သတင်း

ဧရာဝတီမြစ်ဘေးရွာများကို စစ်တပ် ဝင်ပစ်၊ ဝက်လက်ဒေသခံများ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများကို ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်နေ၍ အနည်းဆုံး ကျေးရွာ ၁၃ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

မတ္တရာမြို့နယ်ဘက်မှ လာသော စစ်ကောင်စီတပ်များက မြစ်အတိုင်း ဆန်တက်လာခဲ့ပြီး မြစ်လယ်ကျွန်းရွာများအား ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သလို စက်လှေများဖြင့် မြစ်ကြောင်းအတိုင်း ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ဇန်နဝါရီ ၁၁ ညနေကတည်းက စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းရွာများဖြစ်သည့် မြစိမ်း၊ ရွာသာယာ၊ လက်ပံ ကုန်း၊ ပေါက်ကုန်း၊ ဆင်ကျွန်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီတပ် ရန်ကြောင့် ဒေသခံတို့ ရာထောင်ချီ ထွက်ပြေးရသည့် မြစ်ကမ်းဘေးရွာများမှာ ငါးပတ်ချောင်း၊ ကူကြီး၊ သစ်ဆိမ့်၊ လှေပို့ဆိပ်၊ ရေဂမိုး၊ ရွာသစ်၊ ရှားကွဲ၊ ထုံးဘို၊ ရွာသာ၊ မှော်ဦး၊ ကမ်းဖြူ၊ ရေလည်မှော်၊ သရက်ပင် စသည့်ရွာများဖြစ်သည်ဟု ရွာခံများက ပြောသည်။

“တစ်ညလုံး တောထဲပဲ၊ အေးလိုက်တာလည်း ပြောမနေနဲ့၊ (ရွာထဲ) ဝင်တာ မဝင်တာ နောက်ထား၊ အန္တရာယ်ကင်းအောင်တော့ ရှောင်ကြရတာပါပဲ။ ညနေလောက်ကတည်းက သေနတ်သံတွေ အသံတွေ ကြားနေရတာ၊ ညနက်တော့ တဂျိမ်းဂျမ်းပစ်ပြီဆိုတော့ ရွာကို ဝင်ပြီပဲ ထင်တာလေ။ သူတို့ (စစ်တပ်) မဝင်ခင် ရှောင်ရတာပေါ့” ဟု သစ်ဆိမ့်ရွာသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေကြရသည့် ကျေးရွာများသည် အိမ်ခြေ ၁၅၀ ခန့်မှ ၃၀၀ ခန့်အထိ အသီးသီးရှိကြပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတို့သည် ဘေးလွတ်မည်ယူဆရသည့် တောတောင်များထဲသို့ ပြေးပုန်းကြရခြင်း ဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့အား ခင်ဦးမြို့နယ်အတွင်း ယမန်နှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)

ဒေသခံကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော Acid Local PDF ခေါင်းဆောင် ကိုဟယ်ရီက ရေလယ်ကျွန်းရွာများတွင် စစ်တပ်က နေရာယူထားကြောင်း ပြောသည်။

“ညနက်ချိန်မှာ လက်နက်ကြီးတွေ တရစပ်ပစ်၊ လက်နက်ငယ်တွေ၊ (ကျည်) ဘောက်ကုန် ဆွဲပြီး ပစ်နေတော့ ရွာတွေထဲကို ဝင်ပြီဆိုပြီး ပြေးကြရတာပေါ့။ အခုက ရေပေါ်ရွာတွေထဲကို နေရာယူထားတာ၊ စစ်ကြောင်းထိုးမယ်လို့ ထင်တယ်၊ လေကြောင်းကနေ တိုက်ခိုက်မယ်လို့လည်း သတင်းတွေ ကြားနေရတယ်” ဟု သူက ဆိုသည်။

လက်ရှိတွင် ရေလယ်ကျွန်းရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် စက်လှေတချို့ဖြင့် မြစ်ကြောင်းအတိုင်း လိုက်လံပစ်ခတ်ခဲ့သော်လည်း မြစ်ကမ်းဘေးကျေးရွာများဘက်သို့ ကူးလာခြင်းမရှိသေးကြောင်း သိရသည်။

စစ်သားတို့က အရပ်သားများကို ပစ်ခတ်သည်ဆိုသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိသူတို့၏ တုံ့ပြန်ချက် ရရှိရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က ယမန်နှစ်အတွင်းကလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ စီးနင်းခဲ့ပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း မျိုးစုံဖြင့် ထိုးစစ်ဆင်ခဲ့သည်။

ယခုတွင်လည်း မန္တလေး၊ မတ္တရာမြို့နယ်အတွင်းရှိ အခြေစိုက်တပ်များက ဝက်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်နှစ် ဇန်နဝါရီအတွင်း ဝက်လက်မြို့အရှေ့ဘက် ၁၀ မိုင်အကွာ ညောင်ပင်ကြီးတောရွာအနီးရှိ ရက္ကန်းတောင်ဘုန်းကြီးကျောင်းဝန်းကျင်သို့ စစ်သားအင်အား ၅၀ ခန့်က စစ်ရဟတ်ယာဉ်များနှင့် ရောက်လာပြီး စီးနင်းခဲ့သလို လေကြောင်းမှလည်းပစ်ကူခဲ့သည်။

အလားတူ ယမန်နှစ် အောက်တိုဘာတတိယပတ်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ PDF သင်တန်းကျောင်းတစ်ခုကို တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi 35) ၂ စီး၊ တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်ဗုံးကြဲခဲ့ရာ PDF ၃ ဦး၊ ပြည်သူ ၃ ဦး သေဆုံး၍ လက်နက်အချို့ ဆုံးရှုံးခဲ့သည်။

ဝက်လက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင်တပ်ရင်း ၃ ခု အနည်းဆုံး အခြေစိုက်သလို ကာကွယ်ရေးအဖွဲ့များ အားကောင်းသည့်အတွက် မကြာခဏ စစ်ကြောင်းထိုးခံနေရသော ဒေသတစ်ခု ဖြစ်သည်။

အလားတူ ကာကွယ်ရေးအဖွဲ့များကလည်း ရွှေဘို-မန္တလေးကားလမ်းတစ်လျှောက်နှင့် စစ်ကိုင်း၊ မန္တလေးဘက်မှ မြန်မာပြည်အထက်ပိုင်းသို့ ထောက်ပံ့ပို့ဆောင်ရေးလုပ်သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button