သတင်း

ချောက်မြို့မှစျေးသည် စစ်ကြောရေးစခန်းရောက်ပြီး ၂၄ နာရီအတွင်း သေဆုံး

မကွေးတိုင်း၊ ချောက်မြို့တွင် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းဖြစ်သူမှာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် သေဆုံးသွားသည်ဟု ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ ညပိုင်းတွင် စစ်သား ၁၅ ဦးခန့်က အမှတ် (၅) ရပ်ကွက်ရှိ အသက် ၅၀ အရွယ် ဦးကျော်တင့်၊ ဇနီးဖြစ်သူ ဒေါ်တင်မာနီတို့ကို နေအိမ်သို့ သွားရောက် ဖမ်းဆီးသည်၊ နဂ ၆၀ အမည်ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကာ နောက်တစ်နေ့ နံနက်တွင် ဦးကျော်တင့် သေဆုံးသွားသည်ဟု ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ (CGF) ဒုခေါင်းဆောင် ဗိုလ်ပေတ ဆိုသူက ပြောသည်။

“စစ်ကြောရေးမှာ မမြင်နိုင်တဲ့အတွက် အတိအကျကြီး မပြောနိုင်ဘူး။ စစ်ကြောရေးမှာ နှိပ်စက်မှာပဲ” ဟု ၎င်းက မြို့ခံများကို ကိုးကား၍ ဆိုသည်။

နဂ ၆၀ ဆိုသည်မှာ ရှေးခေတ် ရေနံမြေအရာရှိအိမ်ရာတစ်ခုဖြစ်ပြီး ချောက်မြို့နှင့် ဆိပ်ဖြူမြို့ကို ဆက်သွယ်သည့် အနော်ရထာတံတားသို့ သွားရာ ပြည်ထောင်စုချဉ်းကပ်လမ်းဘေးတွင် ရှိသည်။

ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေသည့် ချောက်မြို့အနီး ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝါဇီအရပ်ရှိ လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းစက်ရုံ (လ.န.စ) တွင် လုံခြုံရေးယူထားသောတပ် (ဒေသအခေါ် ဝါဇီတပ်) မှ ဗိုလ်မှူးတစ်ဦးနှင့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသော စခန်းလည်း ဖြစ်သည်။

ဖမ်းဆီးခံရသူတို့သည် ချောက်မြို့မဈေးတွင် ပဲစေ့နှင့် ပဲဆံ ရောင်းချအသက်မွေးသူများဖြစ်ပြီး သမီးနှစ်ဦးနှင့် သားတစ်ဦး ရှိသည်ဟု သိရကြောင်း CGF အဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရမှု၊ စစ်ဆေးမေးမြန်းမှုအခြေအနေတို့ကို မသိရသော်လည်း ရုပ်အလောင်းကို ချောက်မြို့ဆေးရုံမှတစ်ဆင့် သုသာန်သို့ သယ်ယူ၍ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ချောက်မြို့နယ် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ချောက်မြို့ မြေနီကုန်းသုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာ စစ်ကြောရေးစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သိရကြောင်း ဗိုလ်ပေတက ဆိုသည်။

ဇန်နဝါရီလကုန်ခန့်က အမှတ် ၁၀ ရပ်ကွက်နေ ချောက်မြို့မဈေးကော်မတီဝင် ဦးခင်မောင်ရီကို စစ်တပ်က ရပ်ကွက် ပိတ်ဆို့ဖမ်းဆီးခဲ့ပြီးနောက် ဦးကျော်တင့်တို့ ဇနီးမောင်နှံကို ဆက်လက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးလည်း မဟုတ်ဘူး။ လူတစ်ယောက်ကို လူမဆန်စွာ နှိပ်စက်ပြီးတော့ သတ်ဖြတ်လိုက်တယ်။ လက်လွန်ပြီးသေသွားတယ်ဆိုတာ မဖြစ်သင့်ဘူး။ လူ့အခွင့်အရေးကို ချိုးဖောက်ရာလည်း ကျတယ်။ ယုတ်လည်းယုတ်မာလွန်းတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်မိသားစုနှင့် တိုက်ရိုက်အဆက်အသွယ်ရရန် Myanmar Now က ကြိုးစားနေဆဲ ဖြစ်သည်။

အလားတူဖြစ်စဉ်မျိုး ၂၀၂၁ အောက်တိုဘာအတွင်းက ချောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်၊ ထိုစဉ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ပံ့သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် “ထွန်းလင်းဇမ္ဗူ” ဘော်ဒါဆောင်ပိုင်ရှင် အသက် ၄၀ အရွယ် ကိုဖြိုးဝေထွန်း သေဆုံးခဲ့ပြီး မိသားစုက အရိုးပြာအိုးသာ ပြန်ရခဲ့သည်။

ယင်းနှစ် အောက်တိုဘာ ၃၀ ည ၁၂ နာရီဝန်းကျင်၌ ချောက်မြို့အခြေစိုက် ခလရ ၁၃ မှ အင်အား ၂၀ ခန့်က မြို့နှင့် ၂၇ မိုင်အကွာ ဂွေးပင်ကျေးရွာရှိ ဘော်ဒါဆောင်ပိုင်ရှင် ကိုဖြိုးဝေထွန်းနှင့် ညီနှစ်ဦးကို လာရောက် ဖမ်းဆီးရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နေအိမ်၌ တစ်နာရီနီးပါး အပြင်းအထန်ရိုက်နှက်ခံရပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကာ အတူဖမ်းဆီးခံရသူ ညီနှစ်ဦးနှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

မန္တလေးမြို့အပါအဝင် ဒေသအနှံ့အပြား၌ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ၂၄ နာရီမပြည့်မီ သေဆုံးမှု၊ မိသားစုထံ အလောင်းပြန်မပေးမှု၊ အလောင်းစွန့်ပစ်ခံရမှုများ ရှိနေသည်။

စစ်ကောင်စီဘက်မှ ကာကွယ်ရေးသားသော တယ်လီဂရမ်စာမျက်နှာများကမူ ဦးကျော်တင့် PDF ထောက်ပံ့ကြောင်း တွေ့ရှိ၍ ခေါ်ယူစစ်ဆေးရာ နှလုံးရောဂါ ဖြင့် သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းမှုဆန့်ကျင်တော်လှန်နေသူများကို ထောက်ခံအားပေးသူများ၊ PDF ကို ငွေကြေးပံ့ပိုးသူများအား စစ်ကောင်စီက အစွမ်းကုန် နှိပ်ကွပ်ဖမ်းဆီးလေ့ရှိသလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လျက်ရှိသည်။

ယခုနှစ် ဖေဖော်ဝါရီ ၃ စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်အတွင်း အဖမ်းအဆီးများစွာ ရှိခဲ့ပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂,၉၅၁ ဦး ရှိသည်ဟု သိရသည်။

ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃,၈၂၅ ဦးရှိကာ ထိန်းသိမ်းခံရသူတို့အနက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂,၃၁၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button