သတင်း

ကမ္ဘာကျော် မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ရွာကို စစ်တပ်က မီးရှို့

တန် ၉၀ နီးပါးရှိ ကမ္ဘာ့တတိယအကြီးဆုံး ကြေးခေါင်းလောင်းတည်ရှိရာ မင်းကွန်းပုထိုးတော်ကြီး မြောက်ဘက် ငါးမိုင်ခန့်အကွာရှိ ထုံးဘိုရွာကို ယနေ့ (ဇန်နဝါရီ ၁၇) တွင် စစ်ကောင်စီတပ် ဝင်သွားပြီးနောက် အိမ်ခြေ ၁၃ လုံး မီးလောင်ပြီး ဒေသခံ ၁ ဦး သေဆုံးသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် ထိုဒေသရှိ မင်းဝံတောင်ရိုး အရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေးမှ ထုံးဘိုရွာကို နံနက် ၁၀ နာရီခန့်တွင် စစ်တပ် ရောက်လာပြီး ညနေပိုင်းမှ ပြန်ထွက်သွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

သေဆုံးသူမှာ ထုံးဘိုရွာခံ ၄၂နှစ်အရွယ် ဦးခင်မင်းမောင်ဖြစ်ပြီး မင်းဝံတောင်ရိုးတစ်လျှောက်တွင် စစ်ကောင်စီနှင့် မကြာခဏ တိုက်ပွဲဖြစ်နေသည့် တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်မှုမရှိဟု စစ်ကိုင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထုံးဘိုရွာကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တောင်ဘက် မိုင် ၂၀ ခန့်အကွာ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှ ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် စစ်သုံးထရပ်ကားနှစ်စီးဖြင့် ထွက်လာသည့် အင်အား ၄၀ ပါ တပ်ဖွဲ့ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ထုံးဘိုရွာကို ဝင်မစီးမီ အနီးရှိ တော်လှန်ရေးအဖွဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း ၁၆နှစ်အရွယ် တော်လှန်ရေးရဲဘော်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုရွာကို စစ်တပ် ဝင်စီးပြီးနောက် မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတစ်ခုကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ -ပေးပို့

ထိုစစ်ကြောင်းသည် ယနေ့(ဇန်နဝါရီ ၁၈) တွင် ထုံးဘိုရွာ တောင်ဘက် ကပ်လျက်ရှိ မြေတိုင်ရွာနှင့် အုံးတဇင်ရွာ အနောက်ဘက် မင်းဝံတောင်ရိုးပေါ်တွင် ရှိနေဆဲဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စစ်ကောင်စီကို တော်လှန်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း တောတောင်ထူထပ်ရာ ဒေသများတွင် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်များက ခြေကုပ်ယူလေ့ရှိပြီး ဧရာဝတီမြစ်ကို ကူးကာ မန္တလေးတိုင်း မတ္တရာနယ်ဘက်တွင် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကလည်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က မင်းဝံတောင်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းသဖြင့် ဒေသခံ သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုရွာကို စစ်တပ် ဝင်စီးပြီးနောက် အပျက်အစီးများကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ -ပေးပို့

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။ စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းအတွင်း လေကြောင်းပါသုံး၍ တိုက်ခိုက်နေသလို စစ်ကြောင်းဝင်သည့် ကျေးရွာများ မီးရှို့ဖျက်ဆီးခံနေရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဒီဇင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁.၅ သန်းခန့် ရှိပြီး ယင်းတို့အထဲတွင် စစ်တပ် အာဏာသိမ်းပြီးနောက် မလုံခြုံမှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးရသူ ၁.၁ သန်းကျော် ပါဝင်နေသည်။

၂၀၂၂ နှစ်ကုန်အထိ နိုင်ငံတစ်ဝန်းတွင် နေအိမ်ပေါင်း ၄၈၄၆၃ လုံး မီးရှို့ခံရသည်ဟု စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်နေသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Data for Myanmar ၏ ဇန်နဝါရီ ၁၅ ရက် ထုတ်ပြန်ချက်များအရ သိရသည်၊ ဖျက်ဆီးခံရသည့်အထဲတွင် စစ်ကိုင်းတိုင်းမှ နေအိမ် ၃၆၆၆၇ လုံး ပါဝင်ပြီး အများဆုံးဖြစ်သည်။

စစ်ကောင်စီက အရပ်သားသေဆုံးမှုများ၊ ပြည်သူပိုင် အိုးအိမ်မီးလောင်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ ၎င်းတို့လက်ချက် မဟုတ်ဟု ငြင်းလေ့ရှိသည်။ သို့သော် ၂၀၂၁ အာဏာမသိမ်းမီ ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုမျိုးဖြင့် နိုင်ငံတကာတရားရုံးတွင် စစ်ကောင်စီက အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button