သတင်း

အမှတ်အများဆုံးရ ကျောင်းသူအမည်ဖြင့် ကံစမ်းမဲဖောက်ပေးမည်ဟု ဆိုသော Facebook ပေ့ချ်အတုများ ပေါ်ပေါက်

(ရန်ကုန်) ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံး ရရှိခဲ့သည့် ကျောင်းသူ မသင်းမြနွေး၏အမည်ဖြင့် ပေ့ချ်(Facebook Page) အတု သုံးခု လူမှုကွန်ရက်စာမျက်နှာတွင် ပေါ်ပေါက်နေပြီး ကံစမ်းမဲဖောက်ပေးမည်ဟု ဆိုထားသည်မှာ ၎င်းတို့ အမှန်တကယ် ကြော်ငြာထားခြင်းမဟုတ်ဟု ကာယကံရှင်မိသားစုက

ဇွန်လ ၄ ရက်နေ့တွင် ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံးရရှိသူ “Thin Mya Nway” အမည်ရှိ ဖေ့ဘွတ်ခ် ပေ့ချ်တစ်ခု ဇွန်လ ၂ ရက်နေ့က စတင်ပေါ်ပေါက်ခဲ့ပြီး လိုက်ခ်လုပ်သူ ၃၅၀၀၀ ကျော်ရှိခဲ့ပြီး ဖော်လိုပြုလုပ်သူ ၃၆၀၀၀ ကျော်ခန့် ရှိခဲ့သည်။ နောက်ထပ် အလားတူ ပေ့ချ်အတုနှစ်ခုလည်း ထပ်မံပေါ်ပေါက်ကာ အလားတူ ကြော်ငြာအတုများဖြင့် ဆွဲဆောင်မှုများ ရှိနေသည်။

ယင်းပေ့ချ်များတွင် “သမီးက The Whole Burma First ရထားတဲ့သူပါ တစ်နိုင်ငံလုံးပထမရလို့ ဝမ်းသာတဲ့အနေနဲ့ ငွေဖြည့်ကတ်တွေ မဲဖောက်ပေးချင်လို့ပါ (1) Page ကို Like & Share လုပ်ပါ (2) မူရင်းပို့စ်အောက်မှာ ဖုန်းနံပါတ်ရေးပေးခဲ့ပါ။ (ဒါမှ ငွေဖြည့်ပေးလို့ရမှာပါ)” ဆိုသည့် စာရေးသားကာ မသင်းမြနွေး၏ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ယင်းပို့စ်အောက် လိုက်ခ်ပြုလုပ်သူ ၆၀,၀၀၀ ကျော် ရှိခဲ့ပြီး ပြန်လည် မျှဝေသူ ၅၀,၀၀၀ ကျော် ရှိခဲ့သည်။ ပို့စ်အောက်တွင် ဖုန်းဘေလ်ကံစမ်းမဲအတွက် ဖုန်းနံပါတ်များ ဝင်ရောက်ရေးသားသူ အများအပြားရှိနေသည်။

ယင်းနှင့်ပတ်သက်ပြီး မသင်းမြနွေးမိသားစုက အရေးယူခြင်းတစ်စုံတစ်ရာ ပြုလုပ်မည်မဟုတ်သော်လည်း စိတ်မကောင်းကြောင်း ဆိုသည်။

“ဖေ့ဘွတ်မှာ ကြံ့ခိုင်ရေးမျိုးဆက်သစ်တို့၊ ဖုန်းဘေလ်မဲဖောက်ပေးမှာတို့ ဒီလိုမျိုးတွေတင်ထားတယ်လို့ သမီးကတော့ ပြောတယ်။ အန်တီတို့ကတော့ ဘယ်လိုမှ ရှင်းသွားမှာမဟုတ်ဘူး။ ဒါတွေကလည်း ဖြစ်တဲ့အချိန်ခဏလောက်ပဲဆိုတော့ သူ့ဘာသာ ငြိမ်သွားမှာပါပဲ” ဟု မသင်းမြနွေး၏မိခင် ဒေါ်ခင်ဌေး က Myanmar Now ကို ပြောသည်။

ယခင်ကလည်း နာမည်ကျော် အနုပညာရှင်များ၏ နာမည်ဖြင့် ပေ့ချ်အတုပြုလုပ်မှုများဖြင့် Like နှင့်Share တက်စေရန် လိမ်ညာကြော်ငြာခြင်းများရှိခဲ့ရာ အစိုးရအနေဖြင့် ရုပ်မြင်သံကြားနှင့် သတင်းစာများမှတစ်ဆင့် လူထုသို့ အသိပညာပေးမှုများ ပြုလုပ်သင့်ကြောင်း အကြံပြုပြောကြား သည်။

လူမှုကွန်ရက်ဖေ့ဘွတ်ခ်သုံးစွဲသည့် ပြည်သူများအနေဖြင့်လည်း လိုက်ခ်မပြုလုပ်မီ၊ ပြန်လည်မမျှဝေမီ ပေ့ချ်အစစ်၊ အတု ခွဲခြား ကြည့်ရှုသင့်သည်ဟု ဆိုသည်။

ယင်းသို့ ဖေ့ဘွတ်ခ်ပေ့ချ်အတုများ ဖန်တီးပြုလုပ်ပြီး Like & Share အရေအတွက် သတ်မှတ်ကာ စီးပွားရေးလုပ်ငန်းရှင်များသို့ ပြန်လည်ရောင်းချမှုများ ရှိနေသည်ဟု IT (နည်းပညာကျွမ်းကျင်သူ) ဦးကြည်သာမောင်က Myanmar Now ကို ပြောသည်။

“အကျိုးအမြတ်က သူတို့က လိုက်ခ် (Like) နဲ့ဖော်လိုဝါ (Follower) များရင် ပြန်ရောင်းစားလို့ရတယ်။ သိန်းဂဏန်းလောက် ရောက်ရင်ကို ရောင်းစားလို့ရပြီ။ ငါးသိန်းကျော်နဲ့ တစ်သန်းကြားဆို သူတို့ရောင်းစားလို့ရပြီ၊ အဲ့ဒါကြောင့် သူတို့က ဒါနဲ့မျှားလိုက်တဲ့သဘောပေါ့။ အရင်ကလည်း mpt တို့ ooredoo တို့မှာလည်း ဘယ်နှနှစ်ပြည့်မို့လို့ ဆိုပြီး i-Phone မဲဖောက်ပေးမယ်ဆိုတဲ့ ပေ့ချ်အတုတွေနဲ့ အခါခါ လိမ်တာရှိခဲ့ဖူးတယ်” ဟု ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များ၊ ယင်းပေ့ချ်ကို ထုတ်ကုန်တစ်ခုကြောင့် အသုံးချမည့်သူများက ယင်းကဲ့သို့ ဖော်လိုဝါ များသော ပေ့ချ်များကို ဝယ်ကာ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ပြန်လည်အသုံးချမှုများ၊ သတင်းစာမျက်နှာများမှ သတင်းများကို ပြန်လည်ကူးယူကာ ၎င်းတို့ပေ့ချ်တွင် ပြန်လည်ဖော်ပြမှုများရှိကြောင်း သူက ဆက်ရှင်းပြသည်။

“တချို့ကတော့ (ရောင်းကုန်) တစ်ခုခုရှိတယ် အဲ့ဒီအတွက် ပေ့ချ်ကို အခုမှမဖွင့်ဘဲ ဖော်လိုဝါ (follower) ငါးသိန်းလောက်ရှိတဲ့ ပေ့ချ်ကို သူတို့က ဝယ်လိုက်တယ်။ အွန်လိုင်းမှာ မီဒီယာတစ်ခုအနေနဲ့ ဝါဒဖြန့်ချင်တာ မျိုးရှိမယ်။ အဲ့ဒီလိုလူမျိုးတွေ ဝယ်တာများမယ်။ တချို့သတင်းခိုးဝက်ဆိုက်တွေက သူများသတင်းကိုမှ copy လုပ်ပြီး instant article လုပ်ပြီး ပြန်တင်တာမျိုးရှိတယ်။ ပို့စ်တွေလိုက်ပြီး ကူးပြီး သူတို့ကဖော်ပြရင် ပိုက်ဆံရတယ်” ဟု ဆိုသည်။

ပေ့ချ်အစစ်များတွင် ပေ့ချ်အမည်ဘေးတွင် Blue Mark (အပြာအမှတ်) ကလေး ပါရှိမည်ဖြစ်ပြီး ပေ့ချ်အောက်သို့ တင်ထားသည့် ပို့စ်အရေအတွက်ကို ကြည့်ခြင်းဖြင့်လည်း အတု၊အစစ် ခွဲခြားနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

Show More

Related Articles

Back to top button