သတင်း

လက်ချောင်းဆုံးရှုံးသည့် အလုပ်သမားအတွက် ဆပ်ကန်ထရိုက်မှာသာ တာဝန်ရှိဟု မူလကုမ္ပဏီကပြော

(ရန်ကုန်)- လေအေးပေးစက်ပိ၍ လက်ချောင်းလေးချောင်း ဆုံးရှုံးခဲ့သည့်အပေါ် ကုမ္ပဏီထံမှ နစ်နာကြေးရလိုမှုဖြင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသည့် အလုပ်သမားသည် ၎င်းတို့ကုမ္ပဏီက တိုက်ရိုက်ခန့်ထားသည့် ဝန်ထမ်းမဟုတ်ဘဲ တစ်ဆင့်ခံလုပ်ငန်းရှင် ဆပ်ကန်ထရိုက်တာက ပုတ်ပြတ်ငှားရမ်းထားသည့် ဝန်ထမ်းသာ ဖြစ်ခြင်းကြောင့် ၎င်းကို ငှားရမ်းသည့် ဆပ်ကန်ထရိုက်တာကသာ တာဝန်ယူဖြေရှင်းရမည်ဟု အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာ ဦးလွင်ကိုကိုဦးက မေလ ၁၈ ရက်နေ့တွင် ပြောသည်။

“ကျွန်တော်တို့က သူ့ကို တိုက်ရိုက် အလုပ်ခန့်ထားတာမဟုတ်ဘူး။ ကုမ္ပဏီဝန်ထမ်းတစ်ယောက်လည်း မဟုတ်ဘူး။ သူ့ကို လုပ်ခလစာ ကျွန်တော် တိုက်ရိုက် ရှင်းပေးထားတာ မဟုတ်ဘူးလေ။ ကျွန်တော့် အလုပ်သမားမဟုတ်ဘူး။ ကုမ္ပဏီဘက်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ မလိုအပ်တဲ့ မေးခွန်းပါပဲ။ ဘာလို့လဲဆိုတော့ သူက သတင်းစာရှင်းလင်းပွဲမှာ အမှားတွေချည်းပြောခဲ့ပြီး မျက်ရည်ဝအောင်ချူခဲ့ပြီးပြီ” ဟု ၎င်းက ပြောသည်။

အသက် ၂၈ နှစ်ရှိ ကိုဇော်လွင်သည် SS and P Engineering ကုမ္ပဏီက တည်ဆောက်နေသည့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ၂၄ ထပ်အမြင့်ရှိ အဆောက်အအုံအတွင်း လေအေးပေးစက်များ လိုက်လံတပ်ဆင်ရင်း ဖေဖော်ဝါရီလအတွင်း လေအေးပေးစက်ပိကာ ညာဘက်လက်တွင် လက်မမှလွဲ၍ ကျန်လက်ချောင်းများ ပြတ်ထွက်ခဲ့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သလို လူ့အခွင့်အရေးကော်မရှင်ထံသို့လည်း ဖြေရှင်းပေးရန် အကြောင်းကြားထားခြင်းဖြစ်သည်။

SS and P ကုမ္ပဏီဘက်ကမူ ဖြစ်စဉ်ဖြစ်ဖြစ်ချင်း ၎င်းတို့ထံ ကာယကံရှင်က လာရောက်ပြောပြ အကူအညီတောင်းခဲ့ပါက လူမှုရေးအရ ပြန်လည် ကူညီနိုင်ခဲ့မည်ဖြစ်ကြောင်း၊ ၎င်းဘက်က ကုမ္ပဏီနှင့် ပတ်သက်ပြီး မဟုတ်မမှန် လွန်လွန်ကဲကဲ ပြောဆိုလာပါက ပြန်လည်တရားစွဲရလိမ့်မည်ဖြစ်ကြောင်း ထိုကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဒေါ်တူးတူးအောင်က Myanmar Now ကို ပြောသည်။

“တကယ်ဖြစ်သွားတဲ့ အဲ့ဒီအချိန်မှာ ကျွန်မတို့ကုမ္ပဏီကို သူ လာပြောလို့ရတယ်။ ‘ကျွန်တော်က ဘယ်သူပါ ကျွန်တော့်မှာ အခက်အခဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော့်ကို ကူညီပေးပါ၊ ငွေအားဖြင့်ဖြစ်စေ အလုပ်ဖြစ်စေ။’ ဥပမာ စားဝတ်နေရေးခက်ခဲတယ်ဆိုရင် ကျွန်မတို့ဆီ ရောက်လာရမှာပေါ့။ ဒါပေမဲ့ သူက အဲ့ဒီလိုရောက်မလာဘဲ ရောက်လာတဲ့အချိန်က လွှတ်တော်အမတ်ရဲ့စာကြီးနဲ့ ရောက်လာတာ။ အပြင်မှာ မီဒီယာတွေနဲ့လည်း သူ့ကုမ္ပဏီကို သိက္ခာကျအောင် သူပြောထားပြီးပြီ ဖြစ်တဲ့အတွက် ကျွန်မသည် လူမှုရေးအရ သူ့ကို ထောက်ထားစရာ မလိုတော့ဘူးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

ထိုမတော်တဆဖြစ်စဉ်နောက်ပိုင်း ကိုဇော်လွင်သည် လူ့အခွင့်အရေးကော်မရှင်ထံသို့ ဧပြီလ ၉ ရက်နေ့က အသနားခံစာတင်ပြခဲ့ပြီး လူ့အခွင့်အရေးကိစ္စဖြစ်သဖြင့် ကော်မရှင်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနသို့ စိစစ်ဖြေရှင်းပေးရန် လွှဲပြောင်းခဲ့သည်။ ဝန်ကြီးဌာနက ယင်းကိစ္စအပေါ် အလုပ်ရှင်အလုပ်သမား နှစ်ဖက်ညှိနှိုင်းဆွေးနွေးရန် ကုမ္ပဏီထံ အကြောင်းကြားစာ ပေးပို့ခဲ့ ပြီး မေလ ၁၂ ရက်နေ့တွင် ကုမ္ပဏီဘက်က ကိုဇော်လွင်နေထိုင်ရာ ရွှေပြည်သာမြို့နယ်ရှိ အလုပ်သမားဦးစီးဌာနရုံးသို့ သွားရောက် တွေ့ဆုံခဲ့သည်။

လက်ရှိတွင် နစ်နာသူအလုပ်သမားအား ဆေးစစ်မှုပြုလုပ်နေပြီး ဆေးစာထွက်ရှိပါက မူကြမ်းကို ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်သည်။ အဆိုပါကိစ္စကို ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး အက်ဥပဒေအရ ကိုင်တွယ်နေပြီး ဆေးစာထွက်ရှိပါက သက်ဆိုင်ရာ ဆေးစစ်ဆရာဝန်ကြီးများ၏ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းတွက်ချက်မှုအတိုင်း SS and P ကုမ္ပဏီက နစ်နာကြေးပေးရမည်ဟု ရွှေပြည်သာမြို့နယ် အလုပ်သမားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီမောင်ရွှေက ပြောသည်။

“ဥပဒေအရ သူတို့ မလိုက်နာလို့မရပါဘူး။ …ဒီကိစ္စ (ခုလို မီဒီယာနဲ့တွေ့ဆုံပြောတဲ့ကိစ္စ) အရတော့ သူတို့က အရေးယူလို့မရပါဘူး။ ဆုံးဖြတ်ချက်လည်း မထွက်သေးပါ ဘူး။ နစ်နာသူကာယကံရှင်ပဲဖြစ်ဖြစ် နှစ်ဖက်ကာယကံရှင်ပဲဖြစ်ပါစေ ဥပဒေအရဆုံးဖြတ်ချက်ထွက်ပြီးမှ ရက်ပေါင်း ၆၀ အတွင်း အယူခံခွင့် ရှိတယ်ဆိုတာပဲပါတယ်။ အဲ့ဒီအရပဲ သူတို့ ဆောင်ရွက်လို့ရမယ်။ လျော်ကြေးဥပဒေအရ ဆရာဝန်ကြီးတွေရဲ့ ဆေးစာအရထွက်လာတဲ့အပေါ် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းနဲ့ တွက်ပေးတာပါ။ ဒါလည်းဥပဒေအရ သူတို့ မလိုက်နာလို့ မရပါဘူး” ဟု ၎င်းက မေလ ၁၈ ရက်နေ့က ပြောသည်။

SS and P Engineering ကုမ္ပဏီသည် ကျော်ကျော်ဌေး ကန်ထရိုက်လုပ်ငန်းကို လေအေးပေးစက်များ တပ်ဆင်ရန် ထပ်ဆင့်ပုတ်ပြတ် အလုပ်အပ်ခဲ့ပြီး အဆိုပါကန်ထရိုက်က အဆောက်အအုံအတွင်း လေအေးပေးစက် တပ်ဆင်ရန် လုပ်သား ခုနစ်ဦးပါသည့် အစုကို ပုတ်ပြတ် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေနှင့် လုပ်ငန်းခွင်ဆိုက်(ဧရိယာ) ကြီးသော်လည်း ကုမ္ပဏီဘက်က လုပ်ကွက် နည်းနည်းချင်း ခွဲပေးခြင်းကြောင့် အလုပ်စာချုပ် မချုပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်လွင်က ပြောသည်။

“လုပ်ကွက်နည်းနည်းချင်း ခွဲပြီးပေးတာဆိုတော့ စာချုပ် မချုပ်ဖြစ်တော့ဘူး။ အလုပ်ရရင်ပြီးရောဆိုပြီး နားလည်မှုနဲ့ပဲ ဝင်လုပ်လိုက်တာ။ လုပ်ကွက်က ၅၀၊ ၁၀၀ လောက်ဆိုရင်တော့ ကျွန်တော်တို့လည်း စာချုပ်ချုပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားအခွင့်အရေးအရ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ဥပဒေ အားကောင်းခိုင်မာဖို့ လိုအပ်နေပြီဖြစ်ကြောင်း ယခင် မြန်မာနိုင်ငံအလုပ်သမားခုံသမာဓိကောင်စီတွင် သုံးနှစ်တိုင် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာလည်း အလုပ်သမားအရေး လိုက်လံဆောင်ရွက်နေသည့် ဦးဌေးက အကြံပြုသည်။

လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာကို ပင်မအလုပ်ရှင်က ရှင်းပေးသလား တစ်ဆင့်လုပ်ငန်းရှင်က ရှင်းပေးသလား စသည့်အချက်များကို ကြိုတင်သိရှိရန် လိုအပ်ပြီး အလုပ်ခန့်ထားရေးသဘောတူစာချုပ်တွင် အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ရန် လိုအပ်ကြောင်း ဥပဒေနှင့်ညီညွတ်မှု ရှိမရှိတို့ကို လုပ်ငန်းခွင်မဝင်ရောက်မီ အသေအချာ လေ့လာသင့်ကြောင်း ဦးဌေးက ဆိုသည်။

“စာချုပ်အရမဟုတ်ဘဲ နှုတ်သဘောနဲ့ နားလည်မှုနဲ့ (လုပ်ကြတာ။) အရပ်သဘောစာချုပ်စာတမ်းမရှိတော့ လက်တွေ့ရှင်းတဲ့အခါ အခက်အခဲတွေ ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက အတွေ့အကြုံရှိပြီး ရှောင်ကြတယ်။ ဒါကို စနစ်တကျဖြေရှင်းဖို့ စဉ်းစားလောက်တဲ့အထိ ဆပ်ကန်ထရိုက်တွေနဲ့ပတ်သက်ပြီး ဥပဒေမှာလည်း အားနည်းချက်ရှိတဲ့အခါ ကျွန်တော်တို့ နောက်ပိုင်း အလုပ်သမားနဲ့ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှု ပီပြင်တဲ့အခြေအနေကို ရောက်လာအောင် လုပ်ဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေးအက်ဥပဒေအရ အလုပ်သမားတိုင်းသည် လုပ်ငန်းခွင်အတွင်းဖြစ်စေ၊ သို့မဟုတ် လုပ်ငန်းခွင်သို့လာရင်းဖြစ်စေ ၊ ယင်းသို့ဆက်စပ်၍ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသော အလုပ်သမားတိုင်း နစ်နာကြေး ရရှိပိုင်ခွင့်ရှိသည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောသည်။

 

Show More

Related Articles

Back to top button