သတင်း

စစ်ကြောင်းနှင့် တိုးသည့် ဝက်လက်ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့အနီး ယမန်နေ့ (ဇန်နဝါရီ ၂၅) က တိုက်ပွဲဖြစ်စဉ် အဖွဲ့ဝင် ၆ ဦး သေဆုံး၊ ၂ ဦး သုံ့ပန်းဖြစ်သွားသည်ဟု  People’s Army to Fight Dictatorship အဖွဲ့က ပြောသည်။

ရွာစဉ်လှည့် မီးရှို့နေသည့် အင်အား ၈၀ ပါ စစ်ကြောင်းကို ကင်းထောက်ရန် ထွက်လာသည့် လက်လုပ် တစ်တောင့်ထိုးသေနတ်များ ကိုင်ဆောင်ထားသည့်   ၁၂ ဦးပါ အဖွဲ့တွင် ၄ ဦးသာ ဒဏ်ရာများနှင့် လွတ်မြောက်လာသည်ဟု ထိုအဖွဲ့၏ တပ်ခွဲမှူး ကိုလှိုင်ဘွားက ပြောသည်။

မြို့ အနောက်ဘက် ၂ မိုင်နီးပါးအကွာ မူးကြီးရွာနှင့် မကျီးတုံရွာအကြားတွင် စစ်ကောင်စီတပ်၏ ရှေ့ပြေးအဖွဲ့နှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခံပစ်နဲ့ရင်း ဝိုက်ခံလိုက်ရတော့ ကျသွားတာပေါ့။ ဝါးတစ်ရိုက်လောက်အဝေးမှာ အပြန်အလှန် ပြန်ပစ်ကြရင်းနဲ့ အပြင်းအထန်ဖြစ်သွားတာပေါ့။ ကင်းထောက်ဆိုတဲ့ အနေအထားနဲ့ သွားတဲ့အချိန်မှာ သူတို့ကင်းပုန်းနဲ့ တွေ့တဲ့ အချိန်ကျတော့ လုံးဝ မလွတ်နိုင်တဲ့အနေအထားမှာ သူသေကိုယ်သေ ယှဉ်ပစ်ကြတဲ့အနေအထားပါ”ဟု သူက ဆိုသည်။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာသည်၊  လက်နက်အင်အား မမျှသည့်အပြင် ပိတ်ဆို့ ပစ်ခတ်ခံရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက လွတ်မြောက်လာသူများကို ကိုးကားပြီး ပြောပြသည်။

“(စစ်သားတွေ)သူတို့က ရှေ့မှာ ၂၀ လောက် အင်အားပြပြီးတော့ နောက်ကနေ လေးငါးဆယ်လောက်နဲ့ နောက်ပိုးပိတ်တာပေါ့။ အဲဒီမှာ ကျွန်တော်တို့ရဲဘော်တွေ ပေးဆပ်လိုက်ရတာပေါ့”ဟု သူက ပြောသည်။

တပ်စိတ် တစ်ခုစာ ထိုကင်းထောက်အဖွဲ့တွင် ဆက်တိုက်ပစ်ခတ်နိုင်သည့် တိုက်ပွဲဝင် မောင်းပြန်သေနတ်တစ်လက်သာ ပါဝင်ပါက  ယခုကဲ့သို့ အကျအဆုံးများမည် မဟုတ်ကြောင်း သူက ဆက်ပြောသည်။

ခင်ဦးအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များအသုံးပြုသော တစ်တောင့်ထိုးလက်လုပ် လက်နက်တချို့အား ယမန်နှစ် အောက်တိုဘာလကုန်ခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now) 

ရုပ်အလောင်းများကို ယမန်နေ့ညနေက ချက်ချင်းကောက်ယူ သဂြိုလ်ခဲ့ကြောင်း၊  ပစ်ခတ်မှုဖြစ်သည့် နေရာအနီး မီးရှို့ထားသည့် စစ်သားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ကိုလှိုင်ဘွားက ပြောသည်။

“ရင်ဘတ်မှာ လက်နက်ကြီးစ မှန်ထားတဲ့ (စစ်သား)အလောင်းကို တွေ့ရတာ၊ မီးရှို့ထားတာ၊ အလောင်း က မီးမလောင်တာဗျ”ဟု သူက ဆိုသည်။ထိုကာကွယ်ရေးအဖွဲ့ဝင်များ၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်များကို မသိရှိရသေးပေ။

လွတ်လာသူ ၄ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ဖမ်းမိသူ ၂ ဦး သေသည်ရှင်သည် မသိရသေးကြောင်း ထိုအဖွဲ့ထံမှ သိရသည်။ 

အဆိုပါစစ်ကြောင်းသည် ပင်ဇင်း၊ မကျီးတုံ၊ မူးကြီးစသည့် ကျေးရွာများကို မီးရှို့ခဲ့သလို ယမန်နေ့ ကလည်း ပစ်ခတ်မှုဖြစ်ရာတောင်ဘက် ၃ မိုင်ခန့်အကွာရှိ ခေါတောကျေးရွာကို ဝင်ရောက်တပ်စွဲကာ ယနေ့အထိ မီးရှို့နေ ကြောင်းသိရသည်။

ရွာအတွင်း မီးဝင်ငြှိမ်းသည့် ဒေသခံအချို့ သတ်ဖြတ်ခံရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အသေး စိတ်မသိရှိရသေးပေ။

ထိုကဲ့သို့ စစ်ကြောင်းကို ကင်းထောက်သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံရသူများရှိသလို မိုင်းထောင်နေစဉ် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်များ ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မိုင်းထောင်နေသည့် ရွှေဘိုခရိုင် PDF တပ်ရင်း (၁) မှ PDF ၇ ဦး စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး အသတ်ခံရခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button