သတင်း

ခင်ဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်သားများ မိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာအနီး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ ယမန်နေ့ (ဇန်နဝါရီ ၂၃) နံနက်က မိုင်းထိသဖြင့် သေဆုံးသူ ၆ ဦး အနည်းဆုံး ရှိနိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ KSO ထံမှ သိရသည်။

အင်းပတ်ကျေးရွာ၏အနောက်မြောက်ဘက် ရေဦးလမ်းနှင့် အင်းပတ်ကျေးရွာလမ်းဆုံ (အင်းပတ်ကွေ့) တွင် ယာယီ တပ်စွဲထားသည့် စစ်သားများ ကင်းလှည့်ထွက်လာစဉ် မိုင်းကွင်းတစ်ခုအတွင်း ဝင်မိသွားသည်ဟု ဆိုသည်။

“မိုင်းကွင်းကလည်း အသင့်ရှိထားပြီးသား၊ ကင်းကလည်း စောင့်ကြည့်နေတာဆိုတော့ အသင့်ဖြစ်သွားတာ၊ ၁၅ ယောက်လောက် (ကင်း) ထွက်လာတာမှာ မိုင်းဆွဲခံရချိန် အနည်းဆုံး ၅ ယောက် တုံးလုံးပက်လက် လဲသွားတာကို မိုင်းဆွဲတဲ့ ရဲဘော်တွေက မြင်လိုက်တာ” ဟု ခင်ဦးမြို့နယ်အနောက်ခြမ်းအခြေစိုက် KSO အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ကောင်စီတပ်သည် ၂၀၂၁ တည်းက အင်အား ၃၀ ဝန်းကျင်ဖြင့် အင်းပတ်ကွေ့တွင် တပ်စွဲထားခြင်း ဖြစ်ပြီး ထိုအထဲမှ ယူနီဖောင်းမဝတ်ထားသည့် ၁၅ ဦးက အင်းပတ်ကျေးရွာဘက်သို့ ထွက်လာသည့်အတွက် အင်းပတ်ရွာနှင့် အနီးဝန်းကျင်မှ မရမ်းအင်း၊ ချမ်းသာကုန်းစသည့်ရွာများမှ ဒေသခံများ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို ဒေသအခြေစိုက် KSO,KDK နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အသွားအလာကို သစ်ပင်ပေါ်တက်ကာ ကင်းထောက်နေသော KSO တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ -မိုးဦး/Myanmar Now)

မိုင်းကွဲအပြီးတွင် စခန်းအတွင်း ကျန်နေသည့် စစ်သားများက အင်းပတ်ကျေးရွာဘက်သို့ လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“တိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ မိုင်းကွင်းနေရာကို သွားကြည့်တယ်။ တရွတ်ဆွဲသွားတဲ့ပုံစံမျိုးပဲ။ သွေးကြောင်းတွေ အတန်းလိုက် တွေ့ရတယ်။ ကျွန်တော်တို့ သတင်းရင်းမြစ်တွေကို စုံစမ်းကြည့်တော့ သေတာရော၊ ဒဏ်ရာရတဲ့ စစ်သားတွေရောကို ရေဦးမြို့ဘက်ကို သယ်သွားတယ်” ဟု KSO ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“နေရာမှာတင် သေတာ ၆ ယောက်၊ ဆေးရုံရောက်မှာ ထပ်သေတာ ၄ ယောက်၊ အားလုံး ၁၀ ယောက်လို့ ကျွန်တော်တို့ လတ်တလော အတည်ပြုထားပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်သားသေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းမထုတ်သလို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကြောင်းထိုးသည်ယူဆပြီး ထွက်ပြေးခဲ့သော ဒေသခံများမှာ ယမန်နေ့မွန်းလွဲတွင် ရွာအတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကွေ့၊ ရွာသစ်ကုန်းရွာ၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းနှင့် မူးတိမ်ချောင်းတံတားတို့၌ စစ်ကောင်စီတပ်များ စခန်းချထားကြသည်။

ထို့အပြင် ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်၊ ရေဦးမြို့နယ်တွင်းမှ ကျေးရွာများကို စစ်ကြောင်းထိုး မွှေနှောက်လျက်ရှိပြီး၊ အနီးဆုံးနေရာတွင်ရှိသည့် ရေဦးမြို့ပေါ်စစ်စခန်းများမှ အင်အားများသာမက ခင်ဦးနယ်အနောက်ခြမ်း စခန်းများမှ အင်အားများကိုလည်း စစ်ကြောင်းထိုးရာတွင် အသုံးပြုလျက်ရှိနေကြောင်း ခင်ဦးနှင့် ရေဦးနယ်မှ တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။

ယနေ့နံနက်တွင်လည်း အင်းပတ်ကွေ့မှနှင့် ရွာသစ်ကုန်းကျေးရွာတို့မှ စစ်သား ၃၀ ခန့်သည် ရေဦးမြို့တွင်း စစ်စခန်းတစ်ခုသို့ သွားရောက်ပူးပေါင်းကာ ရေဦးမြို့နယ် ညောင်လှကျေးရွာသို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button