သတင်း

ရန်ကုန်စက်ရုံရှေ့သပိတ်စခန်း ရှစ်ရက် ကြာပြီ

(ရန်ကုန်) – ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ဘာလာလာ (Balala) အာလူးကြော် ထုပ်ပိုးစက်ရုံတွင် စက်ရုံအလုပ်သမား သမဂ္ဂခေါင်းဆောင် နှစ်ဦး အလုပ်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်ထားသည်မှာ ရှစ်ရက်အထိ ရှိနေပြီး အလုပ်ထုတ်ပစ်သူများကို ပြန်ခန့်ထားရေးအတွက် ဆက်လက်တောင်းဆို သွားမည်ဟု အဆိုပါ သပိတ်စခန်းမှ အလုပ်သမားများက မေ ၃ဝ ရက်နေ့တွင် ပြောသည်။

မိမိကို မည်သည့်အကြောင်းပြချက်မှမပေး၊ လုပ်ငန်းခွင်အတွင်း ပြစ်ချက်တစ်စုံတစ်ရာ မပြုလုပ်ဘဲ အလုပ်ထုတ်သဖြင့် အလုပ်ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်ကာ တောင်းဆိုရခြင်း ဖြစ်သည်ဟု အလုပ်ထုတ်ခံရသည့် အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မမင်းမင်းဆွေက ပြောသည်။

သပိတ်စခန်းဖွင့်လှစ်သည့် ရှစ်ရက်အတွင်း မြို့နယ်အလုပ်သမားဖျန်ဖြေရေးရုံးတွင် သုံးကြိမ်မျှ ဆွေးနွေးပြီးသော်လည်း ပြေလည်မှုမရရှိသေးကြောင်း၊   ဖျန်ဖြေရေးရုံးဘက်မှ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိသို့ လွှဲပြောင်းပေးသော်လည်း ကြန့်ကြာနေမည်ဖြစ်သဖြင့်  သပိတ်စခန်းဖွင့်ကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်မကို သတိပေးစာလည်း မပေးဘူး။ ဒီလ ၂၃ ရက်နေ့မှာ အလုပ်ကိုအသွား၊ အလုပ်ထုတ်လိုက်ပြီ၊ ဆင်းစရာ မလိုတော့ဘူးလို့ လာပြောတယ်။ ကျွန်မလည်း ဘာအပြစ်မှ မလုပ်ထားဘဲနဲ့ သက်သက်ထုတ်တာ။ ကျွန်မနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မနှင်းနှင်းအောင်တို့ကို အလုပ်ပြန်မခန့်မချင်း ကျွန်မတို့တော့ ဆက် သပိတ်စခန်းဖွင့်နေဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

အနည်းဆုံးလုပ်ခနှုန်းဖြစ်သည့် တစ်ရက် ၄,၈ဝဝ ကို အလုပ်ရှင်ဘက်က ပေးသော်လည်း လုပ်ငန်းခွင်စံချိန်ကို တိုးမြှင့်လိုက်ကြောင်း၊ ထို့အတွက် ယခုလ ၂၁ ရက်နေ့က အလုပ်ရှင်နှင့် ညှိနှိုင်းချက်အရ လုပ်ငန်းခွင်အနေအထား ပြေလည်ခဲ့သော်လည်း ၂၃ ရက်နေ့တွင် အလုပ်ထုတ်လိုက်ခြင်းမှာ မိမိတို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်မည်ဟု ယူဆကြောင်း ၎င်းက ဆက်ဆိုသည်။

သပိတ်မှောက်နေကြသော အလုပ်သမား ၂၆ ဦးရှိပြီး စက်ရုံရှေ့တွင် ဝင်ပေါက်ထွက်ပေါက်အနီး သပိတ်စခန်း ဖွင့်လှစ်ကာ မိုးရွာရွာ၊ နေပူပူ ဆက်လက်သပိတ်မှောက်နေကြသည်ကိုလည်း တွေ့ရသည်။ စက်ရုံထဲတွင်မူ အလုပ်သမား ၃ဝ နီးပါးက လုပ်ငန်းခွင်အတွင်း ဆက်လက်လုပ်ကိုင်နေသည်ကိုလည်း တွေ့ရသည်။

အလုပ်သမား ၃ဝ နီးပါး၏ သဘောဆန္ဒကြောင့် အလုပ်ထုတ်ပစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ဌာနဆိုင်ရာ၏ ဖြေရှင်းမှုများကိုလည်း လိုက်ပါဆောင်ရွက်ခဲ့ကြောင်း၊ အလုပ်သမားဥပဒေပါ ခံစားခွင့်များကိုလည်း လိုက်လျောနေခဲ့ပြီးမှ အလုပ်ခွင်ရှိ အလုပ်သမားအချင်းချင်း လုပ်ငန်းခွင်အဆင်မပြေမှုများကြောင့်သာ ထုတ်ပစ်ရခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူ မအေးအေးခိုင်က Myanmar Now ကိုပြောသည်။

“အခုလုပ်ငန်းခွင်ထဲမှာရှိတဲ့ အလုပ်သမားတွေက သူတို့ နှစ်ဦး လုပ်ငန်းခွင်မှာ ဆက်ရှိနေမယ်ဆိုရင် သူတို့အားလုံး အလုပ်က ထွက်မယ်လို့ လာတင်ပြတယ်။ အဲ့ဒီတော့ ကျွန်မအနေနဲ့ နှစ်ဦးနဲ့ အများဆိုရင် အများဆန္ဒကို လိုက်လျောရမှာပေါ့။ သူတို့ နှစ်ဦးတည်းကို အလုပ်က ထုတ်တာ။ ကျန် သပိတ်မှောက်နေတဲ့ သူတွေကို ထုတ်တာမဟုတ်ဘူး။ သူတို့ကို ကျွန်မတို့က ပြောထားပြီးသား အလုပ်ပြန်ဆင်းပါ၊ ဆင်းတာနဲ့ လုပ်ခကို ခံစားခွင့်အတိုင်း ပေးမှာပါဆိုတာ” ဟု ၎င်းက ဆိုသည်။

အလုပ်ထုတ်လိုက်သူ နှစ် ဦးသည် အလုပ်သမားတချို့ကို စည်းရုံးထားပြီး လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကိုပါ ဝင်ရောက် စွက်ဖက်လာမှုများကြောင့် မိမိတို့အလုပ်ရှင်ဘက်မှလည်း လုပ်ငန်းစီမံမှုများတွင် များစွာ အခက်တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

မိမိတို့အနေဖြင့် ဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်ရန် အသင့်ရှိနေပြီး ခုံသမာဓိအဖွဲ့ကို ဆက်လက်တက်မည်ဆိုပါက အဆင်သင့်ဖြစ်သော်လည်း သပိတ်မှောက်ကြသူများက ဥပဒေအတိုင်း မလုပ်ချင်ကြဟု ၎င်းက ပြောသည်။

“ထုပ်ပိုးမှုဘက်မှာ လူလိုလို့ သူတို့အုပ်စုက လူတွေကို ခိုင်းမယ်ဆိုရင် သူတို့သဘောတူမှခိုင်းဆိုတဲ့ ပုံစံမျိုး၊ လုပ်ငန်းခွင်က ကြော်ငြာသင်ပုန်းမှာ အလုပ်ခွင်နဲ့ ပတ်သက်တာ တစ်ခုခု ကြေညာမယ်ဆို သူတို့သဘောတူမှ ကြေညာဆိုတာမျိုးကတော့ ကျွန်မတို့ အလုပ်ရှင်ဘက်က စီမံခန့်ခွဲရေးကို ကျော်လွန် ဝင်စွက်ဖက်တာ မဟုတ်တော့ဘူးလား” ဟု မအေးအေးခိုင်က ဆက်ပြောသည်။

ထိုသို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းသည် ယခုနှစ် မတ်လပိုင်းကတည်းကဖြစ်ပြီး ၎င်းတို့ နှစ် ဦးက ဦးဆောင်ပြီး သမဂ္ဂပုံစံမျိုး ပြုလုပ်ကာ အလုပ်ရှင်ဘက်သို့ အခွင့်အရေးများ စတင်တောင်းဆိုခဲ့ကြောင်း၊ အလုပ်ရှင်ဘက်ကလည်း လိုက်လျောခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့ သမဂ္ဂပုံစံမျိုးတွင် မပါဝင်ကြသူများကို လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခြင်း၊ စောင်းမြောင်းပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်နေကြောင်း အမျိုးသားအလုပ်သမား အုပ်ချုပ်ရေးမှူး (Supervisor) ကိုသက်နိုင်စိုးက ပြောသည်။

“ပထမ ကျွန်တော်တို့ အခု ဆက်လုပ်နေကြသူတွေက သူတို့လို အဖွဲ့ပုံစံမျိုးမဟုတ်ဘူး။ သူတို့လုပ်တာ ဝင်မပါတာနဲ့ သူတို့က လုပ်ငန်းခွင်ထဲမှာ အဆင်မပြေအောင် နည်းအမျိုးမျိုးနဲ့ လုပ်တာ။ ကြာတော့ အားလုံးက မခံနိုင်ကြတော့ဘူး။ အဲ့ဒါကြောင့် အလုပ်ရှင်ကို သူတို့ နှစ်ဦးရှိနေရင် ကျွန်တော်တို့ ထွက်မယ်လို့ သွားပြောတာ။ နောက် ကျနော်တို့ စက်ပိုင်းမှာ လူလိုတယ်ဗျာ။ သူတို့အုပ်စုက လူတွေ သွားခေါ်ရင် သူတို့သဘောတူမှဆိုတဲ့ ပုံစံချိုးတယ်။ ဒါဆိုလည်းဗျာ… အလုပ်ရှင်ကိုယ်တိုင်က ခေါ်ပါလို့ ပြောတာကို သူတို့သဘောတူမှဆို သူတို့ပဲ အလုပ်ရှင် သွားလုပ်ကြပါတော့လား” ဟု လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်နေသည့် ကိုသက်နိုင်စိုးက ဆိုသည်။

Show More

Related Articles

Back to top button