ဆောင်းပါး

စစ်ခေါင်းဆောင်၏ မစားရဝခမန်း စီးပွားရေး ယုံတမ်းစကားများ

မလုပ်ဝံ့တာ ဘာမှမရှိ၊ ဘာမဆိုလုပ်ရဲသည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ မပြောရဲတာလည်း ဘာမှမရှိသူဟု ဆိုရမည်ဖြစ်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်က ကျင်းပသည့် စစ်ကောင်စီအစည်းအဝေး၌ မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ယခင်အစိုးရလက်ထက်မှစ၍ ကျဆင်းခဲ့ကြောင်း၊ ကိုဗစ်နိုင်တင်းကပ်ဘေးနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့်ဖြစ်ကြောင်း၊ ရာနှုန်းအားဖြင့် ၅.၉% ထိ ကျဆင်းခဲ့ကြောင်း သူက ဆိုသည်။

သို့သော် ၂၀၂၁-၂၂ဘဏ္ဍာရေးနှစ် (အာဏာသိမ်းပြီး) ပထမခြောက်လ တွင် ၂.၄% တိုးတက်လာကြောင်း၊ အနုတ် ၅.၉မှ အပေါင်း၂.၄% သို့ ရောက်လာကြောင်း၊ နိုင်ငံ့စီးပွားရေးမှာ ၈% တိုးတက်လာခြင်းပင် ဖြစ်ကြောင်း၊ ၂၀၂၁-၂၂ ဒုတိယ ခြောက်လတွင် ၃.၄% တိုးတက်လာကြောင်း စစ်ခေါင်းဆောင်က ဆက်ပြောသည်။

ထို့ပြင် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၊ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း နိုင်ငံ့စီးပွားရေးသည် ၈% ကျော် တိုးတက်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၃.၂% ထိ ကျဆင်းခဲ့သည်ဟု သူက ဆိုခဲ့ပြန်သည်။

အထက်ပါ ပြောစကားများတွင် ပထမဆုံးသတိပြုရမည့် အချက်မှာ စစ်ကောင်စီဥက္ကဋ္ဌရာထူးနှင့် ဝန်ကြီးချုပ်ရာထူးယူထားသူ မင်းအောင်လှိုင်သည် ဘဏ္ဍာရေးနှစ်များကို ရောထွေးပြောဆိုနေခြင်း ဖြစ်သည်။

မင်းအောင်လှိုင် အာဏာသိမ်းသည့်ကာလမှာ  ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ကျရောက်သည်။ ၂၀၂၁-၂၂ ပထမ ၆ လ ဆိုသည်မှာ စစ်ကောင်စီပြောင်းလဲခဲ့သည့် ကာလတို ၆ လ မီနီဘတ်ဂျက်နှစ် (၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ) ကာလ ဖြစ်သည်။

ထိုကာလပြီးလျှင် ၂၀၂၁-၂၂ ဒုတိယ ၆ လ မရှိတော့ပေ။ စစ်ကောင်စီကိုယ်တိုင် ပြောင်းလဲခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်သာ ရှိသည်။

နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၆ မတ် ၃၀က ပြုလုပ်သည့် သမ္မတ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားအပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်ကို ယှဉ်တွဲတွေ့ရစဉ်။ ဓာတ်ပုံ- AFP via Getty Ima

မြန်မာ့စီးပွားရေးကို အချိန်ကာလအလွဲများဖြင့် ကာလမမှန် သုံးသပ်ထားသည့် စစ်ခေါင်းဆောင်၏ အဆီအငေါ်မတည့်မှုကို ပြောချင်စောများနေလို့နေမှာပါဟု ယူဆ၍ လျစ်လျူရှုပေးထားလိုက်ပါဦးမည်။ သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပြောစကားများအတွင်း ထပ်မံသတိပြုမိသည့် အရေးအကြီးဆုံးအချက်မှာ မလုံခြုံစိတ်ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ကိန်းဂဏန်းများကို အတင်းအဓမ္မ ပြောင်းလဲပြောဆိုပြီး နိုင်ငံ့စီးပွားရေးသည် စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်သွားရခြင်းမဟုတ်၊ စစ်ကောင်စီသည် စီးပွားရေး တိုးတက်အောင် လုပ်နိုင်စွမ်းရှိသည်ဟူ၍ ဆိုနေခြင်းသည် ယုံချင်ယုံ မယုံချင်နေ လူရှေ့ထွက် ဟစ်ကြွေးနေသကဲ့သို့ ဖြစ်နေသည်။ 

စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံစီးပွားရေးကို ကြီးမားစွာရိုက်ခတ်ပြီး စီးပွားရေးသည် နာလန်မထနိုင်ဖြစ်နေသည်ကို နိုင်ငံတကာနှင့် ပြည်သူပြည်သားအများစုက ကောင်းစွာသိရှိပြီး ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။ 

ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာမှ အသိအမှတ်ပြုရသည့် အဖွဲ့အစည်းကြီးက မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်၌ ၁၈% ကျော် ကျဆင်းသွားခဲ့သည်ဟု အကိုးအကားဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။ အခြားကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) တို့ကလည်း စစ်အာဏာသိမ်းမှု၊ ကိုဗစ်နိုင်တင်းတတိယလှိုင်းကြောင့် အလုပ်အကိုင် သန်းချီ ဆုံးရှုံးသွားရသည်ကို ထောက်ပြပြီးဖြစ်သည်။

ထို့အတူ အထက်ပါအဖွဲ့အစည်းများက မြန်မာတွင် ဆင်းရဲမှုနှုန်း နှစ်ဆနီးပါး တိုးလာသလို လူသန်းပေါင်းများစွာမှာလည်း စားနပ်ရိက္ခာမဖူလုံမှုနှင့် ကြုံတွေ့နေရသည်ဟု ရေးသားထုတ်ပြန်ပြီးဖြစ်သည်။

မြန်မာ့စီးပွားရေးကျဆင်းရခြင်းသည် အာဏာသိမ်းမှု၏ကြီးမားသည့်ဆိုးကျိုး cost of coup ဟု ဆိုရမည်။

စီးပွားရေးမြို့တော် ရန်ကုန်၊ သာကေတမြို့နယ်အတွင်း စားအုန်းဆီဝယ်ယူရရှိရန် တန်းစီစောင့်ဆိုင်းနေရသည့် ပြည်သူများကို ၂၀၂၂ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

စစ်ခေါင်းဆောင်၏ အထက်ပါ ပြောစကားများအတွင်း ထပ်မံသတိပြုမိသည့် နောက်တစ်ချက်မှာ စစ်ဗိုလ်ချုပ်ကြီးများ၏ ကလေးဆန်မှုဖြစ်သည်။ မိမိကျူးလွန်ထားသည့် အပြစ်ကို ဝန်ခံရဲသည့် သတ္တိမရှိဘဲ သူများပေါ် အပြစ်ပုံချတတ်သည့် အကျင့်ဆိုးဖြစ်သည်။ 

၈၈ အရေးအခင်းနောက်ပိုင်း ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နဝတ/နအဖ ခေတ်တစ်လျှောက်တွင်လည်း ပြည်တွင်းပြည်ပရန်များကြောင့်သာ နိုင်ငံဖွံ့ဖြိုးမှု နှောင့်နှေးရခြင်းဟု နိုင်ငံပိုင်မီဒီယာများမှ အစဉ်အမြဲ ဝါဒဖြန့်ချိဖူးသည်။

လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း မိမိ၏အာဏာရှုးမှု၊ သမ္မတလုပ်လိုမှုကြောင့် မဆင်မခြင် ဆုံးဖြတ်လုပ်ဆောင်လိုက်သည့် အာဏာသိမ်းမှုကြောင့် စီးပွားရေး ဤမျှလောက် ကျဆင်းသွားရသည်ကို ဝန်ခံခြင်းမပြု။ ပြည်သူလူထုက ရွေးကောက်ပွဲမှာ တစ်ခဲနက် မဲပေးတင်မြှောက်ထားသည့် NLD အစိုးရကို အထောက်အထားမခိုင်လုံဘဲ အပြစ်ပုံချသည်မှာ အင်မတန်ရှက်စရာကောင်းလှပါသည်။ 

အမှန်စင်စစ် မြန်မာနိုင်ငံသည် ယခုကဲ့သို့ ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲမှုနှုန်းများသည့်နိုင်ငံအဖြစ် ကျရောက်နေရခြင်းမှာလည်း စစ်အစိုးရအဆက်ဆက်ကြောင့်သာဖြစ်သည်။ တိုင်းပြည်ကို တံခါးပိတ်ဝါဒကျင့်သုံးခြင်း၊ ဖွံ့ဖြိုးစ ပုဂ္ဂလိကကဏ္ဍကို လုံးဝပြိုလဲသွားအောင် ပြည်သူပိုင်သိမ်းခြင်းမှသည် ခရိုနီအရင်းရှင်စီးပွားရေးဝါဒ (သို့) စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူ လူတစ်စု ကောင်းစားရေးမူဝါဒများကြောင့် အိမ်နီးခြင်းနိုင်ငံများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေချိန် နိုင်ငံမှာတော့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးအဆင့် ကျရောက်ခဲ့ရသည်။ 

ယခုလည်း အသက်အရွယ်အားဖြင့် ဇရာပိုင်းရောက်နေပြီဖြစ်သည့် မင်းအောင်လှိုင်သည် မိမိကျူးလွန်ထားသည့် အပြစ် လျှော့ပေါ့စေရန်နှင့် ပျောက်ကွယ်သွားစေရန် ဖုံးဖိလို့မရမှန်း သိသိကြီးနှင့် NLD စိုးရအပေါ် ပုံချနေခြင်းသည် အင်မတန်ကလေးဆန်လှသည်။ 

သို့သော်လည်း လက်ရှိစစ်ကောင်စီသည် ယခင်စစ်အစိုးရများနှင့် မတူညီခြင်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံတကာဖွံ့ဖြိုးမှုအကူအညီများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများစွာနှင့် နိုင်ငံတကာကုမ္ပဏီကြီးများ နိုင်ငံအတွင်း ဝင်ရောက်လာမှုဖြစ်သည်။ 

ယင်းသို့ဝင်ရောက်လာမှုနှင့်အတူ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတော်ဘတ်ဂျက် အစရှိသည်တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များလည်း ပိုမိုပွင့်လင်းမြင်သာမှုရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုအချက်အလက်များကို စစ်ကောင်စီအနေဖြင့် ကွယ်ဝှက်၍မရနိုင် ဖြစ်နေသည်။

ယနေ့ အင်တာနက်ခေတ်၊ ဂြိုလ်တုဆက်သွယ်ရေးစနစ် ထွန်းကားသည့်ခေတ်မှာ မြေပြင်အခြေအနေများကို ကွယ်ဝှက်ထားရန် မဖြစ်နိုင်တော့ဆိုသည်ကို စစ်ကောင်စီက နားမလည်သည်လား မသိ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဂြိုဟ်တုမှရိုက်ထားသည့်ပုံများ မကြာခင်က ထွက်လာသည်။ ညပိုင်းအချိန်များတွင် မြန်မာနိုင်ငံနေရာအတော်များများ အမှောင်ထု ဖုံးလွှမ်းနေသည်ကို ထိုပုံများတွင် တွေ့နိုင်သည်။

စစ်ခေါင်းဆောင်က အချက်အလက်မှန်များကို မည်မျှပင် ဖုံးကွယ်၍ နေပါစေ လက်တွေ့တွင် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် အမှောင်ခေတ်ထဲသို့ တိုးဝင်သွားခဲ့ရခြင်းသာ ဖြစ်သည်။ ထိုအချက်အလက်များကို စစ်ကောင်စီ ကွယ်ဝှက်၍မရနိုင်။ NLD အစိုးရနှင့် ယှဉ်၍ မရနိုင်သလို၊ အပြစ်ပုံရန်လည်း မဖြစ်နိုင်ခြေ။ 

အထက်ပါ ပြောစကားများအတွင်း နောက်ထပ်သတိပြုမိသည့် အချက်မှာ မိမိတို့ဗိုလ်ချုပ်ကြီးများက တိုင်းပြည်ကို ပိုမိုတိုးတက်အောင် လုပ်နိုင်စွမ်းရှိကြောင်း စစ်ခေါင်းဆောင်က တင်ပြလိုဟန် ရှိသည်။ 

အသွင်ကူးပြောင်းရေးကာလစတင်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတသက်တမ်း ၅ နှစ်တာအတွင်း ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းသည် ပျမ်းမျှ ၇.၈% ရှိခဲ့ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းမှာလည်း သိပ်တော့ ထူးဆန်းသည်မဟုတ်။ ယခင်စစ်အစိုးရခေတ် အသွင်ကူးပြောင်းရေးမစတင်ခင် ၂၀၁၀ ခုနှစ် ဂျီဒီပီသည် ဒေါ်လာ ၄၀ ဘီလီယံပင် မရှိ။

ထိုစဉ်က မိုဘိုင်းဖုန်းတစ်လုံးကိုပင် ကျပ်သိန်း၂၀-၂၅ သိန်း ပေးနေခဲ့ရာမှ ပုဂ္ဂလိကမိုဘိုင်းဖုန်းကုမ္ပဏီများခွင့်ပြုခြင်း လူစီးကားများ ပြန်လည်တင်သွင်းခွင့်ပြုခြင်း၊ ဥရောပသမဂ္ဂအပါအဝင် အနောက်အုပ်စု၏ အရေးယူဒဏ်ခတ်မှုများ ရုပ်သိမ်းခြင်းနှင့်အတူ အထည်ချုပ်စက်ရုံများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာဖွံ့ဖြိုးမှုအကူအညီများ စတင်ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။ 

တစ်နည်းအားဖြင့် စစ်အစိုးရလက်ထက် တမင်တကာ ပိတ်ပင်တားမြစ်ထားမှုများကို ဖြေလျှော့လိုက်ခြင်းဖြင့် quick wins ဟု ခေါ်ဆိုသည့် အလွယ်တကူ ဆွတ်ခူးနိုင်သည့်အရာများ မြန်မာက ရရှိခြင်းကြောင့် ဖြစ်သည်။

NLD လက်ထက်မှာ ဖွံ့ဖြိုးမှုနှုန်း ကျဆင်းသွားသည်ဆိုသည်မှာ မှန်ကန်သော်လည်း ယင်းပြောသလို ၃.၅% ထိ ကျဆင်းသွားသည်ဆိုသည်မှာတော့ မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်းသာ ဖြစ်သည်။ NLD စတင် အာဏာရယူသည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၆.၅% ရှိခဲ့သည်။ ကိုဗစ်-၁၉ကပ်ဘေး စတင်ကျရောက်သည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှလွဲ၍ (၁.၇% ထိ ကျဆင်းမည်ဟု ခန့်မှန်းသည်) စီးပွားရေးတိုးတက်မှုနှုန်းမှာ ၆% အထက်မှာတော့ ရှိခဲ့သည်။ 

NLD အစိုးရလက်ထက် စီးပွားရေးမူဝါဒများကို လေ့လာကြည့်လျှင် မေခရိုစီးပွားရေးတည်ငြိမ်မှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု (အထူးသဖြင့် လျှပ်စစ်ကဏ္ဍ) ၊ ဘဏ္ဍာငွေအရအသုံး စီမံခန့်ခွဲမှု ပိုမိုတိုးတက် ကောင်းမွန်လာရေး၊ အလေ့အလွင့်လျော့နည်းလာအောင် လုပ်ဆောင်ခြင်းနှင့် အဂတိလိုက်စားမှု ပပျောက်စေရေးတို့ကို ဦးစားပေးလုပ်ဆောင်သည်ကို တွေ့ရသည်။ 

စီးပွားရေးအဆောက်အအုံ ခိုင်မာတောင့်တင်းအောင် အုတ်မြစ်ကောင်းချရာတွင် NLD အစိုးရကို ဝေဖန်စရာမှာ ကြန့်ကြာမှု ဖြစ်သည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် မူဝါဒကောင်းများပေါ်ထွက်လာပြီး ပြုပြင်ပြောင်းလဲမှုများ အရှိန်ရလာသည်ကို တွေ့ရသည်။ 

ဥပမာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ စီမံကိန်းဘဏ် အစရှိသည်တို့သည် အဓိကလုပ်ဆောင်ချက်များဖြစ်သလို ဘတ်ဂျက်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် Extractive Industry Transparency Initiative (EITI) အဖွဲ့ဝင်ဖြစ်လာရန်အတွက် သံယံဇာတထုတ်ယူမှုကဏ္ဍတွင် လုပ်ဆောင်နေကြသည့် ပုဂ္ဂလိကကုမ္ပဏီများ၏ အစုရှယ်ယာဝင်များစာရင်း ဖွင့်ချပြသရန် လိုအပ်လာမှု (Beneficiary Ownership) တို့၌ တိုးတက်လာသည်ကို တွေ့ရသည်။ 

NLD အစိုးရ၏ အအောင်မြင်ဆုံးမှာ ပြည်သူလူထုအများစုက ယင်းတို့လက်ထက်တွင် လူနေမှုအဆင့်အတန်း မြင့်မားလာသည်၊ အားလုံးမျှဝေခံစားနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ခံစားရသည်ဟူသော ခံစားချက်ဖြစ်သည်။ ခရီးသွားသည့်အခါ လမ်းတံတားများ ပိုမိုကောင်းမွန်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသည်။

မန္တလေးမြို့တော်ဆိုလျှင် သိသာထင်ရှားစွာ ပြောင်းလဲသွားသည်ကို မည်သို့မျှ ငြင်းလို့မရ။ မြို့တော်ဝန်ကို အများပြည်သူက ချီးကျူးထောမနာပြုကြသည်။ လျှပ်စစ်မီး ပိုမိုမှန်ကန်စွာရရှိလာပြီး မြို့ကြီးအတော်များများတွင် ညဘက်ဆိုလျှင် လမ်းမီးတိုင်များ ထိန်ထိန်လင်းလျက်ရှိသည်။ 

ဘတ်ဂျက်အလေအလွင့်နည်းမှု၏ အကျိုးကျေးဇူးများဖြစ်သည်။ ဘက်ပေါင်းစုံမှ ပြင်းထန်စွာဝေဖန်ခံရသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တိုင်းဒေသကြီးအစိုးရ လုပ်ဆောင်ချက်များတွင်လည်း ဝိုင်ဘီအက်စ် (YBS) ဘတ်စ်သယ်ယူပို့ဆောင်ရေးစနစ်ကို ခရီးသွားပြည်သူများက နှစ်ခြိုက်သဘောတွေ့ကြသည်။ ယခင်ကထက် အေးဆေးသက်သာစွာ ခရီးသွားလာရသည်ဟု ဆိုကြသည်။ ရေရှည်တည်တံ့ရန်အတွက် ဝေဖန်စရာများရှိသော်လည်း သာမန်ပြည်သူများက ကြိုဆိုထောက်ခံကြသည်။

လျှပ်စစ်မီးမလာ၍ ရေတင်မရသဖြင့် လှူဒါန်းသည့် ယာဉ်ရောက်လာချိန်တွင် ရေအတွက် တန်းစီနေရသည့် ရန်ကုန်မြို့ခံများကို ၂၀၂၂ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar Now

စီးပွားရေးကောင်းခြင်း မကောင်းခြင်းသည် ကွယ်ဝှက်ထား၍ရသည့်အရာ မဟုတ်ချေ။ 

စီးပွားရေးကောင်းခြင်း မကောင်းခြင်းသည် ကိန်းဂဏန်းများက ဖော်ပြသည်မဟုတ်။ ညအချိန် မီးမှောင်နေခြင်း၊ စားသုံးကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် (၂၀၂၂ ခုနှစ်ဇွန်လထိ ငွေဖောင်းပွနှုန်း ၁၉.၄% ရှိသည်ဟု သိရပြီး နောက်ပိုင်းအချက်အလက်များ မရရှိခြင်းကြောင့် ဆက်လက်မဖေါ်ပြနိုင်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ နောက်ဆုံးထုတ်အစီရင်ခံစာတွင် ဖေါ်ပြထားသည်) ဈေးဝယ်သူများ၏ ညည်းညူသံများ၊ အရောင်းအဝယ်မကောင်း အလုပ်အကိုင်မရှိခြင်းကြောင့် ဝင်ငွေမရှိစိတ်ဓာတ်ကျဆင်းနေသူများမှသည် ယုတ်စွအဆုံး သေကြောင်းကြံစည်မှုများ ပြားလာခြင်း၊ လုယက်မှု၊ လူသတ်မှုများကလည်း စီးပွားရေးကောင်းမကောင်းကို ဖော်ပြနေပါသည်။ 

သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းပြည်ကြီး မည်မျှတိုးတက်နေပါပြီ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၊ အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်အောင်မြင်နေပါပြီဟုပြောဆိုနေသည်။ 

မင်းအောင်လှိုင်၏ သွင်းကုန်များကို ပို့ကုန်များအဖြင့် ပြောင်းလဲပစ်မည်၊ လျှပ်စစ်ရထား လျှပ်စစ်ကားများ ထုတ်လုပ်လိုက်မည်ဟု မစားရဝခမန်း ကြွေးကြော်သံများကို ပြည်သူလူထု၏ ညည်းတွားသံများ၊ လျှပ်စစ်မီးမရရှိ၍ ဒီဇယ်မီးစက်များဖြင့် ရုန်းကန်နေရသည့် အသေးစားအလတ်စားလုပ်ငန်းများ၏ စိတ်ပျက်လက်ပျက်ပြောဆိုသံများက ဖုံးလွှမ်းလျက်ရှိပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button