သတင်း

ဝမ်ပေါင်စီမံကိန်းအနီး စစ်တပ်က အကျဉ်းသားကို ခိုင်းစေ၊ နှိပ်စက်ပြီး သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ရွာများကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ဖမ်းသွားပြီး ၆ ရက်အကြာ ယမန်နေ့ (ဇန်နဝါရီ ၁၉) တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် သူ၏အလောင်းကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

၃၆ နှစ်အရွယ် ကျောက်ဖြူတိုင်ရွာခံ ကိုခိုင်စိုး၏ မျက်နှာတစ်ခုလုံး ထုရိုက်ခံထားသည့် ဒဏ်ရာများ၊ ဒူးခေါင်းပေါက်ပြဲဒဏ်ရာများ ရှိနေသည်၊ သူ၏ရွာမှ ၅ မိုင်ခန့်အကွာ ရွှေလှေရွာ အရှေ့ဘက် ကိုက် ၁၀၀ ခန့်ရှိ ထန်းတောထဲတွင် တွေ့ရသည်ဟု ဆိုသည်။

“မျက်နှာတစ်ခုလုံး ရစရာမရှိဘူး၊ မျက်လုံးနှစ်လုံးကလည်း ကျွတ်လုနီးပါးပဲ။ ခေါင်းတွေ ချိုင့်ဝင်၊ နားထင်တွေ ချိုင့်ဝင်အောင် နှိပ်စက်ထားပြီးတော့ ရွှေလှေရွာရဲ့အရှေ့ဘက်က ထန်းတောထဲမှာ ထန်းခက် (လက်) တွေနဲ့ အုပ်ထားခဲ့တာ” ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် ကျောက်ဖြူတိုင်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိခင်နှင့် နှမဖြစ်သူတို့ စစ်ဘေးရှောင်ရန် လိုက်လံပို့ဆောင်ပြီး အပြန်တွင် ဇန်နဝါရီ ၁၄ နေ့လယ်ပိုင်းက ဖမ်းဆီး ရိုက်နှက်ခံရသည်၊ အတူဖမ်းဆီးခံရသူ ၆ ဦးမှာ နေ့တွင်းချင်း ပြန်လွတ်လာသည်ဟု ကျောက်ဖြူတိုင်ဒေသခံက ပြောသည်။

“ကျွန်တော်တို့ရွာက မီးရှို့ခံထားရတော့ သူက ကျောပိုးအိတ်မှာ မီးဘေးသင့်ပြည်သူတွေအတွက် ဆိုပြီးတော့ အလှူခံထားတဲ့ စာရွက်စာတမ်းတွေရှိတယ်။ အဲဒီဟာတွေနဲ့ ဆက်စပ်ပြီးတော့ ဒီလိုမျိုးလုပ်တယ်လို့ ယူဆတယ်” ဟု ထိုဒေသခံက ပြောသည်။

ကိုခိုင်စိုးကို ညောင်ပင်ကြီးရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တစ်ရက် နံနက်ပိုင်း ပလောင်ရွာသို့ စစ်ကြောင်းဆက်လက်ထွက်ခွာချိန်တွင် ခေါ်ဆောင်သွားကြောင်း၊ လမ်းတွင်လည်း အထုပ်အပိုး သယ်ခိုင်းကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး ကျောက်ဖြူတိုင်ဒေသခံ အမျိုးသားက ပြောသည်။

“ပလောင်ဘက်ကို ညောင်ပင်ကြီးဘက်က ထွက်လာတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ သူတစ်ယောက် အရပ်ရှည်ရှည်၊ ဒေါင်ကောင်းကောင်း၊ ကျောပိုးအိတ်တစ်အိတ် လွယ်ခိုင်းထားတယ်ဆိုတာကတော့ သိခဲ့ရတယ်။ ‌ရွှေလှေကို ရောက်ပြီးတော့မှ စစ်ကြောင်းက ဆားလင်းကြီးဘက်ကို ထွက်တဲ့အချိန်မှာတော့ အဲဒီမှာ မပါတော့ဘူးဆိုတာ သိတော့ ရှာရတာပေါ့” ဟု ၎င်းက ပြောသည်။

ရုပ်အလောင်းပြန်တွေ့ချိန်တွင် ပုပ်ပွပျက်စီးနေပြီဖြစ်ပြီး ကျေးရွာသို့ ပြန်လည် သယ်ဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆားလင်းကြီးမြို့မှ ၅ မိုင်ခန့်အကွာ လက်ပတောင်းတောင်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို ဇန်နဝါရီ ပထမပတ်မှစ၍ စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့ရာ ကျောက်ဖြူတိုင်အပါအဝင် ရွာ ၅ ရွာ မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။

ထိုစစ်ကြောင်းကြောင့် ကျောက်ဖြူတိုင်ရွာမှ အိမ်ခြေ ၈၆ လုံး ပြာကျခဲ့ရပြီး အိမ်ထောင်စု ၉၄ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း မီးဘေးသင့် အိမ်ထောင်စုများအပါအဝင် ကျောက်ဖြူတိုင်ရွာဒေသခံအများစု နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ပြည်သူတွေက ကြောက်စိတ်အများကြီးရှိနေတော့ ရွာထဲကို လုံးလုံးလျားလျားကြီးမဝင်နိုင်ဘဲနဲ့ တောထဲ တဲလေးတွေမှာ ခိုးနေရတာရှိတယ်။ မီးဘေးသင့်တော့ နေစရာလည်း မရှိဘူးလေ။ တောထဲ တဲလေးတွေမှာပဲ ကပ်နေရတယ်။ ကျွန်တော်တို့က ပြန်လည်ထူထောင်ရေးက မလုပ်နိုင်သေးတော့လေ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားက ပြောသည်။

တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ အကျိုးတူ လုပ်ကိုင်နေသည့် လက်ပတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းကို ရပ်ထားရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ပြီးခဲ့သည့်နှစ် ဧပြီလကုန်ပိုင်းတွင် သတိပေးခဲ့သည်။

ထို့နောက် စီမံကိန်းအနီးတစ်ဝိုက် ကျေးရွာများကို စစ်ကောင်စီတပ်များ မကြာခဏ ရွာစဉ်လှည့်စစ်ကြောင်းထိုးကာ သတ်ဖြတ်မှုများကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

စစ်ကြောင်းနှင့်တွေ့ပြီးဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသည့် ကိုခိုင်စိုး၏ ရုပ်အလောင်းကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – supplied)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button