
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၈) ည ၈ နာရီခန့်က စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ကြိုးပမ်းနေသော၊ စစ်တပ်သတင်းပေးဟု အမည်ထွက်နေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။
သာစည်လေးကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဦးထွန်းဦး ဆိုသူသည် စစ်ကောင်စီကို အာဏာသိမ်းမှု ဆန့်ကျင်သူများအကြောင်း သတင်းပေးခဲ့သလို ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခြင်း၊ လူဦးရေစာရင်းပေးရန် စည်းရုံးတိုက်တွန်းခြင်းများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဆည်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော People Revolution Force-Kyaukse အဖွဲ့က ပြောသည်။
“အာဏာသိမ်းစကတည်းက ဒလန်အဖြစ် သတ်မှတ်ထားတာ။ အခု ပိုဆိုးသွားတာက ရွေးကောက်ပွဲအတွက်ဆိုပြီး အိမ်ထောင်စုစာရင်းတွေ အတင်းလိုက်ကောက်တယ်။ မိုက်နဲ့အော်ပြီး စာရင်းပေးခိုင်းတယ်။ ဒါတွေကြောင့် ရှင်းပစ်လိုက်ရတာပါ” ဟု ထိုအဖွဲ့မှ ကိုကျီးကန်းဟူသည့် အမည်ခံယူထားသူ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သမာသမတ်နဲ့လုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး အာဏာသိမ်းထားတဲ့အဖွဲ့အစည်းက လုပ်တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့က ဘယ်လိုမှ လက်မခံဘူး။ အဲဒီရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ လိုက်ပါလုပ်ဆောင်ပေးနေတဲ့လူတွေ ကျွန်တော်တို့က တိုက်ခိုက်မှာပဲ”
ဦးထွန်းဦးသည် နေအိမ်အနီး လမ်းမပေါ်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် ကျည်ထိဒဏ်ရာရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအလိုတော်ရိဖြစ်သည်ဆိုသော အချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်၏ ရွေးကောက်ပွဲကို ပါဝင်ခြင်း မပြုရန် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားကြပြီး ပါဝင်နေသည့် အုပ်ချုပ်ရေး၊ လဝက၊ ပညာရေးရေးဝန်ထမ်းများကို သတိပေးတိုက်ခိုက်မှုများလုပ်နေသလို တချို့ပစ်သတ်ခံရသည်။
ထိုသူအား အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်နေသူများ ရှိပါက ရှင်းလင်းသွားမည်ဖြစ်ကြောင်း PRF-Kyaukse က ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။
မြို့နယ်တချို့တွင်လည်း စာရင်းကောက်အဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပေါ်နေသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် ဇန်နဝါရီ ၁၇ ညနေက ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲ တိုက်ခိုက်ခံရသလို လူစာရင်းကောက်နေကြသော ဇန်နဝါရီ ၁၅ တွင် မန္တလေးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဇန်နဝါရီ ၁၃ တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးမတို့ ပစ်သတ်ခံရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ခံနေမှုများတွင် ပူးပေါင်းပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် မည်သူ့ကိုမဆို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲမည်ဟု ဇန်နဝါရီ ၉ က ကြေညာထားသည်။
မန္တလေးမြို့ပေါ် မြို့နယ်ခြောက်ခုအတွင်း စာရင်းပေါက်ထားပြီးဖြစ်သည့် အိမ်ထောင်စုများကိုလည်း လက်ရှိနေထိုင်နေသည့် မြို့နယ်များတွင်လည်း အိမ်ထောင်စုစာရင်းအသစ် လုပ်ခိုင်းခြင်းများလည်း ရှိနေသည်ဟု မြို့ခံတချို့က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလသက်တမ်း ၂ နှစ်အထိ အာဏာယူထားနိုင်သည်ဟု အကြောင်းပြထားရာ ထို ၂ နှစ်သက်တမ်းမှာ ဇန်နဝါရီလကုန်လျှင် ကုန်ဆုံးတော့မည်ဖြစ်သည်။
ထို့ကြောင့် သက်တမ်းပြည့်ပြီးလျှင် ထိုဥပဒေပုဒ်မ-၄၂၉ အရ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တိုင်းပြည်အာဏာကို ပြန်ယူပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဟု ဆိုထားရာ စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရသူ အကုန်ယူ(Firrst Past the Post–FPTP) စနစ်အစား အချိုးကျကိုယ်စားပြု (Proportional Representation–PR) စနစ် ကျင့်သုံးမည်ဟု ပြောထားသည်။
ယင်းရွေးကောက်ပွဲစနစ်သစ်အတွက် စစ်ကောင်စီသည် ပြည်ခိုင်ဖြိုးပါတီတွင် စစ်တပ်အမာခံများဖြင့် ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်ခဲ့သလို ၎င်းနှင့် ပနံသင့်သည့် ပါတီများကို ညှိနှိုင်းခဲ့ပြီး ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)