သတင်း

ချောက်မြို့ ဘော်ဒါဆောင်ပိုင်ရှင်တစ်ဦး စစ်ကြောရေးတွင် သေဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ကြောခံနေရသည့် ဘော်ဒါဆောင်ပိုင်ရှင်တစ်ဦး သေဆုံးသွားခဲ့ရာ မိသားစုက အလောင်းပင် ပြန်မရဘဲ အရိုးပြာအိုးသာ ပြန်ရခဲ့သည်။

အောက်တိုဘာ ၃၀ ည ၁၂ နာရီဝန်းကျင်၌ ချောက်မြို့အခြေစိုက် ခလရ ၁၃ မှ အင်အား ၂၀ ခန့်က မြို့နှင့် ၂၇ မိုင်အကွာ ဂွေးပင်ကျေးရွာရှိ “ထွန်းလင်းဇမ္ဗူ” ဘော်ဒါဆောင်ပိုင်ရှင် ကိုဖြိုးဝေထွန်းနှင့် ညီနှစ်ဦးကို လာရောက်ဖမ်းဆီးခဲ့သည်။ 

နေအိမ်မှ မထွက်ခွာကြမီ ကိုဖြိုးဝေထွန်းကို မိသားစုရှေ့တွင်ပင် စစ်ဆေးစဉ် ပြင်းပြင်းထန်ထန်ရိုက်နှက်ကြသည်ဟု ဒေသခံများထံမှ သိရသည်။ 

“အိမ်မှာ ရိုက်နှက်ဖမ်းဆီးပြီးခေါ်ဆောင်သွားကတည်းက အခြေအနေမဟန်ဘူး။ အိမ်မှာတင် တစ်နာရီနီးပါး ရိုက်နှက်သွားတယ်။ သေနတ်ဒင်တွေနဲ့ ရင်ဘတ်တွေကို ဆောင့်တယ်ဆိုတော့ မေးရိုးကလည်း ကျွတ်သွားတယ်” ဟု မိသားစုဝင်များကို ကိုးကား၍ ကိုဖြိုးဝေထွန်း၏ မိတ်ဆွေတစ်ဦးက Myanmar Now ကို ပြောသည်။ 

ထို့နောက် မိသားစုက ညီအစ်ကို ၃ ဦးအခြေအနေကို နောက်တစ်နေ့ (အောက်တိုဘာ ၃၁) တွင် ခလရ ၁၃ သို့ သွားရောက်စုံစမ်းသော်လည်း မည်သည့်အချက်မှ ထုတ်ပြောခြင်း မရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၁ တွင်မူ စစ်တပ်က ကိုဖြိုးဝေထွန်း သေဆုံးသွားပြီဖြစ်ပြီဖြစ်ကြောင်း မိသားစုကို အသိပေးခဲ့သည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

“သူတို့ အခုထက်ထိ (သေဆုံးမှုကို) အကြောင်းပြချက်မပေးဘူး။ ကိုဖြိုးဝေထွန်းတော့ ဆုံးသွားပြီ။ ခင်ဗျားတို့ အလောင်းမရဘူး၊ ပြာအိုးပဲ ရမယ်၊ ဒီလောက်ပဲ ပြောတာ။ အကြောင်းပြချက် ဘာမှမပေးဘူး” ဟု သူက ပြောသည်။

စစ်တပ်ထံမှ ပြန်လည်ရရှိခဲ့သည့် ကိုဖြိုးဝေထွန်း၏ အရိုးပြာကို ယမန်နေ့က ဂွေးပင်ရွာသုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အသက် ၄၀ အရွယ် ကိုဖြိုးဝေထွန်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သော်လည်း အခြား မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိသူဖြစ်ကြောင်း ၎င်းမိတ်ဆွေက ပြောသည်။

သေဆုံးသွားသည့် ကိုဖြိုးဝေထွန်းတွင် အသက် ၂ နှစ်အရွယ် သမီးနှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်သည်။ 

ဖမ်းဆီးခံထားရသည့် ညီများဖြစ်သော အသက် ၃၀ နှစ်ဝန်းကျင် ကိုဘုန်းဝေထွန်း၊ အသက် ၂၄ နှစ်အရွယ် ကိုရှိုးဝေထွန်းတို့နှင့်လည်း မိသားစုက အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းမိတ်ဆွေက မိသားစုဝင်များကို ကိုးကား၍ ပြောသည်။

ဖမ်းဆီး၊ သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့ ညနေပိုင်းက မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ချောက်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း စစ်ကြောရေးတွင် လူသေဆုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

“ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်တော့မှ ကမ္ဘာမကျေဘူး။ မကျေပေမဲ့လို့လည်း အားမတန်လို့ မာန်လျှော့နေရတာ။ ကျွန်တော်တို့မှာ လက်တုံ့ပြန်စရာ ဘာမှမရှိဘူး” ဟု ကိုဖြိုးဝေထွန်း၏ မိတ်ဆွေက မှတ်ချက်ပြုသည်။ 

“ကျွန်တော်တို့ ပြည်သူတွေ ညီညွတ်မှ၊ PDF တွေကို ကောင်းကောင်းထောက်ပံ့မှ ဒီတိုက်ပွဲက အမြန်ဆုံးအောင်နိုင်မှာပါ။ ဒါကြောင့် ပြည်သူ့ကိုယ်စားပြုလုပ်ဆောင်နေတဲ့ PDF အဖွဲ့ပဲဖြစ်ဖြစ်၊ CDM ဝန်ထမ်းတွေကိုဖြစ်ဖြစ် ထောက်ပံ့ပေးကြပါ” 

စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူ ၁၂၃၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ နိုဝင်ဘာ ၂ တွင် သတင်းထုတ်ပြန်သည်။ ထိုအထဲတွင် ကိုဖြိုးဝေထွန်းကဲ့သို့ စစ်ကြောမေးမြန်းစဉ်ကာလ သေဆုံးသူ ၄၀ ကျော် ပါဝင်သည်ဟု နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူများ၏ အချက်အလက်များကို ကောက်ယူနေသည့် ထိုအသင်း၏ လက်လှမ်းမီသမျှ မှတ်တမ်းတင်ထားချက်အရ သိရသည်။

ဖမ်းဆီးသတ်ဖြတ်မှုများအတွက် တာဝန်ရှိသော စစ်ဗိုလ်ချုပ်များက ထိုကိန်းဂဏန်းများ မှားယွင်းနေသည်ဟု ပြောထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button