သတင်း

စစ်ကိုင်းတိုင်း ပုလဲနယ်တွင် PDF ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၃၁) က စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင် ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု သိရသည်။

ပုလဲမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသော ညောင်ပင်သာ၊ ဆင်ရှင်နှင့် မင်းတိုင်ပင် ကျေးရွာများအနီးတွင် တပ်မ ၄၄ လက်အောက်ခံတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော ယင်းမာပင်တပ်ရင်း ၆ တို့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်မှ အင်အား ၁၂၀ ခန့်ရှိသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွန်းက ပြောသည်။

စစ်တပ်က ယင်းမာပင်တပ်ရင်းမှ PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီးနောက် ခေါင်းဖြတ်သတ်ခဲ့ကြောင်း၊ ရုပ်အလောင်းများကို ညောင်ပင်သာ၊ ဆင်ရှင်နှင့် မင်းတိုင်ပင်ရွာများအနီး ပြန့်ကျဲလျက် တွေ့ရှိခဲ့ကြောင်း ၎င်းထံမှ သိရသည်၊

“ညတွင်းချင်းပဲ သင်္ဂြိုဟ်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းမှာ စစ်ဝတ်စစ်စားတွေ မဝတ်ထားတဲ့ PDF ဝတ်စုံလို ယူနီဖောင်းတွေလည်း ပါတယ်လို့ သိရတယ်။ ပုံမှန်အားဖြင့် ပုလဲနယ်ဘက်ကို စစ်ကြောင်းထိုးတာ စစ်ကောင်စီရဲ့ တပ်မ၄၄ လက်အောက်ခံတပ်တွေပါ” ဟု ပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွန်းက ပြောသည်။

ညောင်ပင်သာနှင့် မင်းတိုင်ပင်ကျေးရွာအလွန် စေတီယျုံကျေးရွာတွင် စစ်တပ်က တပ်စွဲထားပြီး ဒေသခံများ မွေးမြူထားသည့် ကြက်ဝက်များကို သတ်ဖြတ်စားသောက်နေသည်ဟုလည်း သိရသည်။​ အိမ်ခြေ ၆၀၀ ကျော်ရှိ မင်းတိုင်ပင်ရွာတွင် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ဆက်တိုက်စစ်ကြောင်းထိုးမှုကြောင့် ပုလဲမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၈ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

မီးရှို့ဖျက်ဆီးခံထားရသည့် မြေနီကုန်းကျေးရွာ ဒေသခံပိုင် ကားတစ်စီး (ဓာတ်ပုံ – ပေးပို့)

မင်းတိုင်ပင်ရွာနှင့် ကပ်လျက်ရှိ ဇီးဖြူကုန်းကျေးရွာမှ ပျူစောထီးများသည် စစ်တပ်နှင့် ပေါင်း၍ ရွာသူရွာသားများထွက်ပြေးသွားပြီးနောက် နေအိမ်များအတွင်း ဝင်ရောက်ပြီး ပစ္စည်းများယူကာ လှည်းများဖြင့် သယ်ဆောင်သွားသည်ဟုလည်း သိရသည်။

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့တွင် မြေနီကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း သိရသည်။

ယခုလ ၇ ရက်မှစ၍ စစ်ကောင်စီတပ်၏ မီးရှို့စစ်ဆင်ရေးကြောင့် ပုလဲမြို့နယ်အတွင်း ကျေးရွာ ၈ ရွာမှ နေအိမ်ပေါင်း ၁၇၅ လုံးခန့် မီးရှို့ဖျက်ဆီးခံရပြီး ထန်းတောကျေးရွာမှ အသက် ၆၀ အရွယ် ဦးတူအမည်ရှိ ဒေသခံတစ်ဦးလည်း သတ်ဖြတ်ခံထားရသည်။

အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများနှင့် ပတ်သက်၍ စစ်ကောင်စီ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button