သတင်း

ဝန်းသိုပစ်ခတ်မှုတွင် တစ်နှစ်ခွဲ ကလေးနှင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ရွာမီးရှို့ကာ တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦးကို ယမန်နေ့ (ဇန်နဝါရီ ၂၂) တွင် သတ်ဖြတ်ခဲ့သည်ဟု ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။

ဇန်နဝါရီ ၂၁ က ဝန်းသိုမြို့နယ်နှင့် ကောလင်းမြို့နယ်အကြား လွင်ကြီးနှင့် ရွေတိုက်ကုန်းရွာများအနီး စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းကို ဝန်းသိုနှင့် ကောလင်း အခြေစိုက် ပြည့်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်က လွင်ကြီးရွာအနီး တိုက်ပွဲတွင် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီကြောင်း အထိနာခဲ့ပြီး ရွာအတွင်း ဆုတ်ခွာသွားခဲ့သည်ဟု ဝန်းသို (ပကဖ) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုရွာနှင့် မိုင်အနည်းငယ်အကွာတွင် ရှိသည့် ရွေတိုက်ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၅၀ ကျော် ပါသည့် စစ်ကြောင်းက မွန်းလွဲပိုင်းတွင် လွင်ကြီးရွာရှိ စစ်ကြောင်းနှင့် လာရောက်ပူးပေါင်းစဉ် PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီနေ့က စစ်တပ်က လွင်ကြီးရွာကို ဝင်တဲ့အချိန်မှာ မိုင်းထောင်ထားတာတွေက ဆွဲလိုက်တာ သူတို့ တော်တော်ကျသွားတယ်။ အတိအကျတော့မဟုတ်ပေမဲ့ သတင်းရထားတာတော့ ၆ ယောက်လောက်ကို ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကြောင်းနှစ်ခု ထိုနေ့ညက လွင်ကြီးရွာတွင် ညအိပ် တပ်စခန်းချကြသည်၊ နောက်တစ်နေ့ (ဇန်နဝါရီ ၂၂) နံနက် ၆ နာရီခန့်မှစ၍ ရွာကို မီးရှို့ကာ ထွက်ခွာသွားသည်ဟု သိရသည်။

လွင်ကြီးနှင့် ရွေတိုက်ကုန်းရွာ မီးလောင်ပျက်စီးသည့် အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ဝန်းသို (ပကဖ) အဖွဲ့နှင့် ကောလင်း-PDF အဖွဲ့တို့က ပြောသည်။

ရွာမီးရှို့ပြီးနောက် အင်အား ၁၃၀ ကျော်ပါ စစ်ကြောင်းသည် ဝန်းသို့မြို့မှ လာသည့် အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းနှင့် ပေါင်းသွားပြီး လွင်ကြီးရွာနှင့် တစ်မိုင်ခန့်သာ ဝေးသည့် ပိန္နဲကုန်းရွာကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

ထိုသို့ စီးနင်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည့်အတွက် ရွာအတွင်းရှိ ရင်ခွင်ပိုက်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

“လက်နက်ကြီးနဲ့ ထုလိုက်တာမှာ ကလေးတစ်ဦးကတော့ ပွဲချင်းပြီးဆုံးသွားတယ်ဗျ၊ အဲဒီကလေးက အသက် တစ်နှစ်ခွဲအရွယ်ပဲ ရှိသေးတယ်၊ နောက်ပြီး‌တော့ နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာရသေးပါတယ်” ဟု အထက်ပါ ဝန်းသိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ထွက်ပြေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မွန်းလွဲပိုင်းတွင် ပစ်သတ်ခံရသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

အသတ်ခံရသည့် အဆိုပါအမျိုးသမီး၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတို့မှာ အမျိုးသမီးတစ်ဦး၊ တစ်နှစ်ခွဲအရွယ် ကလေး၏ ဖခင်တို့ ဖြစ်သည်။

ယနေ့ နံနက်တွင် အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းမှာ ပိန္နဲကုန်းရွာမှ နေအိမ် ၄ လုံး ခန့်ကို မီးရှို့၍ ရွာမှ ထွက်ခွာသွားပြီး ပိန္နဲကုန်းရွာကပ်လျက်ရှိ ကနဖော့ကုန်းရွာ၏ အနောက်ဘက်ရှိ တောတွင်း၌ တောနင်းကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ယနေ့မွန်းလွဲအထိ တိုက်ပွဲမဖြစ်သေးသော်လည်း စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု ဝန်းသို-ပကဖအဖွဲ့က ပြောသည်။

ယခုလ ၁၂ ရက်နေ့ကလည်း ဝန်းသိုမြို့နှင့် ဝန်းသိုမြို့နယ် တုံးကြီးရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ဝန်းကျင်ခန့် သေဆုံးခဲ့သည်ဟု PDF ဘက်က ဆိုသည်။ 

သေဆုံး၊ ဒဏ်ရာရမှုနှင့် ပတ်သက်၍ အသေးစိတ်ကို လတ်တလောတွင် အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း စစ်ဆင်ရေးသတင်းများကို အမှောင်ချထားသည်။

စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်သည့်အတွက် စစ်ကိုင်းတိုင်း အပါအဝင် ဒေသအများအပြားတွင် လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာသည်။

ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်များဖြစ်သည့် ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့်၊ ကသာ စသည့်မြို့နယ်များတွင် စစ်ကောင်စီတော်လှန်ရေးအားကောင်းလျက်ရှိသလို စစ်တပ်ကလည်း နည်းပေါင်းစုံသုံးကာ ဖိနှိပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button