သတင်း

ကန့်ဘလူနှင့် ဒီပဲယင်းတွင် စစ်ကြောင်းဝင်၊ ၃ ရက်အတွင်း ၇ ဦး သတ်ခံရ

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူနှင့် ဒီပဲယင်း မြို့နယ်များတွင် စစ်ကောင်စီတပ် ဝင်သည့် ရက်ပိုင်းအတွင်း ဒေသခံ ၇ ဦး သတ်ဖြတ်ခံရသည်။

ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အတွင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၁ ရွာ၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်အစပ်ရှိ ဒေသများသို့ စစ်ကောင်စီတပ် စီးနင်းခဲ့ခြင်း ဖြစ်သည်၊ သေဆုံးသူများထဲတွင် အသက် ၆၀ ဝန်းကျင်နှင့် ၈၀ ဝန်းကျင်ကြား အမျိုးသားသုံးဦးပါဝင်သည်။

ဇန်နဝါရီ ၆ တွင် ကန့်ဘလူမြို့မှ ထွက်လာသည့် အင်အား ၁၀၀ ပါ စစ်ကြောင်းသည် အရှေ့မြောက်ဘက် ၉ မိုင်ဝန်းကျင်အကွာရှိ ထန်းပင်ကုန်းရွာကို ဝင်ရောက်လာသည်၊ ဒေသခံများ တိမ်းရှောင်နေသည့် တောများအတွင်းသို့ပါ စီးနင်းခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

စစ်ကြောင်းပြန်ထွက်သွားပြီး နောက်တစ်ရက် (ဇန်နဝါရီ ၇) တွင် ထန်းပင်ကုန်းရွာထဲ၌ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အသက် ၃၀ အရွယ် ကိုညီညီ၊ ယမန်နေ့ (ဇန်နဝါရီ ၁၀) က ရွာအနီး တောထဲ အသက် ၅၈ နှစ်အရွယ် ဦးထွန်းလှတို့၏ အလောင်းများကို ရှာတွေ့ကြောင်း ထန်းပင်ကုန်းရွာသားတစ်ဦးက ပြောသည်။

“(ဦးထွန်းလှကို) တောထဲက ကောက်ရိုးပုံပေါ် တင်ပြီး မီးရှို့ထားတာ။ လက်ပြန်ကြိုးတုပ်ပြီးတော့၊ ကြိုးတွေ ဘာတွေတော့ မရှိတော့ဘူး။ မှောက်ခုံရှို့တာဆိုတော့ ကျောမှာ နွားချည်တဲ့ကြိုးဆိုတော့ ဒလက်ကွင်း (ကြိုးဆက်သံကွင်း) တွေ ကျန်ခဲ့တာ။ ထွန်စက်တွေရော ဆိုင်ကယ်တွေပါ မီးရှို့သွားတာ” ဟု ရုပ်အလောင်းကို ကိုယ်တိုင်မြင်ခဲ့ရသည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူ နှစ်ဦးမှာ ၎င်းတို့ရွာနှင့် အနောက်ဘက် သုံးမိုင်အကွာ ကြာတကန်ရွာသားများဖြစ်ကြောင်း ထန်းပင်ကုန်းရွာသားက ပြောသည်။

ဇန်နဝါရီ ၉ တွင် ထိုစစ်ကြောင်းက ကန့်ဘလူမြို့နယ်အတွင်းရှိ ပင့်သာကျေးရွာအနီး တောင်ယာတောတွင် ဒေသခံနှစ်ဦး၊ ရှမ်းကုန်းကျေးရွာအနီး တောထဲတွင် ဒေသခံတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထိုသူတို့၏ ရုပ်အလောင်းကို ရွာနှင့် ခြောက်မိုင်အကွာ တောထဲတွင် ယမန်နေ့ (​ဇန်နဝါရီ ၁၀) တွင် ရှာတွေ့ကြောင်း ပင့်သာရွာ ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရုပ်တွေကတော့ မပီသတော့ဘူး။..ဦးခေါင်းခွံတွေနဲ့ ပုဆိုးစလေးတွေပဲ ကျန်တာ၊ ကျန်တာတွေတော့ ဘာမှမရှိတော့ဘူး၊ အကုန်လုံးကို မီးရှို့သတ်သွားတာပဲ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူတို့မှာ ပင့်သာကျေးရွာမှ ညီအကိုအရင်းဖြစ်သည့် ကိုဆန်းမြင့်အောင် (၂၇နှစ်)၊ ကိုဘိုဘို (၃၀နှစ်) နှင့် ရှမ်းကုန်းရွာမှ ကိုမောင်ထွန်း (၃၀နှစ်) တို့ဖြစ်ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၁၁) တွင် ပင့်သာရွာအနီးတစ်ဝိုက်ရှိ တောတောင်များထဲတွင် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်သည့် နေရာအထိ လိုက်လံ တိုက်ခိုက်နေကြောင်း သိရသည်။

“ရွာသူရွာသားတွေက တောတောင်တွေထဲမှာ တိမ်းတာဆိုတော့ တောတောင်ထဲကို လိုက်ပြီး ဒုက္ခပေးနေတာ” ဟု အထက်ပါ ပကဖအဖွဲ့ဝင်က မှတ်ချက်ပြုသည်။

ကန့်ဘလူမြို့နယ်တောင်ဘက်၊ မူးမြစ်အနောက်ဘက်ကမ်းရှိ ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီ ၃ ရက်မှစ၍ ဝင်မွှေနေသည့် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းလက်ချက်ဖြင့် ကျေးရွာ ၁၁ ရွာမှ နေအိမ် ၄၀၀ ကျော် မီးရှုံခံရသည်။

ဒီပဲယင်းမြို့နယ် ဖြစ်စဉ်များထဲတွင် ဇန်နဝါရီ ၇ ရက်က မီးရှို့ခံရသည့် ဆပ်ပြာကျင်းရွာတွင် အသက် ၈၄ နှစ်အရွယ် ဦးဖိုးတာ၊ ဇန်နဝါရီ ၉ ရက် အင်တိုင်းလေးရွာ မီးရှို့မှုတွင် အသက် ၈၅ နှစ်အရွယ် ဦးဝန်မြတို့ မီးထဲပါသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အလောင်းကတော့ မီးလောင်ပြီး ရောင်ကိုင်းနေပြီ။ နေအိမ်တစ်လုံးထဲမှာ ထည့်ရှို့သွားတာ။ သူနေတဲ့ အိမ်တော့မဟုတ်ဘူး၊ ဘေးအိမ်ထဲ ထည့်ရှို့သွားတာ” ဟု ဦးဖိုးတာ၏ရုပ်အလောင်းကို မြင်တွေ့ခဲ့ရသည့် အသက် ၃၀ အရွယ် ဆပ်ပြာကျင်းရွာသားတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို သတ်ဖြတ်၊ အလောင်းဖျောက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

လက်နက်ကိုင်တော်လှန်ရေး ခုခံမှုအားကောင်းသည့် ဒေသများတွင် စစ်ကောင်စီက ဒေသခံကျေးရွာများကို ရွာလုံးကျွတ်မီးရှို့လေ့ရှိသဖြင့် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများမှာ အရှင်လတ်လတ် မီးလောင်သေဆုံးရမှုများ ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ပြည်သူပိုင်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများ၊ အသက်သေဆုံးမှုများမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။ သို့သော် ၂၀၂၀ မတိုင်မီ ရခိုင်ပြည်နယ်အတွင်း အလားတူ ကျူးလွန်မှုမျိုးဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီ အမှုရင်ဆိုင်နေရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းပင်ကုန်းရွာအတွင်း ဇန်နဝါရီ ၆ ရက်က စစ်ကြောင်းဝင်စဉ် သတ်ဖြတ်ခံရသူ ကိုညီညီ၏ ရုပ်အလောင်း။ ဓာတ်ပုံ-  ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button