သတင်း

ဆားလင်းကြီးတွင် စစ်ကြောင်းထိုးပြီး ရွာ ၄ ရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းနှင့် ကပ်လျက် တည်ရှိနေသည့် ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဇန်နဝါရီ ၁၂ တွင် ပိုင်းတောင့်ကြီးနှင့် ကျောက်မှော်ရွာ၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖောင်းကထာရွာနှင့် ကျောက်ဖြူတောင်ရွာတို့ကို အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်က စီးနင်းစဉ် ထိုသို့ ဖျက်ဆီးခဲ့သည်ဟု Salingyi GZ အဖွဲ့မှ ကိုပန်ကာက ဆိုသည်။

ပိုင်းတောင့်ကြီးရွာနှင့် ကျောက်မှော်ရွာကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောင်းကထာရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားခဲ့သည်၊ ထိုသို့ တပ်စွဲထားစဉ် တိုက်ပွဲဖြစ်ရာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးသည်၊ စစ်ကောင်စီဘက်တွင်လည်း ထိခိုက်မှုများလည်း ရှိခဲ့ကြောင်း ကိုပန်ကာက ဆိုသည်။

“ဖောင်းကထာရွာထဲကို ဝင်ပြီး မီးငြှိမ်းတော့ သူတို့ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဆေးကုထားတဲ့ သွေးကွက်တွေ၊ ပတ်တီးလိပ်တွေ အကုန်တွေ့တယ်။ ဒီမနက်မှာ သူတို့ ကျောက်ဖြူတိုင်ဘက်က တက်သွားပြီးတော့ မီးရှို့တယ်” ဟု ၎င်းက ယနေ့ (ဇန်နဝါရီ ၁၃) မွန်းလွဲပိုင်းတွင် ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဖြူတိုင်ရွာကို မီးရှို့ပြီးနောက် ဝမ်ပေါင်ကြေးနီစီမံကိန်းဧရိယာအတွင်း ဝင်ရောက်သွားသည်ဟု သိရသည်။

ရွာလေးရွာ မီးရှို့ခံရပြီးနောက် ထိခိုက်ပျက်စီးသွားသည့် အိမ်ခြေအရေအတွက်ကိုမူ အတိအကျ မသိရသေးသော်လည်း ဖောင်းကထာရွာတွင် ထိခိုက်ပျက်စီးမှု များပြားသည်ဟု Salingyi GZ အဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်ရန်ကြောင့် ဆားလင်းကြီးမြောက်ပိုင်းကျေးရွာများဖြစ်သည့် ဗိုင်းတောင့်ကြီး၊ ကျောက်မှော်၊ ဥသျှစ်ပြာ၊ ဖောင်းကတာ၊ ထန်းပု၊ ထန်းဇင်၊ ဇီးတော၊ ဆည်တဲ စသည့် ကျေးရွာများမှ ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဒီဇင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံအဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁.၅ သန့်ခန့် ရှိပြီး ယင်းတို့အထဲတွင် စစ်တပ် အာဏာသိမ်းပြီးနောက် မလုံခြုံမှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးရသူ ၁.၁ သန်းကျော် ပါဝင်နေသည်။

ဆားလင်းကြီးမြို့နယ်ပြ မြေပုံ

ဇန်နဝါရီ လဆန်းပိုင်းတွင် ချင်းတွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားအပြီး စစ်တပ်ဘက်က အထိနာခဲ့ခြင်းကြောင့် မြစ်ကမ်းဘေး ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဒေသခံကာကွယ်ရေး အဖွဲ့များက ခန့်မှန်းထားသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံကြရာ ထိုအထဲတွင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။

နာမည်ကျော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတည်ရှိရာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများသည် စစ်ကောင်စီကို ဆန့်ကျင်မှုကြောင့် မကြာခဏဆိုသလို မြေလှန်မီးရှို့ခံရလေ့ရှိသည်။

နေအိမ်များမီးရှို့ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းတို့နှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက သတင်းအမှောင်ချထားသည်။ ယခင်ကမူ မီးရှို့မှုမှာ ၎င်းတို့နှင့် မဆိုင်ဟု ပြောဆိုခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button