သတင်း

လေတပ်နှင့် လက်နက်ကြီးရန်ကြောင့် ဒီးမော့ဆို ဒေသခံ ၁၀၀၀ ကျော် ရွှေ့ပြောင်းရ

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် ယနေ့ (ဇန်နဝါရီ ၂၅) စစ်ဘေးရှောင်နှင့် ဒေသခံ ၁၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းရကြောင်း သိရသည်။

စစ်တပ်က လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသို့ ရောက်လာစဉ် ဒေါစဲနှင့် ဒေါတမြေးကျေးရွာတို့မှ ဒေသခံများက ထွက်ပြေးရခြင်းဖြစ်ကြောင်း ထိုဒေသတွင် စစ်ရှောင်အရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နွေဦးဂုရုလေးများအဖွဲ့ထံမှ သိရသည်။

“စစ်ကြောင်း ထပ်ထိုးလာလို့ မဖြစ်မနေ ရွှေ့ရတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ ဒီရက်မှပဲ လုံးဝ အရေးပေါ် ရွှေ့လိုက်ရတဲ့ အနေအထားမျိုးရှိတယ်” ဟု အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ဇန်နဝါရီ ၂၀ မှ စတင်၍ ထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် ဒေါစဲရွာနှင့် ကပ်လျက် နန်းဟူးထွေရွာသို့ ရောက်ရှိနေပြီး နန်းဟူးထွေဒေသခံများမှာ ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက တိမ်းရှောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို ၎င်းတို့ထွက်ပြေးလာသည့် ရွာတောင်ဘက် ၇ မိုင်ခန့်အကွာရှိ ဒေါလောခူရွာ၌ ယာယီနေရာချထားကြောင်း နွေဦးဂုရုလေးများအဖွဲ့ဝင်က ဆိုသည်။

“တချို့ဆိုရင် ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိတော့ဘူး၊ ဆက်ပြီးတော့ မပြေးချင်တဲ့သူတွေရှိတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်းက သူတို့အမျိုးတွေဆီ သွားမယ့် စစ်ရှောင်တွေရှိသလို အမျိုးတွေမရှိတဲ့၊ လမ်းပျောက်နေတဲ့ စစ်ရှောင်တွေလည်း တော်တော်အခက်တွေ့နေတယ်” ဟု ၎င်းက ဆိုသည်။

စံပြ (၆) မိုင်နှင့် ဘက်တလိန် ရွာခံများဖြစ်သည့် အဆိုပါ စစ်ဘေးရှောင်များမှာ ၎င်းတို့သည် ယမန်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စစ်တပ်က ဒီးမော့ဆိုအရှေ့ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်သဖြင့် ထွက်ပြေးခဲ့ရသေးသည်ဟု ဆိုသည်။ 

အဆိုပါ စစ်ရှောင်များမှာ ၂၀၂၁ ခုနှစ် မေလအတွင်း ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲစတင်ချိန်ကတည်းက ထွက်ပြေးနေရသည်မှာ တစ်နှစ်ခွဲကျော်ပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၀ မှစ၍ လွိုင်ကော်မှ ဒီးမော့ဆို ဝင်ပေါက်ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားလိုက်ပြီး ဒီးမော့ဆိုဘက် စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

စစ်တပ်က လမ်းကြောင်းရှင်းရန် လက်နက်ကြီးနှင့် ပစ်ခတ်သည်ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဖရန်းစစ်က ပြောသည်။ 

“အပြန်အလှန် ပစ်ခတ်မှုတော့ အနည်းအကျဉ်းလောက်ပဲ ရှိတယ်။ စစ်ကြောင်းထိုးဖို့အတွက် သူတို့က လက်နက်ကြီးတွေ ကြိုတင်ထုတာပေါ့။ အဲဒါကြောင့်မို့လို့ ရဲဘော်နားမှာ ကျတဲ့ အနေအထားမျိုး။ ရဲဘော်ဘက်မှာ အထိအခိုက်တော့ ရှိတာပေါ့” ဟု သူက ပြောသည်။

စစ်တပ်က လွိုင်ကော်မြို့တောင်ဘက် လွိုင်ကော်-ဒီးမော့ဆို နယ်နိမိတ်အနီးရှိ ဟိုဖိတ်ကျေးရွာတွင်လည်း စစ်ကြောင်းထိုးလာနေကြောင်း၊ လက်နက်ကြီးများ နေ့ညမပြတ် ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။ 

ဒီးမော့ဆိုမြို့ပေါ်ရှိ အမှတ် (၄၂၇) ခြေမြန်တပ်ရင်း၊ အမှတ် (၁၀၂) အမြောက်တပ်နှင့် လွိုင်ကော်အခြေစိုက် အမှတ် (၃၆၀) အမြောက်တပ်တို့မှ လက်နက်ကြီးများ ပစ်ကူပေးနေသည်ဟု ဆိုသည်။ 

ဇန်နဝါရီ ၂၃ တွင် နန်းဟူးထွေရွာ တိုက်ပွဲ၌ ၎င်းတို့၏ တပ်ခွဲမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ က ထုတ်ပြန်သကဲ့သို့ Karenni People Defense Force (KPDF) ကလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကြောင်း ထုတ်ပြန်ထားသည်။ 

ထို့ပြင် ဇန်နဝါရီ ၁၉ ရက်နေ့တွင် စတင်သည့် လွိုင်ကော်မြို့ အရှေ့ဘက် ဖားတီမာနှင့် ဖားမောရွာအနီး တိုက်ပွဲတွင် KNDF တပ်ရင်း ၁၂ ရဲဘော်တစ်ဦးနှင့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် (PDF Loikaw) ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်နေသည့် လွိုင်ကော်မြို့ အရှေ့ဘက်ကို ဇန်နဝါရီ ၂၂၊ ၂၄ ရက်နှင့် ဒီးမော့ဆိုမြို့နယ် နန်းဟူးထွေရွာကို ဇန်နဝါရီ ၂၃ တွင် လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး ရွာခံများ မရှိတော့သဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။ 

သို့သော် ဇန်နဝါရီ ၂၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးကျသဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာစိုးရိမ်ရကြောင်း သိရသည်။ 

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီး စစ်တပ် တစ်နှစ်ကျော် စခန်းချထားသည့် မက်စလောင်းတောင်ကို ကရင်နီတပ်မတော် (KA)၊ KNDF, PDF Loikaw, DMO PDF နှင့် Karenni Commando အဖွဲ့များ ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button