သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီ တပ်အင်အားဖြည့်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့သို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းထားသည်ဟု ဒေသကာကွယ်ရေးတပ်များက ယနေ့ (ဖေဖော်ဝါရီ ၉) တွင် ပြောသည်။

ဖေဖော်ဝါရီ ၆ တွင် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှ စစ်ကြောင်းထိုးလာပြီး ၂ ရက်အကြာတွင် အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ မိုးဗြဲမြို့ရှိ စက်တော်ရာစေတီ တောင်ပေါ်သို့ ရောက်လာသည်၊ ထိုတောင်ပေါ်တွင် ၂၀၂၂ စက်တင်ဘာလကတည်းက အင်အား ၃၀ မှ ၅၀ ကြား ရှိပြီးဖြစ်သည်။

ဖေဖော်ဝါရီ ၈ တွင် တောင်ပေါ်၌ စခန်းချထားသည့် စစ်ကောင်စီတပ်နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) တို့ ပါဝင်သည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MBPDF တပ်ရင်းမှူး ဗိုလ်ကျောက်ဆောင်က ပြောသည်။

စစ်ကောင်စီ၏ ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်အခြေစိုက် တပ်များက တိုက်ပွဲဖြစ်သည့်နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု MBPDF က ထုတ်ပြန်သည်။

အချင်းချင်း ပစ်ခတ်မိသောကြောင့် သေဆုံးသည်ဟူသော ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း တိုက်ပွဲ ပြန်လည် ပြင်းထန်လာနိုင်သည်ဟု MBPDF တပ်ရင်းမှူး ဗိုလ်ကျောက်ဆောင်က ခန့်မှန်းသည်။

“ဒီနေ့တော့ စစ်တပ်ဘက်လည်း နည်းနည်းဆုတ်တော့ ကျွန်တော်တို့လည်း ခြေကုပ်နိုင်သလောက် ကုပ်ထားတယ်။ ဒါပေမဲ့ စစ်ပွဲက အချိန်မရွေးတော့ ပြန်ပြင်းထန်နိုင်တယ်။ စက်တော်ရာတောင်ပေါ်မှာ အခုလည်း သူတို့ရှိနေတုန်းပဲ” ဟု ဗိုလ်ကျောက်ဆောင်က ပြောသည်။

“သူတို့ အဲဒီမှာရှိတော့ စက်တော်ရာတောင် ပတ်ဝန်းကျင် ရွာသားတွေ ဘယ်သူမှ မနေရဲဘူး။ လမ်းမကြီး သွားလာတဲ့သူတွေကိုလည်း တားပြီးတော့ ပစ္စည်းတွေဝယ်ခိုင်း၊ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ဖုန်းတို့ ပိုက်ဆံတို့လည်း သိမ်းတယ် ယူတယ်၊ သူတို့ (စစ်တပ်) အဲလိုလုပ်နေတယ်”

စစ်တပ်က ထိုသို့ ပြုမူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

စက်တောင်ရာတောင်သည် မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်တွင် ရှိသဖြင့် တိုက်ပွဲကြောင့် ထိုလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း MBPDF က ဖေဖော်ဝါရီ ၇ ရက်နေ့က ကြေညာထားသည်။

တိုက်ပွဲဖြစ်နေသည့် စက်တော်ရာတောင်၏ အရှေ့ဘက် တစ်မိုင်ကျော်အကွာရှိ ရန်ကုန်-လွိုင်ကော် ကားလမ်းမကြီးကို ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် ဖြတ်သန်းခွင့်ရနေကြောင်း ထိုလမ်းတွင် ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းတစ်ခုမှ ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“အစောပိုင်းတုန်းက အခြေအနေသိပ်မကောင်းလို့ ပိတ်ထားတယ်။ အခြေအနေမကောင်းရင် ခဏပိတ်ထားပေးတယ်၊ ပြီးလို့ရှိရင် ပြန်ထွက်တယ်။ အခုတော့ ကျွန်မတို့ ရန်ကုန်ကားတွေ ပြန်ဝင်လာပြီ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲရှိလျှင် ယာဉ်များမှာ ရောက်သည့်နေရာတွင် ခေတ္တရပ်ထားပြီး တိုက်ပွဲငြိမ်လျှင် ပြန်လည်ဖြတ်သန်းခွင့်ပြုသည်မှာ ပုံမှန်ကဲ့သို့ဖြစ်နေကြောင်း ၎င်းက ပြောသည်။

မိုးဗြဲမြို့ကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီသည် မကြာခဏ စစ်ကြောင်းထိုး၊ စခန်းချနေပြီး ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ မကြာခဏဖြစ်လေ့ရှိသည်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့သည် ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့များမှ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် အပါအဝင် ရှမ်းပြည်နယ်ဘက်သို့ သွားလာသည့် လမ်းပေါ်တွင် တည်ရှိသည့်၊ အချက်အချာကျသည့် မြို့လည်းဖြစ်သည်။

မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီက ထက်ဝက်စီ ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်ဘက်က လက်နက်ကြီးနှင့် တိုက်လေယာဉ် အင်အားသာလွန်သဖြင့် မြို့ကို မသိမ်းနိုင်သေးဟု MBPDF တပ်ရင်းမှူးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button