သတင်း

ငါန်းဇွန်တွင် ကျောင်းဆရာတစ်ဦးအပါအဝင် သုံးဦး အဖမ်းခံထားရ

ယခုလ ၁၅ ရက်က မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် ကျောင်းဆရာတစ်ဦးနှင့် အခြားရွာသားနှစ်ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာကို စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။​

“ရွာသားတွေက ပြေးကြတာပေါ့ဗျာ။ သူတို့က မပြေးကြနဲ့ ပြောပေမဲ့ တကယ်မိရင် ကျတော့လည်း လုပ်( ဖမ်းဆီးနှိပ်စက်) တာများတော့ အားလုံးက ကြောက်ကြတော့ ပြေးကြတာ။ သူတို့က လိုက်ဖမ်းရင်းနဲ့ ၃ ယောက်မိသွားတာပဲ။ တိုက်ပွဲဖြစ်တာ မရှိဘူး။ အလွတ်ဖမ်းသွားတာ” ဟု သူက ဆိုသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ ထိုရွာမှ မူလတန်းပြကျောင်းဆရာ ကိုအောင်မျိုး၊ ကိုနွဲ့နှင့် ကိုဇော်ဝင်းမောင် ဆိုသူတို့ဖြစ်ကာ သက်လတ်ပိုင်းအရွယ်များဖြစ်သည်ဟု သိရသည်။ ၎င်းတို့သုံးဦးကို စစ်တပ်က မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရပေ။

“ဖြစ်နိုင်ခြေက ငါန်းမြာမှာ တပ်ထိုင်ထားတာရှိတော့ ခေါ်သွားနိုင်တယ်။ ငါန်းဇွန်နဲ့ ငါန်းမြာကြားထဲမှာ သားကျင်လို့ခေါ်တဲ့ ရွာကြီးရှိတယ် အိမ်ခြေ ၁၀၀၀ လောက်ရှိတယ် (စစ်သား) အင်အား ၁၀၀ လောက် ထိုင်ထားတယ်။ အဲဒီ၂ နေရာကို ခေါ်သွားနိုင်ခြေရှိတယ်” ဟု ငါန်းဇွန်းဒေသခံ အမျိုးသားက ပြောသည်။

ငါန်းစွန်မြို့နယ်နှင့် ဧရာဝတီမြစ်သာခြားသည့် စစ်ကိုင်းတိုင်း မြင်းမူနှင့် မြောင်မြို့နယ်တို့တွင် ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိသည်။

မြစ်တစ်ဘက်ကမ်းတွင် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပါက ငါန်းဇွန်နှင့် ငါန်းမြာ ဒေသတစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလေ့ရှိသည်ဟု သိရသည်။

“စစ်ရေးအရ ဒီဘက်ကူးလာနိုင်ခြေရှိတဲ့အခါ ကာပေးတဲ့သဘောပေါ့။ မြောင်ဘက်မှာ တစ်ခုခုလှုပ်ရှားမယ်ဆို မြစ်ကမ်းစပ်တစ်ဝိုက် မွှေလေ့ရှိတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

“စစ်ဆေးပြီးရင် PDF လို့ စွပ်စွဲပြီး အမှုဆင် ဖမ်းမိတယ် ဘာညာပေါ့။ မဟုတ်ရင်လည်း ငွေပေးပေါ့ လွှတ်ပေးတယ်။ ခုထိတော့ ပြန်လွတ်မလာသေးဘူး”

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိ ဒေသများတွင် ကျေးရွာများကို စစ်သားများက စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံများကို ကာကွယ်ရေးအဖွဲ့များ၏သတင်းများ ဖမ်းဆီးစစ်ဆေးခြင်း၊ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် လမ်းပြခိုင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ပြီးနောက် မိသားစုထံမှ ငွေညှစ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာတွင် အိမ်ခြေ ၂၇၅ နှင့် လူဦးရေ ၁၀၇၇ ဦးရှိသည်။ ဒေသခံများမှာ တံငါအလုပ်၊ တောင်သူနှင့် အုတ်ဖုတ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button