သတင်း

PDF ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦး ရေဦးမြို့နယ်တွင် ပစ်သတ်ခံရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင် ခေါင်းဆောင်တစ်ဦးနှင့် ရဲဘော်တစ်ဦး ဖေဖော်ဝါရီ ၆ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနီး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ရွှေဘိုခရိုင် PDF တပ်ရင်း ၉ မှ ဒုတပ်ရင်းမှူး ကိုဇင်အောင်နှင့် ရဲဘော်သောကြာတို့ ရေဦးမြို့အနီး တိုက်ပွဲအတွက် သွားရောက်လေ့လာစဉ် စစ်ကောင်စီစစ်ကြောင်းနှင့် တိုးခဲ့ခြင်း ဖြစ်သည်။

ရေဦးမြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ မြင်းပေါက်ကျေးရွာအနီးတွင် နံနက် ၁၁ နာရီခန့်က ပစ်ခတ်ခံခဲ့ရသည်၊ စစ်ကောင်စီစစ်ကြောင်း ထွက်လာသည်ဟု သတင်းရရှိသော်လည်း ရရှိသည့်သတင်း တိကျမှုအားနည်းခဲ့သည်ဟု ရေဦးမြို့နယ်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦး ပြောသည်။

“ကွပ်ကဲဖို့ စီမံဖို့သွားရင်းနဲ့ ဖြစ်သွားတာပေါ့၊ နှစ်ယောက်တည်း ဆိုင်ကယ်စီးနေရင်း ပစ်ခံလိုက်ရတာဗျ၊ သတင်းထောက်လှမ်းမှု အားနည်းချက်ဖြစ်သွားတာပေါ့ဗျာ” ဟု ရေဦးအခြေစိုက် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ရေဦးမြို့ထဲသို့ ပြန်ဆုတ်သွားသဖြင့် ရုပ်အလောင်းများကို နေ့ချင်း ကောက်ယူနိုင်ခဲ့ကြောင်း၊ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် လက်နက်ငယ်ကျည် ထိထားသည့် ဒဏ်ရာများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် PDF ရုပ်အလောင်းနှစ်လောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထုတ် သေနတ်တစ်လက်၊ ကျည် ၁၅ တောင့် သိမ်းဆည်းရရှိသည်ဟု ဖော်ပြထားသည်။

တော်လှန်ရေးအတွက် နှမြောတသဖြစ်ရကြောင်း တိုက်ပွဲအတူဝင်ခဲ့သည့် ဒီပဲယင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ကလည်း တော်တော်ဦးဆောင်တယ်၊ သူတို့က စခန်းသိမ်းတိုက်ပွဲတွေ တိုက်ဖူးတယ်၊ တကယ်ကို အလုပ်လုပ်တဲ့ တပ်ရင်းတစ်ရင်းဖြစ်တယ်။ ခေါင်းဆောင်တွေဆိုလည်း စစ်မြေပြင်မှာ တကယ်တိုက်ခိုက်တဲ့ ခေါင်းဆောင်တွေပဲ” ဟု သူက ဆိုသည်။

ဒုတပ်ရင်းမှုး ကိုဇင်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ရွှေဘိုခရိုင် ကိုယ်စားပြုအဖွဲ့ဝင်အဖြစ်  မြန်မာနိုင်ငံ လူငယ်မူဝါဒ ပေါ်ပေါက်ရေးနှင့် လူငယ်မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း စစ်ကိုင်းဒေသကြီးလူငယ်ကွန်ရက်က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ရွှေဘိုခရိုင် PDF တပ်ရင်း ၉ သည် မူးမြစ်နှင့် ဧရာဝတီမြစ်ကြား ရွှေဘိုလွင်ပြင်ဒေသ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဘုတလင်မြို့နယ်များတွင် စစ်ရေးလှုပ်ရှားသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်နေသည့် တပ်ရင်းတစ်ခုဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button