎င်း၏ ဥပဒေမဲ့လုပ်ရပ်များကို တရားဝင်မှုပေးရုံမှလွဲ၍ မည်သည့်ရလဒ်မျှ ထွက်ရှိလာမည်မဟုတ်ပါ။

ထိုအဖွဲ့အစည်းများထဲတွင် အာဆီယံအသင်းကြီးက ထိပ်ဆုံးက ဖြစ်နေသည်။ မင်းအောင်လှိုင်၏ ခြေ/ဥ ကို ဒုတိယအကြိမ် ချိုးဖောက်ခဲ့သော လုပ်ရပ်အပြီး၊ ဖေဖော်ဝါရီ ၃ – ၄ ရက်များတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာမြို့တော်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးအပြီး စာမျက်နှာ ၉ မျက်နှာပါဝင်သော အလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး နောက်ဆုံးစာမျက်နှာ အပိုဒ် ၅၀ နှင့် ၅၁ တို့တွင် ဖော်ပြထားရာ၊ “အားလုံးအကျုံးဝင်သော နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲ” (Inclusive National Dialogue) ဖြင့် ငြိမ်းချမ်းစွာအဖြေရှာရန် တိုက်တွန်းထားသည်။ 

မင်းအောင်လှိုင်၏ မင်းမဲ့စရိုက်လုပ်ရပ်များကို “ပြည်တွင်းရေး” သာ ဖြစ်သည်ဟု အာဆီယံအသင်းကြီးက လျစ်လျူရှုပြီး၊ ဥပဒေအထက်က လုပ်ချင်ရာလုပ်နေသောသူနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းနေမည်ဆိုလျှင် အာဆီယံခေါင်းဆောင်များ၏ လုပ်ရပ်ကို မြန်မာပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြမည်မှာ ဧကန်မလွဲဖြစ်သည်။

အာဆီယံသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်သော ဒေသတွင်းအဖွဲ့အစည်းအဖြစ် သက်သေပြရန် အချိန်တန်ပြီ ဖြစ်သည်။ မဖြေရှင်းနိုင်လျှင်လည်း မင်းမဲ့စရိုက် မင်းအောင်လှိုင်ကို အကာအကွယ်ဖြစ်စေသော လုပ်ရပ်များ မလုပ်ဆောင်သင့်ပါ။ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ရပ်တည်မည်ဆိုလျှင် ထိုအတိုင်း ထင်ရှားစွာ ပြုမူသင့်ပါသည်။

၂၀၂၂ နိုဝင်ဘာလက အာဏာသိမ်း စစ်ကောင်စီတပ် ပြန်ထွက်သွားပြီး တွေ့ရသော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာ

ခြေ/ဥ ပြင်ပ ရောက်သွားသော မင်းအောင်လှိုင်၏ အကန့်အသတ်မဲ့အာဏာ

စစ်ကောင်စီ ၆ လ ပြည့်သောနေ့ ၂၀၂၁ ဩဂုတ် ၁ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် အောက်ပါအတိုင်း ပြောခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ တစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်… ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ။”

လွန်ခဲ့သော ၂ နှစ်အတွင်း တိုင်းပြည်ကို အဘက်ဘက်က ဖျက်ဆီးခဲ့သော မင်းအောင်လှိုင်သည် ၎င်း၏ ပြည်ဖျက်လုပ်ရပ်များကြောင့် အာဏာကို ၎င်းကိုယ်တိုင်ကလွဲလျှင် မည်သူ့ကိုမျှ လွဲပေးမည်မဟုတ်တော့ပါ။ ၎င်းကိုယ်တိုင် ဖန်တီးခဲ့ပြီး ခြေ/ဥနှင့် မညီဘဲ တင်မြှောက်ထားသော “ယာယီသမ္မတ” ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေထံပင် ပြန်လည်လွှဲပြောင်းပေးရန် သတ္တိနှင့် ယုံကြည်ချက် မရှိတော့ပါ။  

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မင်းအောင်လှိုင်၏ အာဏာသည် အချိန်အကန့်အသတ်မဲ့ ဖြစ်သွားပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကတည်းက ယောင်ပြထားခဲ့သော ရွေးကောက်ပွဲဆိုသည်မှာလည်း မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည့် အချိန်သတ်မှတ်ချက် မရှိတော့ပါ။ 

အမှန်စင်စစ် မင်းအောင်လှိုင်သည် မည်သည့်ဥပဒေအောက်တွင်မှ မရှိသော၊ မင်းမဲ့စရိုက်ဆန်စွာ ပြည်သူ့အာဏာကို ဓားပြတိုက် သိမ်းယူထားသော လက်နက်ကိုင်အုပ်စုတစ်စု၏ ခေါင်းဆောင်သာ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button