သတင်း

စစ်တပ်က မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် စစ်တောင်းမြစ်ကမ်းမှ ဒေသခံများ ထွက်ပြေးနေရ

စစ်တပ်က မီးရှို့မည်ဟု ခြိမ်းခြောက်သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်သဖြင့် ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်နှင့် ရွှေကျင်မြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းတစ်လျှောက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယခုလ  ၁၇ ရက်က ညောင်လေးပင်မြို့နယ် ပုစွန်မြောင်းရွာတွင် စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူနှစ်ဦး အသတ်ခံရပြီးနောက် ရွာကို မီးရှို့ပစ်မည်ဟု စစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် ၂၈ ရက်နေ့တွင် ရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆက်ကြေးကောက်နေသည်ဆိုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“အဲ့လိုတွေပစ်တော့ ရွာသားတွေက အကုန်ကြောက်ပြီး ပြေးကုန်ကြပြီ။ ပြေးစရာမြေမရှိတဲ့သူနဲ့ တချို့စိတ်မချလို့ အိမ်စောင့်နေတဲ့သူလောက်ပဲ ကျန်တော့တယ်” ဟု ပုစွန်မြောင်းရွာသားတစ်ဦးက ပြောသည်။

လူဦးရေ ၂၅၀၀ ခန့်ရှိ ပုစွန်မြောင်းရွာတွင် ထွက်မပြေးသောသူ ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့ကြောင်း၊ အခြားရွာများမှာလည်း လူမရှိတော့သလောက်ဖြစ်နေကြောင်းလည်း ၎င်းထံမှ သိရသည်။

ယခုလ ၂၈ ရက်မှစ၍ ညောင်လေးပင်မြို့နယ်ရှိ ပုစွန်မြောင်း၊ မီးလောင်ကုန်း၊ ကွင်းဒလကြီး၊ ကွင်းဒလလေးနှင့် ရွှေကျင်မြို့နယ်ရှိ ညောင်ပင်ကြီးရွာမ (ပြည်တော်သာ)၊ ညောင်ပင်ကြီးရွာသစ်၊ သိုက်တူးကုန်း၊ သက်ကယ်ကုန်း၊ ပျဉ်ရေ၊ ဝိုင်ကျွန်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်ဟု သိရသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခလရ ၁၂၄၊ ခလရ ၆၀၊ ခမရ ၃၅၁ နှင့် ခမရ ၄၃၉ တပ်ရင်းများက ယခုလအတွင်း ကျောက်ကြီးမြို့နယ်ရှိ ရွာ ၈ ရွာကို လက်နက်ကြီးအလုံး ၃၀ ခန့် ပစ်ခတ်ခဲ့ကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ထုတ်ပြန်သည်။

ယခုလ ၂၆ ရက်က ပုစွန်မြောင်းရွာတွင် အင်းဗလာကျေးရွာသား စောစေးအယ်ဂေးဆိုသူကို ဖမ်းဆီးနှိပ်စက်ပြီးနောက် စစ်ကောင်စီ၏ တပ်ရင်းမှူးက ကျပ်သိန်း ၃၀ မှ ၁၀၀ အတွင်း ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထိုရွာရှိ ဆွဲဒလွဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့က မကြာခဏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖူးကြောင်းလည်း အထက်ပါ ပုစွန်မြောင်းရွာသားက ပြောသည်။

“ညတိုင်း ဗုံးကြဲခံရတော့ အဲဒီကျောင်းမှာ မနေတော့ဘဲ ဈေးပိုင်းရပ်ကွက်က ဦးလှထွန်းဆိုတဲ့အိမ်မှာ (စစ်သားတွေ) ဝင်နေတယ်။ အဲဒီအိမ်မှာ ဘယ်သူမှ မရှိကြဘူး” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ဒုတိယပတ်က တွေ့ရသော ညောင်လေးပင်ခရိုင်မှ စစ်ရှောင်ဒေသခံတချို့။ (ဓာတ်ပုံ-KNU)

စစ်သားများသည် ညအချိန်တွင် ခိုင်ခံ့သည့် အုတ်စီနှစ်ထပ်အိမ်များတွင် လိုက်လံပုန်းခိုလေ့ရှိကြောင်း၊ အိမ်ရှင်ရှိလျှင် အိမ်ရှင်များထံမှ ဖုန်းများသိမ်းယူကာ အိမ်ရှင်ကို နေအိမ်အပေါ်ထပ်တွင် အိပ်ခိုင်းပြီး စစ်သားများက အောက်ထပ်တွင် အိပ်လေ့ရှိသည်ဟုလည်း သိရသည်။

“နောက်ပြီး သူတို့နေတဲ့နားမှာ သူတို့စိတ်မထင်တဲ့သူတွေဆို အရိုက်နှက်ခံရတယ်။ သူတို့နေတဲ့နားက လူတစ်ယောက်ဆို တုတ်နဲ့ရိုက်လို့ ခေါင်းကွဲပြီး သွေးထွက်လွန်လို့ ဆေးရုံတင်လိုက်ရတာရှိတယ်” ဟု အထက်ပါ ရွာသားက ပြောသည်။

လက်ရှိတွင် ပုစွန်မြောင်းရွာနှင့် တစ်မိုင်ခန့်အကွာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီး ရွာမ (ပြည်တော်သာ) ရွာသည်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“အခုရက်ပိုင်းမှာ လက်နက်ကြီးကို ကားနဲ့တင်ပြီး လိုက်ပတ်ပြီး ဘေးနားကရွာတွေကို ခြိမ်းခြောက်ပြီး ထုတယ်။ မနေ့ညကဆိုရင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေဘက်ကို ကျတယ်။ အိမ်နားတွေ ကိုင်းကျွန်းတွေကို ကျတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

“တော်တော်များများတော့ ညောင်လေးပင်တို့ ပဲခူးတို့ ရန်ကုန်-မန္တလေးလမ်းမကြီးဟောင်းပေါ်က မြို့တွေ ကို ပြေးကြတာ များတယ်။ အဓိကတော့ ညောင်လေးပင်ပေါ့”

ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြို့ရွာများတွင် KNU အပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလည်း လှုပ်ရှားနေပြီး မကြာခဏတိုက်ပွဲဖြစ်နေကာ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းများအပြင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးအဖွဲ့ဝင်များကို ပစ်ခတ်သတ်ဖြတ်ခံရသည်များလည်းရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button